9
ငါ၏အမျိုးသတို့သမီးတွင်၊ အသတ်ခံရသူတို့အတွက်၊ နေ့ညဉ့်မဟူ ငါငိုကြွေးရစေရန်၊ ဦးခေါင်းသည်ရေအလျဉ်၊ စက္ခုသည် မျက်ရည်စမ်းတွင်း၊ ဖြစ်ပါစေသော။
သူ့သားအိမ်ရာကိုပြစ်မှားသူ၊ သစ္စာဖျက်သောအသင်းအပင်းဖြစ်သူ၊ ငါ၏အမျိုးသားချင်းတို့ကိုစွန့်၍ထွက်သွားရအံ့သောငှာ၊ တော၌ခရီးသည်တို့စားခန်းကိုငါတွေ့ပါရစေ။ ထိုသူတို့သည်မုသာသုံးရန် ကိုယ့်လျှာကိုလေးသဖွယ်တင်လျက်၊ နေပြည်တွင်သစ္စာမဲ့တန်ခိုးကြီးကြ၏။ အဆိုးထက်အဆိုးကိုပြုမြဲပြုလျက်၊ ငါ့ကို မသိမကျွမ်းဟု ထာဝရဘုရားမိန့်တော်မူ၏။ ဆွေမျိုးသားချင်းဟူသမျှသည် လှည့်ပတ်စီးပိုးခြင်း၊ အပေါင်းအေဖာ်ဟူသမျှလည်း၊ လှည့်လည်ကုန်းချောခြင်းကိုပြုကြသဖြင့်၊ အပေါင်းအဖော်ကိုသတိနှင့်ရှောင်လျက်၊ ဆွေမျိုးသားချင်းကိုပင်စိတ်မချကြနှင့်။ အသီးအသီးတို့သည်သစ္စာမဲ့၍ အချင်းချင်းလှည့်စားလျက်၊ မုသာသုံးရန်ကိုယ့်လျှာကိုပဲ့ပြင်လျက်၊ ဒုစရိုက်ကို ကြိုးကြိုးပန်းပန်းပြုကြ၏။ လှည့်စားသောလူ့ဘောင်တွင် သင်နေရ၏။ လှည့်စားလေ့ရှိသဖြင့် ထိုသူတို့သည် ငါ့ကိုသိကျွမ်းသောစိတ်မရှိဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ငါချွတ်၍လှော်လိမ့်မည်။ ငါ့လူမျိုးသတို့သမီးကိုထောက်၍၊ မည်သည့်နည်းအားဖြင့်၊ ငါစီရင်အပ်တော့သနည်း။ သူတို့၏လှည့်စားခြင်းလျှာသည် ထက်သောမြှားသဖွယ်ဖြစ်၏။ အပေါင်းအဖော်အား နှုတ်ချိုစွာပြောတတ်သော်လည်း၊ စိတ်၌တပ်ပုန်းသဖွယ်ထား၏။ ထိုအမှုများကြောင့်ငါမစီရင်အပ်သလော။ ထိုသို့သောလူမျိုးကို၊ ငါလက်စားမချေအပ်သလောဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
10 ငါသည်တောင်တန်းအတွက် ငိုကြွေးမြည်တမ်းလျက်၊ တောကုန်းစားကျက်များအတွက် ငိုချင်းဖွဲ့ဆိုအံ့။ ဖြတ်သန်းသူကင်းအောင်၊ ထိုနေရာများကျွမ်းလောင်သဖြင့်၊ လေသတ္တဝါ၊ မြေသတ္တဝါအပေါင်းတို့ပြေးသွား၍၊ တိရစ္ဆာန်မြည်သံကိုမကြားရ။ 11 ငါသည် ယေရုရှလင်မြို့ကို ခွေးအတို့အောင်းရာအမှိုက်ပုံ၊ ယုဒပြည်မြို့ရွာများကိုနေသူမဲ့ဖုန်းဆိုးကုန်းဖြစ်စေမည်ဟူသော။ 12 ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံနားလည်၍၊ ေဖာ်ပြနိုင်ရန် ပညာရှိသူကား၊ မည်သူနည်း။နေပြည်သည်ဖြတ်သန်းသူကင်းသောသဲတောကဲ့သို့၊ အဘယ့်ကြောင့် ကျွမ်းလောင်ပျက်စီးရသနည်း။ 13 ထာဝရဘုရားကလည်း၊ ထိုသူတို့သည် ဗျာဒိတ်တော်သံကိုနားမထောင်၊ ငါပေးထားခဲ့သောပညတ်တရားအတိုင်း မလိုက်မလျှောက်၊ စွန့်ပယ်ကြသည့်ပြင်၊ 14 ခက်မာသောကိုယ့်သဘောအတိုင်းဘိုးဘေးတို့သွန်သင်ရာဗာလနတ်များနောက်၊ လျှောက်လိုက်ခဲ့ကြသောကြောင့်၊ 15 ဗိုလ်ခြေတို့အရှင် ငါထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်ဆိုသည်မှာ၊ ငါသည်ဤလူမျိုးအား၊ ခါးသောခဲဖွယ်သောက်ဖွယ်ကိုတိုက်ကျွေးလျက်၊ 16 ဘိုးဘေးတို့မှစ၍ ကိုယ်တိုင်မသိဘူးသောလူမျိုးခြားတို့တွင်၊ ကွဲလွင့်စေသည့်ပြင်၊ ကုန်ခန်းသည့်တိုင်အောင်၊ ဓားဘေးသင့်စေမည်ဟူ၍တည်း။
17 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဗျာဒိတ်တော်အတိုင်း၊ ထိုအရေးကိုစဉ်းစား၍၊ ငိုချင်းဖွဲ့ဆိုသောမိန်းမ၊ လိမ္မာသောမိန်းမတို့ကိုခေါ်သည်နှင့်၊ 18 လျင်မြန်စွာရောက်ပြီးလျှင်၊ ငါတို့မျက်ရည်ကျ၍၊ မျက်ခမ်းမှ ရေစီးထွက်သည့်တိုင်အောင်၊ ငါတို့အတွက်မြည်တမ်းကြလေစေ။ 19 ငါတို့သည် ပျက်စီးကြလေစွ။ ငါတို့အိမ်များကိုဖြိုလှဲကြသဖြင့်၊ နေပြည်ကို စွန့်ခွာရသည့်အလျောက်၊ အလွန်တရာအရှက်ကွဲကြသည်တကားဟု၊ ဇိအုန်မြို့မှ မြည်တမ်း သံကို ကြားရ၏။ 20 အိုမိန်းမတို့၊ ထာဝရဘုရား၏ဗျာဒိတ် မုက္ခပတ်တော်ကိုနားထောင်နာခံလျက်၊ သမီးတို့အား မြည်တမ်းမှုကိုလည်း‌ေကာင်း၊ အပေါင်းအဖော်တို့အား​ငိုချင်းဖွဲ့ဆိုမှုကိုလည်း‌ေကာင်း၊ သွန်သင်ကြလော့။ 21 ပြင်ပရှိသူငယ်တို့နှင့်၊ လမ်းများရှိလူပျိုတို့ကိုပယ်ရှားအံ့သောငှာ၊ သေမင်းသည် ငါတို့လေသာပြူတင်းများသို့တက်လာ၍၊ ဘုံဗိမာန်များအတွင်းဝင်ရောက်ခဲ့လေစွ။ 22 လယ်ယာပြင်ရှိ မြေဩဇာသဖွယ်၊ ရိတ်ပြီးစုသိမ်းမဲ့ကောက်ဆုပ်သဖွယ်၊ အသေကောင်တို့လဲကျလျက် နေကြလိမ့်မည်ဟု၊ ထာဝရဘုရားအမိန့်တော်အတိုင်းဖွဲ့ဆိုကြလော့။
23 ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ပညာရှိသည် ပညာကြောင့်လည်း‌ေကာင်း၊ စွမ်းရည်ရှိသူသည် စွမ်းရည်ကြောင့်လည်း‌ေကာင်း၊ ကြွယ်ဝသူသည် ကြွယ်ဝခြင်းကြောင့်လည်း‌ေကာင်း၊ ကိုယ်ကိုဂုဏ် မတင်ရ။ 24 ဂုဏ်တင်လိုသူကား၊ ကရုဏာပြခြင်း၊ တရားစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းများကိုမွေ့လျော်၍မြေကြီးပေါ်၌ စီရင်တော်မူသော၊ ငါထာဝရဘုရားကိုနားလည်သိကျွမ်းခြင်းကြောင့်သာ ဂုဏ်တင်စေဟုမိန့်တော်မူ၏။
25-26 ထာဝရဘုရားကလည်း၊ လူမျိုးခြားအပေါင်းတို့နှင့်တကွ၊ ဣသရေလအမျိုးသားတို့သည်၊ စိတ်နှလုံး၌ လှီးဖြတ်ခြင်းမင်္ဂလာကို မခံဘဲနေကြသောကြောင့်၊ လှီးဖြတ်ခြင်းမင်္ဂလာခံဖူးရာ၌၊ မခံသကဲ့သို့ဖြစ်သော အိဂျစ်၊ ယုဒ၊ ဧဒုံ၊ အမ္မုန်၊ မောဘ အမျိုးသားတို့ကိုလည်း‌ေကာင်း၊ သဲတောနေ နဖူးထိပ်ဆံရိတ်သူအပေါင်းတို့ကိုလည်း‌ေကာင်း၊ အစီအရင်ငါလာသောနေ့ရက်ကာလရောက်တော့မည်ဟုမိန့်တော်မူ၏။