4
ဣသရေတစ်မျိုးလုံးကို ရှောလမုန်မင်းစိုးစံသောအခါ မှူးတော်မတ်တော်တို့ကား ဇာဒုတ်သားအာဇရိသည် ပရောဟိတ် ရှိရှသား ဧလိဟောရပ်နှင့် အဟိယတို့သည် သံတော်ဆင့်၊ အဟိလုဒ်သား ယောရှဖတ်သည် အတွင်းဝန် ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်၊ ဇာဒုတ်နှင့်အဗျာသာတို့သည် ပရောဟိတ် နာသန့်သားအာဇရိသည် ဝန်ရှင်တော်မင်းကြီး။ နာသန့်သားဇာဗုဒ်သည် အကြီးတော်ပရောဟိတ် အဟိရှာသည် လက်သုံးတော်ချုပ်၊ အာဗဒသားအဒေါနိရံသည် လမိုင်းဝန်ဖြစ်ကြ၏။
ဘုရင်မင်းနှင့်နန်းတော်သားအပေါင်းတို့အဖို့ တစ်နှစ်တွင် တစ်လစီ၊ အလှည့်ကျရိက္ခာတော် ဆက်သွင်းရန် ဣသရေလတစ်နိုင်ငံလုံး၌ ရှောလမုန်မင်းခန့်ထားသော မြို့ဝန်တစ်ကျိပ်နှစ်ပါးတို့အမည် များကား ဧဖရိမ်ခင်တန်းခရိုင်တွင် ဗင်ဟုရ။ မာကတ်၊ ရှာလဗိမ်၊ ဗက်ရှေမက်၊ ဧလုမ္ဘေသနန်မြို့ရွာခရိုင်တွင် ဗင်ဒေကာ။ 10 ဟေဖာနယ်နှင့်တကွ စောခေါ၊ အရုဗုတ်မြို့ရွာခရိုင်တွင် ဗင်ဟေသက်၊ ဒေါရကုန်းတန်းခရိုင်တွင် 11 ရှောလမုန်မင်း၏သမီးတော် တာဖတ်နှင့်ဆောင်နှင်းသောဗင်အဘိနဒပ်၊ 12 တာနက်၊ မေဂိဒ္ဒေါမြို့ရွာနှင့်တကွ 13 ဗက်ရှန်မြို့မှစ၍ ယောကမံမြို့တစ်ဘက်၊ အာဗေလမဟောလမြို့တိုင်အောင် ယေဇရေလမြို့အောက် ဇာရတန်မြို့အစပ်၊ ဗက်ရှန်နယ်ခရိုင်တွင် အဟိလုဒ်သား ဗာနာ။ 14 မနာရှေ့အနွယ်သား ယာဣရယူရသော ဂိလဒ်နယ်ရှိ မြို့ရွာများပြင် မြို့ရိုး၊ ကြေးမင်းထုပ်နှင့် ပြည့်စုံသည့်မြို့ကြီးခြောက်ဆယ်ရှိသော ဗာရှန်ပြည်၊ အာဂေါဘခရိုင်၊ 15 ဂိလဒ်နယ်၊ ရာမုတ်ခရိုင်တွင် ဗင်ဂေဗ။ မဟာနိမ်ခရိုင်တွင် ဣဒ္ဒေါ့သားအဟိနဒပ်။ 16 နဿလိခရိုင်တွင် ရှောလမုန်မင်း၏သမီးတော် ဗာရှမတ်နှင့်ဆောင်နှင်းသောအဟိမတ်။ 17 အာရှာနှင့်ဗာလုတ်ခရိုင်တွင် ဟုရှဲသား ဗာနာ၊ ဣသခါခရိုင်တွင် ပါရွာ့သားယောရှဖတ်။ 18 ဗင်္ယာမိန့်ခရိုင်တွင် ဧလာ့သားရှိမိ။ 19 အာမောရိပြည့်ရှင် ရှိဟုန်မင်း၏နိုင်ငံ၊ ဗာရှန်ပြည့်ရှင် သြဃမင်း၏နိုင်ငံဖြစ်ဖူးသော ဒိလဒ်ခရိုင်တွင် ဥရိသားဂေဗတို့တည်း။ တစ်နိုင်ငံလုံးတွင် ဝန်ရှင်တော်မင်းကြီးတစ်ပါးတည်းရှိ၏။ 20 ယုဒနှင့်ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာကမ်းခြေရှိသဲလုံးနှင့်အမျှ များပြားလျက် ရွှင်လန်းစွာစားသောက်နေထိုင်ကြကုန်၏။
