19
ထိုစကားကို ဟေဇကိမင်းကြားသော်၊ ဝတ်လဲတော်ဆုတ်ခြင်း၊ လျှော်တေခြုံခြင်းကိုပြုလျက် ဗိမာန်တော်သို့ဝင်ပြီးလျှင် လျှော်တေခြုံသူ လက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့်ရှေ​ဗနနှင့် ပရောဟိတ်အကြီးအကဲ တို့ကို၊ အာမုတ်သားပရောဖက်ဟေရှာယထံကြားလျှောက်စေသည်မှာ ဤနေ့ကား နှောင့်ရှက်ခြိမ်းခြောက်ကဲ့ရဲ့ရာနေ့ဖြစ်လေပြီ။ သားဖွားချိန်စေ့သော်လည်း၊ ဖွားနိုင် ရန်အားမရှိလေစွ။ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့စေရန် အာရှုရိဘုရင် စေလွတ်လိုက်သောကျေးကျွန် ဖြစ်သူရာဗရှာခစကားဥဿုံကို ကိုယ်တော့်ဘုရားသခင်ထာဝရဘုရားကြား၍ ဆုံးမကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုကြောင့် ကြွင်းကျန်သူတို့အဘို့ ပဌနာပြုတော်မူပါဟူ၍ ဟေဇကိမင်းတောင်းပန်ချက်ကို ကျေးကျွန်တို့လာရောက်လျှောက်ထားကြသော်၊ ဟေရှာယက ထာဝရဘုရားမိန့်တော်မူသည်ကား ငါ့ကိုပုတ်ခတ်သော သင်ကြားရသည့် အာရှုရိဘုရင်၏ကျေးကျွန်တို့စကားများကြောင့် မကြောက်လင့်။ ထိုမင်းသည် ငါသွင်းသောမနောဖြင့် သတင်းဆိုးကြားလျှင် ကြားချင်း ကိုယ့်ပြည်သို့ဆုတ်ပြန်သည့်ကာလ ထားဘေးဖြင့် ကျဆုံးလတ္တံ့ဟူသောဗျာဒိတ်တော်ကို သင်တို့သခင့်ထံပြန်ကြားကြလော့ဟု မိန့်မှာလေ၏။
ထိုအခါ လာခိရှမြို့မှအာရှုရိဘုရင် ဆုတ်ခွါကြောင်း ရာဗရှာခကြားလျှင် ပြန်ဆုတ်၍ လိဗနမြို့ကို တိုက်လျက်တွေ့သည့်ကာလ၊ ကုရှဘုရင်တိရက္ကမင်းချီတက်လာကြောင်း အာရှုရိဘုရင်ကြားသည်နှင့် ဟေဇကိမင်းထံ ရာဇသံ တို့ကို ထပ်မံစေလွှတ်လျက် မိန့်မှာသည်မှာ 10 အာရှုရိဘုရင့်လက်တွင်းသို့ ယေရုရှလင်မြို့မရောက်ရဟူသော သင်ကိုးစားသောဘုရားသခင်၏ လှည့်ဖြားခြင်းကို နားမယောင်နှင့်။ 11 ပြည်တကာကို အာရှုရိဘုရင်အဆက်ဆက်လုပ်ကြံ၍ မြေလှန်ခဲ့ကြောင်း ကြားသိလေပြီ။ သင်လွတ်မြောက်မည်လော။ 12 ဘေးတော်ဘိုးတော်တို့မြေလှန်ခဲ့ရာ ဂေါဇန်၊ ခါရန်၊ ရေဇပ်မြို့သူမြို့သားတို့မှစ၍ တေလသာမြို့ရှိ ဧဒင်အမျိုးသားတို့ကို လူမျိုးခြားတို့၏ဘုရားများသည် လွတ်မြောက်စေဘူးသလော။ 13 ဟာမတ်၊ အာပဒ်ဘုရင်များမှစ၍ သေဖရဝိမ်၊ ဟေန၊ ဣဝါဘုရင်တို့ကား အဘယ်မှာနည်းဟူ၍ ယုဒဘုရင်ဟေဇကိမင်းအား ပြန်ကြားကြလော့ဟုမိန့်မှာလေ၏။ 14 အမှာတော်စာကို ရာဇသံတို့လက်မှ ဟေဇကိမင်းခံယူဖတ်ကြည့်ပြီးလျှင် ဗိမာန်တော်သို့တက်၍ ထာဝရဘုရားမျက်မှောက်တော်တွင် ဖြန့်ခင်းလျက် 15 အသနားတော်ခံသည်မှာ ခေရုဗတို့အထက်စံတော်မူသော ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်တစ်ဆူတည်းသာလျှင် မိုးမြေကိုဖန်ဆင်း၍ မြေတစ်ပြင်လုံးရှိတိုင်းနိုင်ငံ ဟူသမျှကို ပိုင်တော်မူသောဘုရားဖြစ်ပါ၏။ 16 အိုထာဝရဘုရား၊ နားတော်ညိတ်၍ ကြားတော်မူပါ၊ အိုထာဝရဘုရား၊ စက္ခုတော်စိုက်၍ ရှုကြည့်တော်မူပါ။ အသက်ရှင်တော်မူသောဘုရားကိုကဲ့ရဲ့ရန် ဤသူ့ကိုမှာလိုက်သောသနာခရိပ်၏ စကားကိုကြားတော်မူပါ။ 17 အိုထာဝရဘုရား အာရှရိဘုရင်အဆက်ဆက်တို့သည် လူမျိုးခြားတို့ကို ပြည်ပါဖျက်ဆီး၍ 18 ဆိုင်ရာဘုရားများကိုလည်း မီးထဲသို့ပစ်ချကြပြီ။ ဘုရားမဟုတ်၊ လူ့လက်ဖြင့် ထုလုပ်သော သစ်သားနှင့်ကျောက်ဖြစ်၍ ပျက်ကြလေပြီ။ 19 သို့ဖြစ်သောကြောင့် အကျွန်ုပ်တို့အရှင်ထာဝရဘုရားသခင် မြေတစ်ပြင်လုံးရှိ တိုင်းနိုင်ငံတကာ တို့သည် ကိုယ်တော်တစ်ဆူတည်းသာထာဝရဘုရားဖြစ်ကြောင်း သိမှတ်ကြစေရန် ထိုဘုရင့်လက်မှ အကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူပါဟု ထာဝရဘုရားအား ပဌနာပြုလေ၏။
20 ထိုအခါ ဟေဇကိမင်းထံ အာမုတ်သားဟေရှာယကြားလိုက်သည်မှာ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ အာရှုရိဘုရင်သနာခရိပ်မင်းကြောင့် ငါ့ရှေ့တွင် သင်ပြုသောပဌနာကို နားညောင်း၍ 21 အာရှုရိဘုရင်ကိုရည်လျက် ငါထာဝရဘုရားမိန့်ချက်ဟူမူကား သတို့သမီးကညာဇိအုန်သည် သင့်ကိုမထီမဲ့မြင်ပြု၍ ပြက်ရယ်ခြင်း၊ သတို့သမီးယေရုရှလင်သည် သင့်နောက်ဦးခေါင်းလှုပ်ခါခြင်း ပြုလေပြီ။ 22 မည်သူ့ကိုသင်ကဲ့ရဲ့ပုတ်ခတ်သနည်း၊ မည်သူ့အပေါ်တွင် ကြိမ်းမောင်းသံလွှင့်၍ မျက်နှာမောက် မော်သနည်း။ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင် ငါဘုရားကိုပေတည်း။ 23 ရာဇသံတို့ဖြင့် ငါဘုရားကိုသင်ကဲ့ရဲ့သည်မှာ ငါမောင်းနှင်သောစစ်ရထားများနှင့်တကွ လေဗနုန်တောင်ထိပ်ကိုဖြတ်ကျော်၍ တစ်ဘက်သို့ရောက်လေပြီ။ အမြင့်ဆုံးသစ်ကတိုးပင်၊ အမြတ်ဆုံးထင်းရူးပင်များကို ခုတ်လှဲ၍ ခြံမြိုင်အစွန်းအဖျားထဲသို့ ငါခိုဝင်မိပြီ။ 24 အခြားပြည်ရှိတွင်းရေကိုငါတူးဖော်သောက်ရပြီ။ အိဂျစ်မြစ်လက်ကြားရေရှိသမျှကို ငါ့ခြေအောက်တွင် ခန်းခြောက်စေပြီဟု သင်ဝါကြွားလေသည်တကား။ 