2
ဒါဝိဒ်မင်းသည် ကွယ်လွန်ချိန်နီးသောအခါ သားတော်ရှောလမုန်အား မှာထားသည်ကား လူသတ္တဝါဟူသမျှတို့သွားမြဲလမ်းကို ငါလိုက်ရတော့မည်။ သင်မှာမူ ယောက်ျားဘာဝလုံ့လ ထုတ်လော့။ 3-4 သားမြေးတို့သည် ငါ့မျက်မှောက်တွင် စိတ်နှလုံး၊ အသက်ဝိညာဉ်အကြွင်းမဲ့သစ္စာစောင့်၍ ကိုယ်အကျင့်အကြံများကို သတိပြုကြလျှင် ဣသရေလရာဇပလ္လင်ထက်စံရသော သင့်အမျိုးမင်းရိုး မပြတ်ရဟု ငါ့အားမိန့်တော်မူချက်ကို ထာဝရဘုရားအတည်ပြုတော်မူစေရန်လည်းကောင်း၊ သင်ပြုမူကြံစည် လေရာရာ၌ အထမြောက်ရန်လည်းကောင်း၊ မောရှေ့ပညတ္တိကျမ်း၌ပါရှိသော ထုံးဖွဲ့ချက်၊ မိန့်မှာချက်၊ ဆုံးဖြတ်ချက်၊ သက်သေခံချက်များကို စောင့်ထိန်းလျက်၊ နည်းလမ်းတော်များအတိုင်း လိုက်လျှောက်လျက် ကိုယ့်ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို ကျိုးနွံလော့။ ၎င်းပြင် ဇေရုယာ့သားယွာဘသည် စစ်ရေးမဖြစ်ဘဲ စစ်အသွေးကိုသွန်းသဖြင့် ကိုယ်ပတ်သော ခါးစည်း၊ ကိုယ်စီးသောဖိနပ်များကို စစ်အသွေးလူးစေလျက် ဣသရေလဗိုလ်ချုပ်နှစ်ဦး၊ နေရသား အာဗနာ၊ ယေသာ့သားအာမသတို့အား ပြုသောအမှု၊ ငါ၌ပင်ပြုရာရောက်သောအမှုကို သင်သိသည်နှင့်အညီ ပညာရှိသည့်အတိုင်း စီရင်၍ ဆံဖြူအိုမင်းသော ထိုသူ့ကို မရဏာ့နိုင်ငံသို့ ငြိမ်သက်စွာ ဆင်းသွားခွင့်မပေးနှင့်။ ဂိလဒ်နယ်ရှိဗာဇိလဲ၏သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်တွင် စားရသူတို့အဝင်ဖြစ်စေ လော့။ သင့်နောင်တော်အဗရှလုံကြောင့် ငါတိမ်းရှောင်ရသောအခါ ထိုသူတို့သည် ငါ့ထံလာ၍ ကျေးဇူး ပြုကြ၏။ မဟာနိမ်မြို့သို့ငါထွက်သောနေ့၌ ရုန့်ရင်းစွာဆဲဆိုသော ဗင်္ယာမိန့့်အနွယ်၊ ဗာဟုရိမ်မြို့နေ ဂေရသားရှိမိသည် သင့်လက်ဝယ်ရှိ၏။ ငါ့ကိုခရီးကြိုဆိုရန် ယော်ဒန်မြစ်သို့လာစဉ် ငါမကွပ်မျက်ဟု ထာဝရဘုရားကို တိုင်တည်၍သစ္စာဆိုခဲ့သော်လည်း သင်သည်ပညာရှိသည့်အတိုင်း အပြစ်ကင်းသူဟုမမှတ်ဘဲ မည်သို့စီရင်ထိုက်သည်ကိုသိသည်နှင့် အညီ သေဒဏ်စီရင်လျက် ဆံဖြူအိုမင်းသောထိုသူလည်း မရဏာ့နိုင်ငံသို့ဆင်းစေလော့ဟုမှာထား ပြီးမှ 10 ဒါဝိဒ်မင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်ရာ ဒါဝိဒ်မြို့တော်၌ စျာပနပြုကြလေ၏။ 11 ဒါဝိဒ်မင်းကား ဟေဗြုန်မြို့တွင် နန်းစံခုနစ်နှစ်၊ ယေရုရှလင်မြို့တွင် သုံးဆယ့်သုံးနှစ်၊ နှစ်ရပ်နှစ်ပေါင်းလေးဆယ်၊ ဣသရေလလူမျိုးကိုအုပ်စိုးသတည်း။