21 ရှောလမုန်မင်းသည် မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အိဂျစ်ပြည် နယ်စပ်တိုင်အောင် တိုင်းနိုင်ငံ ရှိသမျှကို အုပ်စိုးရသည့်အတိုင်း ရှောလမုန်မင်းလက်ထက်ကာလပတ်လုံး၊ လက်အောက်ခံဖြစ် လျက် အခွန်အတုတ်ဆက်ရကြ၏။ 22 နန်းတော်တွင် တစ်နေ့စာရိက္ခာတော်ကား ဂျုံမုန့်ညက်တင်းပေါင်းသုံးရာ၊ မုယောမုန့်ညက်တင်း ပေါင်းခြောက်ရာ၊ 23 သမင်ဒရယ်၊ ဆတ်နှင့်ဆူဖြိုးသောကြက်ငှက်များကို မဆိုဘဲ ဆူဖြိုးသောနွားတစ်ဆယ်၊ အလွတ်နွားနှစ်ဆယ်၊ သိုးတစ်ရာကုန်သတည်း။ 24 ရှောလမုန်မင်းသည် မြစ်ကြီးအနောက်ဘက် တိဖသမြို့မှ ဂါဇမြို့တိုင်အောင် ဘုရင်တကာတို့ကိုအုပ်စိုးရသည့်အလျောက် ပတ်ဝန်းကျင်အရပ်ရပ်၌ စစ်မက်ရေးမရှိ။ 25 လက်ထက်တော်ကာလပတ်လုံး၊ ယုဒနှင့်ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်ကိုယ့်စပျစ်ခြံ၊ သဖန်းခြံရိပ်တွင် စိတ်ချစွာနေထိုင်ရကြလေ၏။ 26 ရှောလမုန်မင်း၌ စစ်ရထားကသောမြင်းလေးသောင်းနှင့် မြင်းစီးသူရဲတစ်သောင်းနှစ်ထောင်ရှိ၏။ 27 ဆိုခဲ့သောမြို့ဝန်တို့သည် ရှောလမုန်မင်းနှင့်စားပွဲတော်တွင် ထိုင်ခွင့်ရသူတို့အဖို့ ရိက္ခာတော် တစ်မျိုးမကျန်၊ အလှည့်ကျသွင်းရကြသည့်ပြင် 28 မြင်းတော်၊ လားတော်စားရန် စပါးကောက်ရိုးများကိုလည်း တာဝန်အလိုက်ဇောင်းတော်ရောက်သွင်းရကြ၏။
29 သဲသောင်နှင့်အမျှ များပြားကျယ်ဝန်းသောဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်ကို ဘုရားသခင် ပေးသနားတော်မူသည့်အတိုင်း 30 ရှောလမုန်မင်း၏ ဉာဏ်ပညာသည် အိဂျစ်ပြည်နှင့်အရှေ့ပြည်သားအမျိုးမျိုးတို့၏ ပညာထက်ထူးချွန်၍ 31 ဇေရအနွယ်၊ မဟောလသား၊ ဧသန်၊ ဟေမန်၊ ကာလေကာလ၊ ဒါရဒအစရှိသောပညာသည် အပေါင်းတို့ထက် လွန်ကဲလျက် ပတ်ဝန်းကျင်ခပ်သိမ်းသောတိုင်းနိုင်ငံအနှံ့ကျော်စော၏။ 32-33 ရှောလမုန်မင်းလည်း လေဗနုန်တောရှိသစ်ကတိုးပင်နှင့် အုတ်ကြားမှ ပေါက်စသောဟုဿုပ်ပင်ပါ သစ်ပင်အမျိုးမျိုး၊ တွားတတ်သောတိရစ္ဆာန်မှစ၍ မြေသတ္တဝါ၊ လေသတ္တဝါ၊ ရေသတ္တဝါအမျိုးမျိုးကိုရည်လျက် နယပုံပြင်နည်းသုံးထောင်၊ ဂီတပုဒ်ရေတစ်ထောင့် ငါးရာများကို ဖွဲ့စီလေ၏။ 34 ရှောလမုန်မင်း၏ ပညာသတင်းကိုကြားသော ဘုရင်တကာ လူအမျိုးမျိုးတို့အနက် ပညာစကားကို ကြားနာရန်ရောက်လာကြသတည်း။