2
ဧလိယကို ကောင်းကင်သို့ လေဘွေအားဖြင့် ထာဝရဘုရားဆောင်ယူတော်မူချိန်နီးသောကာလ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့မှထွက်သွားမည့်ပြုရာ ဧလိယက၊ ဤတွင်နေရစ်လော့၊ ငါ့ကိုဗေသလမြို့သို့ထာဝရဘုရားစေလွှတ်တော်မူသည်ဟု ဧလိရှဲအားဆိုလျှင် ထာဝရဘုရားအသက်တော်နှင့် ကိုယ်တော့်အသက်ရှင်သည့်အတိုင်း တပည့်တော်သည်ကိုယ်တော်နှင့်မခွဲပါဟု ပြန်ပြောလျက် ဗေသလမြို့ရောက်သွားကြ၏။ ထိုမြို့၌ရှိသောပရောဖက်ဂိုဏ်းသားတို့သည် ဧလိရှဲထံထွက်လာလျက် ကိုယ်တော့်အရှင်ကို ကိုယ်တော့်ဦးထိပ်ထက်မှ ယနေ့ထာဝရဘုရားရုပ်သိမ်းတော်မူမည်ကိုသိပါ၏လောဟု မေးကြသော်၊ ငါသိလှ၏။ ဆိတ်ဆိတ်နေကြလော့ဟု ပြန်ဆိုလေ၏။ ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤတွင်နေရစ်လော့။ ငါ့ကိုယေရိခေါမြို့သို့ထာဝရဘုရားစေလွှတ်တော်မူသည်ဟုဆိုလျှင် ထာဝရဘုရားအသက်တော်နှင့် ကိုယ်တော့်အသက်ရှင်သည့်အတိုင်း တပည့်တော်သည် ကိုယ်တော်နှင့်မခွဲပါဟု ပြန်ပြောလျက် ယေရိခေါမြို့ရောက်သွားကြ၏။ ထိုမြို့၌ရှိသော ပရောဖက်ဂိုဏ်းသားတို့လည်း ဧလိရှဲထံချဉ်းလာလျက် ကိုယ်တော့်အရှင်ကို ကိုယ်တော့်ဦးထိပ်ထက်မှ ယနေ့ထာဝရဘုရားရုပ်သိမ်းတော်မူမည်ကိုသိပါ၏လောဟုမေးကြသော်၊ ငါသိလှ၏။ ဆိတ်ဆိတ်နေကြလော့ဟုပြန်ဆိုလေ၏။ ဧလိယကလည်း၊ ဤတွင်နေရစ်လော့။ ငါ့ကိုယော်ဒန်မြစ်သို့ ထာဝရဘုရားစေလွှတ်တော်မူသည်ဟုဆိုလျှင် ထာဝရဘုရားအသက်တော်နှင့် ကိုယ်တော့်အသက်ရှင်သည့်အတိုင်း တပည့်တော်သည် ကိုယ်တော်နှင့်မခွဲပါဟုပြန်ပြောလျက် နှစ်ပါးလုံးပင် ယော်ဒန်မြစ်ရောက်သွားမြဲသွား၍ရပ်နေကြရာ ပရောဖက်ဂိုဏ်းသားငါးကျိပ်တို့ထွက်လာလျက် အဝေးကရပ်ကြည့်နေစဉ် ဧလိယသည် ကိုယ့်သင်္ကန်းကိုချွတ်ယူခေါက်လိပ်ပြီးလျှင် မြစ်ရေကိုရိုက်သော်၊ ရေဝဲယာကွဲ၍ နှစ်ပါးလုံးပင် ကြည်းကြောင်းကူးသွားရကြ၏။ မြစ်တစ်ဘက်သို့ရောက်ကြသောအခါ ဧလိယက၊ သင်နှင့်ခွဲ၍ ငါ့ကိုရုပ်သိမ်းတော်မမူမီ၊ ငါ့ထံဆုကျေးဇူးကိုတောင်းလော့ဟု ဧလိရှဲအားဆိုလျှင် ကိုယ်တော့်ဉာဏ်ဝိညာဉ်အနက် သြရသအမွေကို တပည့်တော့်အပေါ်တွင် တည်ပါစေသောဟု တောင်းသော်၊ 10 ဧလိယက၊ ခဲယဉ်းသောဆုကိုသင်တောင်းလေစွ။ သင့်မျက်မှောက်တွင် ငါ့ကိုရုပ်သိမ်းတော် မူခဲ့လျှင် ရလိမ့်သတည်းဟုဆို၏။ 11 ထိုသို့ပြောဆိုလျက် သွားမြဲသွားကြစဉ်၊ မီးလျှံဖြင့်ပြီးသောမြင်းနှင့်ယဉ်များပေါ်လာလျက် နှစ်ပါးကိုခွဲခွာ၍ လေဘွေအားဖြင့် ကောင်းကင်သို့ဧလိယတက်ရသည်ကို