12 ရှောလမုန်မင်းသည် ခမည်းတော်ဒါဝိဒ်မင်း၏ ရာဇပလ္လင်ထက်စံနေ၍ အာဏာတော် ခိုင်ခံ့သည့်ကာလ 13 ရှောလမုန်မင်း၏မယ်တော် ဗာသရှေဘထံ ဟဂ္ဂိတ်သားအဒေါနိယလာရောက်ရာ ဗာသရှေဘက မိတ်ဆွေအဖြစ်လာသလောဟုမေးလျှင် 14 မှန်ပါ၏။ လျှောက်ရန်လည်းရှိပါသည်ဟုတင်သော်၊ မယ်တော်က ပြောပါဦးဟုဆို၏။ 15 အဒေါနိယကလည်း နိုင်ငံတော်သည် ကျွန်တော့်ပိုင်ရာဖြစ်သည့်အတိုင်း ကျွန်တော် မင်းပြုမည်ဟု ဣသရေလတစ်မျိုးလုံးမျှော်လင့်ခဲ့ကြသည်ကို မယ်တော်သိပါ၏။ သို့ရာတွင် ထာဝရဘုရားစီရင်တော်မူသည်နှင့်အညီ နိုင်ငံတော်သည် လက်ပြောင်းလျက် ညီတော်ပိုင် ဖြစ်လေပြီ။ 16 သို့ဖြစ်၍ မယ်တော့်ထံဆုတစ်ပါးကို ကျွန်တော်ခံလိုပါ၏။ မျက်နှာလွှဲတော်မမူပါနှင့်ဟု လျှောက်လျှင် တောင်းလော့ဟုဆိုရာ 17 မယ်တော့်မျက်နှာကို လွှဲတော်မမူသော ရှောလမုန်မင်း သည် ရှုနင်မြို့သူအဘိရှက်နှင့် ကျွန်တော်အား ထိမ်းမြားဆောင်းနှင်းတော်မူစေရန် တောင်းပေးပါဟုလျှောက်သော် 18 ဗာသရှေဘက၊ ကောင်းပြီ။ သင့်အဖို့ဘုရင်မင်းထံတောင်းမည်ဟုဆိုပြီးမှ အဒေါနိယ အဖို့တောင်းအံ့သောငှါ 19 ရှောလမုန်မင်းထံဝင်သောအခါ ဘုရင်မင်းသည်ထ၍ မယ်တော်ကိုဆီးကြိုဦးညွှတ်ပြီးလျှင် ပလ္လင်ပေါ်တွင် ထိုင်ပြန်လျက် လက်ျာဘက်၌မယ်တော်ထိုင်ရန် ပလ္လင်တစ်ခုကိုတည်ခင်းစေ၏။ 20 မယ်တော်က၊ သိမ်ငယ်သောဆုတစ်ပါးကို တောင်းလိုပါ၏။ မျက်နှာလွှဲတော်မမူလင့်ဟုဆိုသော် တောင်းတော်မူပါ။ မယ်တော်။ 21 လွှဲမည်မဟုတ်ဟု ဘုရင်မင်းပြန်လျှောက်ရာ ရှုနင်မြို့သူအဘိရှက်ကို နောင်တော် အဒေါနိယနှင့်ထိမ်းမြားဆောင်နှင်းတော်မူစေလိုသည်ဟု တောင်းလေ၏။ 22 ရှောလမုန်မင်းက၊ အဒေါနိယအဖို့ ရှုနင်မြို့သူအဘိရှက်ကိုသာ အဘယ်ကြောင့် တောင်းသနည်း။ နောင်တော်ဖြစ်သူ အဒေါနိယမှစ၍ ပရောဟိတ်အဗျာသာ ဇေရုယာ့သား ယွာဘတို့အဖို့ နိုင်ငံတော်ကိုပင် တောင်းပါဦးဟု ပြန်ဆိုပြီးမှ 23 ထိုဆုကို တောင်းသောအဒေါနိယသည် ကိုယ့်အသက်အန္တရာယ်ကိုရှာကြံရာမရောက်ခဲ့လျှင် ငါ့အပေါ်တွင် ဘုရားသခင်သာ၍ အပြစ်စီရင်ပါစေသော။ 24 ကတိတော်နှင့်အညီ ခမည်းတော်ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်တွင် ငါ့ကိုခိုင်ခံ့စွာတင်၍ နန်းညွန့်နန်းနွယ်ကိုပေးသနားတော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း အဒေါနိယသည် ယနေ့သေဒဏ်ခံရမည်ဟု ထာဝရဘုရားကို တိုင်တည်လျက် သစ္စာဆိုပြီး နောက် 25 လွှတ်လိုက်သောယောယဒသား ဗေနာယသည် အဒေါနိယကိုကွပ်မျက်လေ၏။
