22
ရှုရိနိုင်ငံနှင့် ဣသရေလနိုင်ငံသည် သုံးနှစ်တိုင် စစ်မတိုက်ဘဲနေပြီးနောက် တတိယနှစ်တွင် ဣသရေလဘုရင့်ထံ ယုဒဘုရင်ယောရှဖတ်မင်းလာခိုက် ဣသရေလဘုရင်မင်းက၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သည် ငါတို့ပိုင်ဖြစ်လျက် ရှုရိဘုရင်လက်မှ ပြန်မသိမ်းဘဲနေသည်ကို မသိကြလောဟု ကိုယ့်ကျေးကျွန်သင်းပင်းတို့အား မိန့်ဆိုပြီးလျှင် ယောရှဖတ်မင်းအားလည်း အကြည်တော်သည် ဂိလဒ်နယ်၊ ရာမုတ်မြို့သို့၊ ကျွန်ုပ်နှင့်အတူ စစ်ချီမည်လောဟုမေးရာ ယောရှဖတ်မင်းက၊ ကျွန်ုပ်သည် အကြည်တော်ကဲ့သို့လည်းကောင်း၊ ဗိုလ်ထုလည်း အကြည်တော့်ဗိုလ်ထုကဲ့သို့လည်းကောင်း၊ မြင်းတပ်လည်းအကြည်တော်မြင်းတပ်ကဲ့သို့လည်းကောင်း၊ ဖြစ်ပါသည်ဟု ဣသရေလဘုရင်အားပြန်ဆိုလေ၏။ ယောရှဖတ်မင်းကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကို ဦးစွာမေးလျှောက်ပါလော့ဟု ဣသရေလဘုရင်အားဆိုသည့်အတိုင်း ဣသရေလဘုရင်သည် ပရောဖက်လေးရာခန့်ကို စုရုံးစေပြီးလျှင် ငါသည်ဂိလဒ်နယ်၊ ရာမုတ်မြို့ သို့စစ်ချီသင့်သလော။ မချီသင့်သလောဟုမေးရာ ချီတော်မူပါ။ ဘုရင်မင်းလက်တော်သို့ အရှင်ဘုရား အပ်နှင်းတော်မူလိမ့်မည်ဟု တင်လျှောက်ကြ၏။ ကျွန်ုပ်တို့မေးမြန်းရန် ထာဝရဘုရား၏ပရောဖက်ရှိပါသေးသလောဟု ယောရှဖတ်မင်းမေးပြန်သော်၊ ဣသရေလဘုရင်က၊ ထာဝရဘုရားထံမေးလျှောက်ရန် ဣမလသား မိက္ခာတစ်ပါးရှိသေး၏။ ထိုသူ့ကိုကား မနှစ်သက်။ ကျွန်ုပ်၌မင်္ဂလာစကားကို မဟော၊ အမင်္ဂလာစကားကိုသာဟောတတ်သည်ဟု ယောရှဖတ်မင်းအားဆိုလျှင် အကြည်တော်ထိုသို့မထင်ပါလင့်ဟု ယောရှဖတ်မင်းပြန်ဆိုသည်နှင့် ဣသရေလဘုရင်သည် အမတ်တစ်ယောက်ကိုခေါ်၍ ဣမလသားမိက္ခာကို အမြန်ခေါ်သွင်းလော့ ဟုမိန့်ဆိုလေ၏။ 10 ထိုအခါ ယုဒဘုရင်ယောရှဖတ်မင်းနှင့် ဣသရေလဘုရင်တို့သည် ရှမာရိမြို့တံခါးရှေ့တလင်း ပြင်၌ ကိုယ်စီရာဇပလ္လင်ထက် မင်းမြောက်တန်ဆာဆင်ယင်စံနေကြစဉ်၊ ရှေ့တော်တွင် ပရောဖက်အပေါင်းတို့ဟောပြောကြရာ 11 ခေနာနာ့သားဇေဒကိသည် လုပ်ခဲ့သောသံဦးချိုတစ်စုံကိုယူဆောင်လျက် ရှုရိတပ်မပျက်မချင်း ဤဦးချိုဖြင့်ခတ်ဝှေ့တော်မူရမည်ဟူ၍ ထာဝရဘုရားဗျာဒိတ်တော်ရှိသည်ဟုဆိုသည့်ပြင်၊ 12 ပရောဖက်အပေါင်းတို့ကလည်း ဂိလဒ်နယ်၊ ရာမုတ်သို့မြို့သို့စစ်ချီ၍ အောင်မြင်တော်မူပါစေသော။ ဘုရင်မင်းလက်တော်သို့ ထာဝရဘုရားအပ်နှင်းတော်မူပါလိမ့်မည်ဟု ဟောပြောကြကုန်၏။ 13 မိက္ခာကိုခေါ်သောသူက ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ဘုရင်မင်းအား တစ်ခွန်းတစ်သံတည်းဟောကြပါပြီ။ ကိုယ်တော်လည်း သူတို့နည်းတူ၊ မင်္ဂလာစကားကိုသာ ဟောတော်မူ ပါဟု တိုက်တွန်းလျှင် 14 ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း ထာဝရဘုရားပေးတော်မူမည့် ဗျာဒိတ်ချက်ကိုသာ ငါဆင့်ဆိုမည်ဟု မိက္ခာပြန်ပြောလေ၏။ 15 ရှေ့တော်သို့ရောက်သောအခါ ဘုရင်မင်းက၊ အချင်းမိက္ခာ၊ ငါတို့သည်ဂိလဒ်နယ်၊ ရာမုတ်မြို့သို့ စစ်ချီသင့်သလော၊ မချီသင့်လောဟုမေးလျှင် စစ်ချီ၍အောင်မြင်တော်မူပါစေသော။ ဘုရင်မင်းလက် တော်သို့ထာဝရဘုရားအပ်နှင်းတော်မူပေလိမ့်မည်ဟု မိက္ခာပြန်ဆိုသော်၊ 16 ဘုရင်မင်းက၊ ထာဝရဘုရား၏နာမတော်ကိုထောက်၍ ဟုတ်မှန်ရာမှတစ်ပါး မည်သည်ကိုမျှ မဟောစေရန် ဘယ်နှစ်ကြိမ်သစ္စာဆိုစေရမည်နည်းဟု မိန့်ဆိုသည့်ကာလ၊ 17 ဣသရေလတစ်မျိုးလုံးသည် အထိန်းမဲ့သိုးအုပ်ကဲ့သို့၊ တောင်ရိုးပေါ်တွင်ကွဲလွင့်လျက် နေကြသည်ကိုအကျွန်ုပ်မြော်မြင်ရလေစွ။ အရှင်မရှိသောဤသူအသီးအသီးတို့၊ ကိုယ့်နေရာရင်းသို့ ဘေးမဲ့ပြန်ကြပါလေစေဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ကို ဆင့်ဆိုလေ၏။ 18 ထိုအခါ ဣသရေလဘုရင်က၊ ဤသူသည် ကျွန်ုပ်၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ​ဟောတတ်သည်ဟူ၍ ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လောဟု ယောရှဖတ်မင်းအားဆိုလျှင် 19 မိက္ခာေဖာ်ပြသည်မှာ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံပါဦး။ ထာဝရဘုရားသည် ပလ္လင်တော်ထက်စံတော်မူလျက် ဝဲယာတော်နှစ်ဘက်၌ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ ခစားနေကြသည်ကို အကျွန်ုပ်မြင်ရပါပြီ။ 20 ထာဝရဘုရားကလည်း၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီ၍ ကျဆုံးစေရန် အာဟပ်ကို မည်သူသွေးဆောင်မည်နည်းဟု မေးတော်မူလျှင် ထိုထိုဤဤတစ်ပါးတစ်မျိုးစီ လျှောက်ပြီးနောက် 21 ထာဝရဘုရားမျက်မှောက်တော်၌ ဝိညာဉ်တစ်ပါးထွက်ရပ်လျက် အကျွန်ုပ်သွေးဆောင်ပါမည်ဟု လျှောက်သော်၊ 22 အသို့နည်းဟု ထာဝရဘုရားမေးတော်မူရာ ထိုမင်း၏ပရောဖက်အပေါင်းတို့နှုတ်တွင် လှည့်ပတ်သောနတ်အဖြစ် အကျွန်ုပ်သွားရောက်စောင့်တည်ပါမည်ဟု ပြန်လျှောက်သည်နှင့်အညီ သွား၍ ထိုသို့ပြုလော့။ 23 သွေးဆောင်နိုင်လိမ့်မည်ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် ထိုပရောဖက် အပေါင်းတို့နှုတ်တွင် လှည့်ပတ်သောနတ်ပူးကပ်စေတော်မူသည့်အတိုင်း ဘုရင်မင်းအပေါ်၌လည်း အမင်္ဂလာဗျာဒိတ်ကိုပေးတော်မူခဲ့ပြီဟု ေဖာ်ပြလေ၏။ 24 ထိုနောက် ခေနာနာ့သားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကိုပုတ်လျက် ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့ထံမှထွက်ခွာ၍ သင့်ကိုထောက်ခံရန် မည်သို့ရောက်လာသနည်းဟု မေးလျှင် 25 ပုန်းရှောင်ခြင်းငှာ အတွင်းခန်းသို့ဝင်သောနေ့၌ပင်၊ သိရလိမ့်မည်ဟု မိက္ခာပြန်ဆို၏။ 26 ဣသရေလဘုရင်ကလည်း၊ မိက္ခာကိုမြို့ဝန်အာမုန်နှင့် သားတော်ယောရှတို့ထံယူသွား၍ ချမ်းသာစွာငါမပြန်မီတိုင်အောင် 27 နှောင်အိမ်၌သွင်းလျက် ဆင်းရဲစွာစားသောက်စေဟူသော အမိန့်တော်ကိုဆင့်ဆိုလော့ဟု မိန့်မှာလျှင် 28 မိက္ခာက၊ အကယ်၍ဘုရင်မင်းချမ်းသာစွာပြန်လာရလျှင် ထာဝရဘုရားသည် အကျွန်ုပ်အားဖြင့် ဗျာဒိတ်​ပေးတော်မူသည်မဟုတ်ဟူ၍လည်းကောင်း၊ အိုလူမျိုးအပေါင်းတို့ နာခံကြလော့ဟူ၍လည်းကောင်း ဆိုလေ၏။
29 ထိုနောက် ဣသရေလဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းတို့သည် ဂိလဒ်နယ်၊ ရာမုတ်မြို့သို့ စစ်ချီကြရာ 30 ဣသရေလဘုရင်က၊ ကျွန်ုပ်သည် မင်းမြောက်တန်ဆာမဆင်ဘဲ စစ်ပွဲသို့ဝင်မည်။ အကြည် တော်မူကား မင်းမြောက်တန်ဆာကိုဆင်ယင်ပါလော့ဟု ယောရှဖတ်မင်းအားဆိုပြီးမှ ဣသရေလဘုရင်သည် မင်းမြောက်တန်ဆာမဆင်ဘဲ စစ်ပွဲသို့ဝင်လေသတည်း။ 31 ရှုရိဘုရင်က၊ အခြားသူအယုတ်အမြတ်အလတ်တို့ကိုမတိုက်ဘဲ ဣသရေလဘုရင်ကိုသာ တိုက်ကြလော့ဟု ရထားတပ်ဗိုလ်မှူးသုံးကျိပ်နှစ်ယောက်တို့အား မိန့်မှာနှင့်သည့်အတိုင်း 32 ရထားတပ်ဗိုလ်မှူးတို့သည် ယောရှဖတ်မင်းကိုမြင်ကြသောအခါ ဤသူကား ဣသရေလ ဘုရင်မုချတည်းဟု အောက်မေ့လျက် တိုက်ရန်လှည့်ဝိုက်ကြရာ ယောရှဖတ်မင်းဟစ်ခေါ်သံပြုသည်နှင့် 33 ဣသရေလဘုရင်မဟုတ်ကြောင်း ရထားတပ်မှူးတို့သိသော်၊ လွှဲရှောင်ကြ၏။ 34 သူရဲတစ်ယောက်ယမ်းဆပစ်ခတ်သောမြှားသည် ဣသရေလဘုရင်ကို သံချပ်ရင်အုပ်အမြိတ်ကြားတွင် မှန်သော် ငါ့ကိုထိပြီ။ စစ်ပွဲကလှည့်မောင်းလော့ဟု ရထားတော်ထိန်းအား မိန့်ဆိုပြီးနောက် တစ်နေ့လုံးတိုးတက်တိုက်ခိုက်ကြ၏။ 35 ရထားအောက်ခင်းတွင် ဒဏ်ချက်မှယိုစီးသောအသွေးအိုင်စဉ် ဘုရင်မင်းသည် ရထားတော်ကို တံကဲပြုလျက်ရှုရိတပ်ဘက်သို့ မျက်နှာမူ၍နေပြီးလျှင် ညဉ့်ဦးအချိန်ကွယ်လွန်သဖြင့် အသီးအသီးတို့ 36 ကိုယ့်ပြည်၊ ကိုယ့်မြို့ရွာသို့ ပြန်သွားကြကုန်အံ့ဟူသော ဟစ်သံသည် နေဝင်ကျော်အချိန်တွင် တစ်တပ်လုံးထုတ်ချင်းပေါက်လေ၏။ 37 ထိုသို့ကွယ်လွန်သော ဘုရင်မင်း၏အလောင်းကို ရှမာရိမြို့သို့ဆောင်ယူ၍ စျာပနပြုကြကုန်၏။ 38 ရထားတော်ကိုကား ရှမာရိမြို့ရှိပြည်တန်ဆာတို့ ရေချိုးလေ့ရှိသော