ဧလိရှဲမြင်လျှင် 12 အိုအဘ၊ အဘ၊ ဣသရေလအားကိုးရာမြင်းနှင့်ယာဉ်များပါတကားဟု ဟစ်လေ၏။ ဧလိယကွယ်ပျောက်သဖြင့် ကိုယ့်အဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြတ်ပြီးနောက် 13 ဧလိယမှကျခဲ့သော သင်္ကန်းကို ကောက်ယူပြန်သွားရာ ယော်ဒန်မြစ်ကမ်းတွင်ရပ်လျက် 14 ဧလိယကိုးကွယ်သောဘုရားသခင်ထာဝရဘုရားကား အဘယ်မှာနည်းဟုဆိုလျက် ဧလိယမှကျခဲ့သောသင်္ကန်းနှင့်ရေကိုရိုက်သော် ရေဝဲယာကွဲ၍ ဧလိရှဲကူးသွားရ၏။ 15 ယေရိခေါမြို့နေ ပရောဖက်ဂိုဏ်းသားတို့သည် ဧလိရှဲကိုရပ်ကြည့်၍ မြင်ကြသော် ဧလိရှဲအပေါ် တွင် ဧလိယ၏ဉာဏ်ဝိညာဉ်ကိန်းဝပ်ပြီဟုဆို၍ ခရီးဦးကြိုဆိုလျက် ပျပ်ဝပ်ရှိခိုးကြပြီးနောက် 16 တပည့်တော်တို့၌ စွမ်းရည်ကောင်းသူငါးကျိပ်ရှိပါ၏။ ကိုယ်တော့်အရှင်ကိုလိုက်ရှာကြပါစေ။ ထာဝရဘုရား၏ဝိညာဉ်တော်ချီမ၍ တောင်ပေါ်သို့ဖြစ်စေ၊ ချိုင့်ထဲသို့ဖြစ်စေ၊ တစ်နေရာရာ၌ ချကောင်း ချပါလိမ့်မည်ဟုဆိုကြလျှင် ဧလိရှဲက မလွှတ်နှင့်ဟု မြစ်တားသော်လည်း၊ 17 အထပ်ထပ်ခွင့်တောင်းသည်နှင့် အားနာသောကြောင့် စေလွှတ်ကြဟု ခွင့်ပြုရ၏။ စေလွှတ် သောလူငါးကျိပ်တို့သည် သုံးရက်တိုင်တိုင်ရှာ၍ မတွေ့သဖြင့် 18 ယေရိခေါမြို့တွင်ရှိသေးသော ဧလိရှဲထံပြန်လာကြသောအခါ မသွားလင့်ဟူ၍ ငါမြစ်တားသည် မဟုတ်လောဟုဆို၏။
19 ထိုနောက်ယေရိခေါမြို့သားတို့က၊ အရှင်မြင်တော်မူသည့်အတိုင်း ဤမြို့တည်ရာဌာနသည်သာယာပါ၏။ သို့ရာတွင် ရေမကောင်းသည့်အတွက် နေသူတို့သားပျက်တတ်ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင် 20 အိုးသစ်တစ်လုံးကို ဆားထည့်၍ယူခဲ့ကြလော့ဟု မိန့်ဆိုသည့်အလျောက် ယူခဲ့ကြရာ 21 ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားခတ်လျက် ထိုရေကိုငါဥပဒ်ကင်း စေပြီ။ နောက်တစ်ဖန်သေဘေး၊ သားပျက်ခြင်းဘေးမရှိရဟု ထာဝရဘုရားဗျာဒိတ်ထားတော်မူကြောင်း ဆင့်ဆိုသည့်အတိုင်း 22 ထိုရေသည် ယနေ့တိုင်အောင် ဥပဒ်ကင်းလေသတည်း။
23 ထိုမြို့မှ ဗေသလမြို့သို့ သွားစဉ်တွင် လုလင်ငယ်တို့သည် မြို့တွင်းမှထွက်၍ ဟေ့ဦးပြည်း။ သွားလော့။ 24 ဟေ့ဦးပြည်း။ သွားလော့ဟု ပြောင်လှောင်ကြရာ ဧလိရှဲလှည့်ကြည့်လျက် ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍ ဓိဌာန်လျှင် တောနက်မှဝံမနှစ်ကောင် ထွက်လာသဖြင့်၊ လုလင်လေးကျိပ်နှစ်ယောက်တို့ကို ဆွဲဖြတ်လေ၏။ 25 ဧလိရှဲသည် ထိုမြို့မှကရမေလတောင်သို့သွားပြီးလျှင် ရှမာရိမြို့ရောက် ပြန်သွားလေ၏။