26 ပရောဟိတ်အဗျာသာအား ဘုရင်မင်းက သင်သည် သေဒဏ်ခံထိုက်သော်လည်း အရှင်ထာဝရဘုရား၏သေတ္တာတော်ကို ခမည်းတော်ဒါဝိဒ်မင်းရှေ့ပင့်ဆောင်သည့်ပြင် ခမည်းတော်ဆင်းရဲရောက်လေရာရာ သင်ပါဆင်းရဲခံခဲ့သည်ကိုထောက်၍ ယခုချမ်းသာ ပေးမည်။ အာနသုတ်မြို့ရှိ သင့်ပိုင်မြေသို့သွားနေလော့ဟုမိန့်ဆိုရာ၌ 27 ဧလိအနွယ်ကိုရည်၍ ရှိလောမြို့တွင် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော် ပြည့်စုံစေရန် အဗျာသာကို ထာဝရဘုရား၏ပရောဟိတ်ရာထူးမှ ရှောလမုန်မင်းနုတ်ပယ် သတည်း။
28 ယွာဘသည် အဗရှလုံ့ဘက်သို့မပါသော်လည်း၊ အဒေါနိယဘက်သို့ လိုက်ပါမိသည့်အတွက် ထိုသတင်းကိုကြားသော်၊ ထာဝရဘုရား၏တဲတော်သို့ ပြေးဝင်၍ ပူဇော်ရာပလ္လင် တော်စိန်တောင်ကို ကိုင်လျက်နေလေ၏။ 29 ထာဝရဘုရား၏တဲတော်သို့ ယွာဘပြေးဝင်လျက် ပူဇော်ရာပလ္လင်တော်အနီးတွင် ခိုနေပါသည်ဟု ရှောလမုန်မင်းအား တင်လျှောက်ကြသောအခါ ယွာဘကိုလည်း ကွပ်မျက် လော့ဟူသောအမိန့်နှင့် ယောယဒသား ဗေနာယကို လွှတ်လိုက်သည့်အတိုင်း 30 ထာဝရဘုရား၏တဲတော်သို့ ဗေနာယရောက်သော်၊ ထွက်ခဲ့လော့ဟူသော အမိန့်တော်ပါသည်ဟုဆိုလျှင် ငါမထွက်။ ဤဌာနတွင်ပင် အသေခံမည်ဟု ဆိုသည်နှင့် ယွာဘဤသို့ဆိုကြောင်း ဗေနာယပြန်လျှောက်သော်၊ 31 ဘုရင်မင်းက၊ အကြောင်းမဲ့ယွာဘသွန်းခဲ့သောအသွေးအပြစ်ကို ငါနှင့်တကွ ဆွေတော်မျိုးတော်တို့မှပယ်စေခြင်းငှါ သူဝန်ခံချက်အတိုင်း ကွပ်မျက်သင်္ဂြိုဟ်လိုက်လော့။ 32 ကိုယ့်ထက်ဖြောင့်မတ်ကောင်းမွန်သူ၊ ဣသရေဗိုလ်ချုပ်၊ နေရသားအာဗနာနှင့် ယုဒ ဗိုလ်ချုပ်၊ ယေသာ့သားအာမသတို့ကို ခမည်းတော်ဒါဝိဒ်မင်းခွင့်မပြုဘဲ ဓားဖြင့်သတ်ခဲ့ သည့်အတွက် ချင့်အသွေးကိုချင့်ဦးထိပ်ထက် ထာဝရဘုရားရောက်စေတော်မူမည်။ 33 ထိုသူတို့အသွေးလည်း ယွာဘနှင့်သားမြေးမြစ်တို့ဦးထိပ်ထက် အစဉ်ရောက်သဖြင့် ခမည်းတော်၊ နန်းညွန့်နန်းနွယ် သားမြေးမြစ်တော်တို့နှင့်တကွ ရာဇပလ္လင်ပါ ကာလအစဉ် ထာဝရဘုရားအထံတော်မှ ငြိမ်သက်ခြင်းတည်ရှိပါလိမ့်မည်ဟု မိန့်ဆိုသည့်အတိုင်း 34 ယောယဒသားဗေနာယသည် သွားရောက်၍ ယွာဘကို ကွပ်မျက်ပြီးလျှင် တောရှိသူ့နေရာဝင်းအတွင်းသင်္ဂြိုဟ်ကြ၏။ 35 ဘုရင်မင်းသည် ဗိုလ်ချုပ်ယွာဘရာထူး၌ ယောယဒသားဗေနာယကိုလည်းကောင်း၊ အဗျာသာ့ ရာထူး၌ပရောဟိတ်ဇာဒုတ်ကိုလည်းကောင်း ခန့်ထားလေ၏။