ရေကန်အနီးတွင် ဆေးကြောသဖြင့် ထာဝရဘုရားထားတော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း အသွေးကို ခွေးများလျက်ကြ၏။ 39 အာဟပ်မင်းပြုမူစီရင်သမျှ အကြွင်းအကျန်နှင့် တည်ဆောက်သောဆင်စွယ်နန်း၊ ပြုစုသောမြို့ရွာများပါ ဣသရေလရာဇဝင်၌ ရေးထား လျက်ရှိ၏။ 40 အာဟပ်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျှင် သားတော်အာခဇိသည် အရိုက်အရာ၌နန်းစံလေ၏။
41-42 ဣသရေလဘုရင် အာဟပ်မင်းနန်းစံလေးနှစ်တွင် အာသမင်းသားတော် ယောရှဖတ်မင်း သည် အိမ်နိမ့်သုံးဆယ့်ငါးနှစ်ရှိသော် နန်းတက်၍ ယေရုရှလင်မြို့၌ ယုဒနိုင်ငံကို နှစ်ဆယ့်ငါးနှစ် စိုးစံလေ၏။ မယ်တော့်အမည်ကား ရှိလဟိသမီး အဇုဘတည်း။ 43 ထိုမင်းသည် ခမည်းတော်အာသမင်းနည်းလမ်းကို မလွှဲဘဲလိုက်၍ ထာဝရဘုရားမျက်မှောက် တော်တွင် ဖြောင့်မှန်စွာပြုကျင့်လေ့ရှိ၏။ မြင့်ရာဌာနများကိုကား မစွန့်မပယ်။ ထိုဌာနများ၌ လူပရိသတ်တို့သည် ပူဇော်၍ မီးဖြင့်ဆက်ကပ်ကြသေး၏။ 44 ယောရှဖတ်မင်းလည်း ဣသရေလဘုရင်နှင့်မဟာမိတ်ဖွဲ့လေ၏။ 45 ယောရှဖတ်မင်းပြုမူသမျှအကြွင်းအကျန်မှစ၍ စစ်ရေးများနှင့်လက်ရုံးရည်ပါ ယုဒရာဇဝင်၌ရေးထားလျက်ရှိ၏။ 46 ခမည်းတော်အာသမင်းလက်ထက် ကြွင်းခဲ့သောပြည်တန်ဆာ ယောက်ျားမိန်းမများကို ပြည်တော်မှနှင်ထုတ်လေ၏။ 47 ဧဒုံပြည်မှာ မင်းမဲ့၍ ဘုရင်ခံကိုခန့်ထားရ၏။ 48 သြဖိရပြည်မှ ရွှေတင်ယူရန် ယောရှဖတ်မင်းတည်ပြီးသော တာရှုသေင်္ဘာများသည် ဧဇယုန်ဂါဗာဆိပ်တွင် ပျက်၍မသွားရသော် 49 အာဟပ်မင်းသားတော်အာခဇိမင်းက ကျွန်ုပ်သင်္ဘောသားတို့သည် အကြည်တော့်သင်္ဘောသား တို့နှင့်အတူ စီးကြပါစေဟု ယောရှဖတ်မင်းထံအခွင့်တောင်းသော်လည်း မရချေ။ 50 ယောရှဖတ်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျက် ဘင်တော်ဒါဝိဒ်မြို့ တော်ရှိ သင်္ချၖိုင်းတော်တွင် စျာပနပြုခြင်းကို ခံရလျှင် သားတော်ယဟောရံသည် အရိုက်အရာ၌ နန်းစံလေ၏။
51 ယုဒဘုရင်ယောရှဖတ်မင်းနန်းစံဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းသားတော်အာခဇိမင်းနန်းတက်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်သာစိုးစံရရာ 52 ထာဝရဘုရားမျက်မှောက်တော်တွင် ဆိုးသွမ်းမှုကိုပြုကျင့်လျက် ခမည်းတော်မယ်တော်တို့နည်းလမ်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်သား ယေရောဗောင့်နည်းလမ်းများအလျောက် လိုက်လျှောက်၍ 53 ဗာလနတ်ကိုဝတ်ပြုရှိခိုးလျက် ခမည်းတော်ပြုကျင့်သမျှအတိုင်း ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားကို အမျက်တော်တိုက်ပြုသတည်း။