25 သင်မကြားမသိသလော။ ယမန်တွင်ငါစီရင်၍ ရှေးကာလကပင် ပြဌာန်းပြီးဖြစ်သည့်အတိုင်း ခံမြို့များကို ပျက်စီးရာအမှိုက်ပုံဖြစ်စေရန် ယခုသင်ပေါ်ထွန်းရပြီ။ 26 ထိုကြောင့် ပျက်စီးရာမြို့သူမြို့သားတို့သည် လက်ရုံးရည်ညံ့သဖြင့် ထိတ်လန့်ရှက်ကြောက်၍ စားကျက်မြက်နု၊ စိမ်းလန်းသောမြက်၊ တိုက်မိုးပေါ်ပေါက်သောအပင်၊ မအောင်သော ကောက်ပင်များကဲ့သို့ဖြစ်ကြ၏။ 27 ငါသည် သင်၏အထွက်အဝင်အနေအထိုင်နှင့်တကွ ငါ့တစ်ဘက်၌ ထကြွခြင်းကိုသိ၏။ 28 ထိုသို့ထကြွခြင်းနှင့် ငါကြားရသောစော်ကားခြင်းများကြောင့် သင့်ကိုနှာကွင်းတပ်၍ ဇက်ခွံ့ လျက် လာလမ်းဖြင့်ပြန်စေမည်ဟူ၍တည်း။ 29 သင့်ကိုယ်တိုင်မှတ်ရန် သက်သေလက္ခဏာကား ဤနှစ်တွင် အလေ့ပေါက်မြေထွက်ကိုလည်းေကာင်း၊ ဒုတိယနှစ်တွင် ကောက်အိုင်းကိုလည်းေကာင်း၊ စားရလျက် တတိယနှစ်တွင် မျိုးကြဲရိတ်သိမ်းခွင့်၊ စပျစ်ပင် စိုက်ပျိုးခွင့်ရ၍ အသီးအနှံကိုစားရကြလိမ့်မည်။ 30-31 ကျန်ကြွင်းသူတို့သည် ယေရုရှလင်မြို့မှလည်းေကာင်း၊ ဘေးလွတ်သူတို့သည် ဇိအုန်တောင်မှလည်းေကာင်း၊ ထွက်လာရကြလျက် ဘေးလွတ်သောထိုယုဒအမျိုးအကြွင်းအကျန်တို့သည် အောက်၌အမြစ်စွဲခွင့် အထက်၌အသီးသီးခွင့်ရကြဦးမည်။ ဗိုလ်ခြေတို့အရှင် ထာဝရဘုရား၏စေတနာထက်သန်ခြင်းအား ဖြင့် ထိုသို့ပြီးမြောက်လိမ့်သတည်း။ 32 အာရှုရိဘုရင်ကိုရည်၍ ငါထာဝရဘုရားမိန့်ပြန်သည်ကား ထိုမင်းသည် မြို့ကိုချဉ်းခွင့်၊ မြှားပစ်ခွင့်၊ မြို့ပြင်တွင်ဒိုင်းလွှားရေးပြခွင့်၊ ကတုတ်လှန်ခွင့်ရမည်မဟုတ်ချေ။ 33-34 ငါဘုရားအတွက် ကျွန်တော်ရင်းဒါဝိဒ်အတွက် ဤမြို့ကိုငါကွယ်ကာ၍ အာရှုရိဘုရင် ချဉ်းကပ်ခွင့်မရဘဲ လာလမ်းဖြင့် ပြန်ရမည်ဟူသော ထာဝရဘုရားဗျာဒိတ်တော်ကို ကြားလိုက်လေ၏။
35 ထိုညဉ့်ချင်းတွင်ထာဝရဘုရား၏ စေတမန်တော်ထွက်ပေါ်၍ အာရှုရိတပ်တွင် တစ်သိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်သဖြင့်၊ နံနက်အချိန်ရောက်သောအခါ အသက်မရှိ၊ အလောင်းချည်းတွေ့ရသည်တကား။ 36 အာရှုရိဘုရင်သနာခရိပ်မင်းဆုတ်ခွာပြန်သွား၍ နိနေဝေမြို့၌စံနေစဉ် 37 နိသရုတ်ခေါ်ကိုယ့်ဘုရား၏ကျောင်းတွင်ရှိခိုးလျက်နေရာ သားတော်အာဒြမ္မေလက်နှင့် ရှရေဇာတို့သည် ဓားဖြင့်လုပ်ကြံပြီးလျှင်၊ အာရရတ်ပြည်သို့ ပြေးဝင်ကြ၏။ သားတော်ဧသရဟဒ္ဒုန်သည် အရိုက်အရာ၌နန်းစံလေ၏။