36 ထိုနောက် ဘုရင်မင်းသည် ရှိမိကိုခေါ်ပြီးလျှင် ယေရုရှလင်မြို့တွင်း၌ အိမ်ဆောက်၍ နေလော့။ မြို့ပြင်မည်သည့်အရပ်ကိုမျှ သင်မထွက်မသွားရ။ 37 မြို့ပြင်သို့ထွက်၍ ကေဒြုန်ချောင်းကိုကူးသောနေ့၌ပင်၊ မုချသေဒဏ်ခံရမည်ကို သိမှတ်လော့။ သင့်အသွေးလည်း သင့်ဦးထိပ်ထက်တည်လိမ့်မည်ဟုမိန့်ဆိုသော်၊ 38 ရှိမိက၊ အမိန့်တော်သင့်မြတ်လှပါပြီ။ အရှင်မင်းမြတ်အမိန့်တော်ကို ကျွန်တော်မျိုး လိုက်နာပါမည်ဟု ဝန်ခံလျက် ယေရုရှလင်မြို့အတွင်း ကြာမြင့်စွာနေလေ၏။ 39 သုံးနှစ်ကျော်လွန်သောအခါ ရှိမိကျွန်တို့အနက် နှစ်ယောက်သည် မာခါ့သား၊ ဂါသဘုရင်အာခိတ်မင်းထံပြေးသွား၍ ၎င်းမြို့၌ခိုဝင်ကြောင်း ရှိမိကြားသော်၊ 40 မြည်းကိုကတင်ပြီးလျှင် ဂါသမြို့စံအာခိတ်မင်းထံစီးသွား၍ ကျွန်တို့ကို ​ရှာဖွေခေါ် ခဲ့လေ၏။ 41 ထိုသို့ရှိမိသည် ယေရုရှလင်မြို့မှ ဂါသမြို့သို့သွား၍ ပြန်လာသည်ဟု ရှောလမုန် မင်းကြားလေသော် ရှိမိကိုခေါ်လျက် 42 သင်သည်မြို့ပြင်ထွက်၍ အခြားသို့သွားသောနေ့၌ပင်၊ မုချသေဒဏ်ခံရမည်ဟု သေချာစွာသိမှတ်စေရန် ထာဝရဘုရားကိုတိုင်တည်လျက် သစ္စာဆိုသောသင့်အား ငါသတိပေးခဲ့သည်မဟုတ်လော။ သင်ကလည်း၊ ကျွန်တော်နာခံရသောအမိန့်တော်သင့် မြတ်လှပါပြီဟု ဝန်ခံသည်မဟုတ်လော။ 43 သို့ဖြစ်လျက် ထာဝရဘုရားရှေ့ငါပေးသောသစ္စာတော်ကိုလည်းကောင်း၊ ငါသတ်မှတ်သောစည်း ကမ်းကိုလည်းကောင်း၊ အဘယ်ကြောင့် ေဖာက်ကျော်ဘိသနည်းဟု မိန့်ဆိုပြီးမှ 44 ငါ့ခမည်းတော်ဒါဝိဒ်မင်းအား ပြုခဲ့သောဒုစရိုက်ကိုလည်း စိတ်တွင်သင်သိသည့်အတိုင်း ထာဝရဘုရားသည် သင့်ဒုစရိုက်အပြစ်ကိုသင့်ဦးထိပ်ထက် တည်စေတော်မူလိမ့်မည်။ 45 ငါရှောလမုန်မင်းမူကား ကောင်းကြီးမင်္ဂလာခံစား၍ ဒါဝိဒ်မင်းရာဇပလ္လင်တော်လည်း ထာဝရဘုရားရှေ့တော်၌ အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်ဆိုပြီးနောက် 46 ယောယဒသား ဗေနာယအား အမိန့်ပေးသည့်အတိုင်း ရှိမိကိုထုတ်လျက် ကွပ်မျက်လေ၏။ ထိုသို့ရှောလမုန်မင်း အာဏာတော်ခိုင်ခံ့သတည်း။