52
ဇေဒကိမင်းသည်အိမ်နိမ့်နှစ်ဆယ့်တစ်နှစ်ရှိသော်၊ နန်းတက်၍၊ ယေရုရှလင်မြို့၌ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော့်အမည်ကား၊ လိဗနမြို့သားယေရမိ၏သမီးဟာမုတလတည်း။ ထိုမင်းသည်၊ ယေေခါနိမင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့ဆိုးသွမ်းမှုကိုပြုကျင့်သည့်အတွက်၊ မျက်မှောက်တော်မှပယ်ပစ်သည့်တိုင်အောင်၊ ထာဝရဘုရားအမျက်တော်ကြောင့်၊ ယေရုရှလင်မြို့မှစ၍၊ ယုဒတစ်ပြည်လုံး၌ဘေးသင့်သတည်း။ ဇေဒကိမင်းလည်း၊ ဗာဗုလုန် ဘုရင်ကိုခြားနားသည်ဖြစ်၍၊ 4-5 နန်းစံကိုးနှစ်၊ ဒသမလ၊ ဆယ်ရက်တွင်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည်၊ အလုံးအရင်းပါ၊ ယေရုရှလင်မြို့သို့ချီတက်၍၊ မြို့ပတ်လည်တွင်ကတုတ်လှန်ပြီးလျှင် ဇေဒကိမင်းနန်းစံဆယ့်တစ်နှစ်တိုင်အောင် တပ်စွဲဝိုင်းထားကြ၏။ စတုတ္ထလ၊ ကိုးရက်နေ့တိုင်ရောက်သော်၊ မြို့သူမြို့သားတို့အစာမဲ့မွတ်သိပ်၍၊ မြို့ရိုးလည်းပေါက်သဖြင့်၊ ညဉ့်အခါ၊ ခါလဒဲစစ်တပ်ဝိုင်းထားလျက်ပင်၊ ဘုရင်မင်းနှင့်တကွ စစ်သားအပေါင်းတို့သည်၊ ဥယျာဉ်တော်အနီး၊ မြို့ရိုးနှစ်ထပ်ကြားမလွယ်တံခါးဖြင့်၊ မြို့တွင်းမှထွက်၍၊ အာရာဗာချိုင့်လမ်းသို့ပြေးသွားကြရာ၊ ခါလဒဲတပ်သားတို့သည်၊ ဘုရင်မင်းကိုလိုက်လံလျက်၊ ယေရိခေါချိုင့်တွင်၊ ဗိုလ်ထုကွဲပြားနှင့်သော ထိုဇေဒကိမင်းကိုမှီ၍၊ ဖမ်းဆီးပြီးလျှင်၊ ဟာမတ်ပြည်၊ ရိဗလမြို့ရှိဗာဗုလုန်ဘုရင်ထံယူသွားကြသော်၊ စီရင်သည့်အတိုင်း၊ 10 ဗာဗုလုန်ဘုရင်သည် သားတော်တို့ကိုခမည်းတော်၏မျက်မှောက်တွင်ပင်၊ ကွပ်မျက်၍၊ ယုဒမှူးမတ်ရှိသမျှကိုလည်း၊ ရိဗလမြို့တွင်ကွပ်မျက်သည့်ပြင်၊ 11 ဇေဒကိမင်းမျက်စိကိုဖောက်လျက်၊ ခြေချင်းစွဲလျက်၊ ဗာဗုလုန်မြို့သို့ယူသွားပြီးလျှင်၊ အသက်ထက်ဆုံးကြေးတိုက်၍သွင်းထားလေ၏။
12 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းနန်းစံဆယ့်ကိုးနှစ်၊ ပဥ္စမလ၊ ဆယ်ရက်တွင်၊ ဗာဗုလုန်ဘုရင်၏အပါးတော်ထမ်း၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည်၊ ယေရုရှလင်မြို့သို့ ချီတက်၍၊ 13 ဗိမာန်တော်၊ နန်းတော်မှစသော၊ ယေရုရှလင်မြို့ရှိတိုက်ကြီး၊ အိမ်ကြီးဟူသမျှကို၊ မီးတိုက်လေ၏။ 14 ကိုယ်ရံတော်မှူးနောက်ပါ ခါလဒဲဗိုလ်ထုတို့လည်း၊ ယေရုရှလင်ပတ်လည်မြို့ရိုးကို ဖြိုဖျက်ကြပြီးလျှင်၊ 15 ဆင်းရဲသားအချို့တို့ကိုလည်းေကာင်း၊ မြို့တွင်း၌ ကြွင်းကျန်သူတို့ကိုလည်းေကာင်း၊ ဗာဗုလုန်ဘုရင်ဘက်တော်သို့ကူးဝင်သူတို့ကိုလည်းေကာင်း၊ လက်မှုပညာတတ်မြောက်သူ အကြွင်းအကျန်တို့ကိုလည်းေကာင်း၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည်သိမ်းသွားလျက်၊ 16 ဆင်းရဲသောပြည်သူပြည်သားတို့ကိုကား၊ လယ်ခြံလုပ်ကိုင်စေရန်ထားခဲ့၏။ 17 ဗိမာန်တော်ရှိ ကြေးတိုင်များ၊ ​ကြေးရေကန်၊ ကြေးအောက်ခံများကို၊ ခါလဒဲလူမျိုးတို့ဖဲ့၍ ဗာဗုလုန်မြို့သို့ယူသွားကြ၏။ 18 အိုး၊ ကော်ပြား၊ မီးညှပ်၊ အင်တုံ၊ ခွက်မှစ၍။ ဝတ်ပြုရာကြေးအသုံးအဆောင်များကိုယူလျက်၊ 19 ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော၊ ဖလား၊ မီးကျီးခံ၊ အင်တုံ၊ အိုး၊ မီးခုံ၊ ခွက်၊ ဇလုံများကိုလည်း၊ ကိုယ်ရံတော်မှူးယူသွားလေ၏။ 20 ဗိမာန်တော်အဖို့ရှောလမုန်မင်းလုပ်ခဲ့သောတိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ကြေးနွားရုပ်ဆယ့်နှစ်ကောင်၊ အောက်ခံများ၏ကြေးကိုကား၊ မချိန်မတွယ်နိုင်ချေ။ 21 တိုင်များဆိုသော်၊ တစ်တိုင်လျှင်အမြင့်ဆယ့်ရှစ်တောင်၊ လုံးပတ်ဆယ့်နှစ်တောင်၊ ထုလေးသစ်အခေါင်းပါ၏။ 22 ကြေးတိုင်အုပ်အမြင့်ငါးတောင်တွင်၊ ကြေးကွန်ချာနှင့်ကြေးသလဲသီးပုံများပါချယ်လယ်၏။ ဒုတိယတိုင်လည်း သလဲသီးပုံများပါ၊ ထိုနည်းတူပင်တည်း။ 23 ချယ်လှယ်သောကွန်ချာရှိသလဲသီးပုံပေါင်းတစ်ရာအနက်၊ ကိုးဆယ့်ခြောက်လုံးသည် တွဲလွဲနေ၏။ 24 ကိုယ်ရံတော်မှူးသည်၊ ပရောဟိတ်မင်းစရာယ၊ ဒုတိယပရောဟိတ်ဇေဖနိ၊ အတွက်အဝင်စောင့်ကြည့်ရသူသုံးယောက်တို့ကိုလည်းေကာင်း၊ 25 စစ်သူရဲအုပ်မိန်းမစိုးတစ်ယောက်၊ နောက်တွေ့မင်းတိုင်ပင်အမတ်ခုနစ်ယောက်၊ ပြည်တော်ဆိုင်ရာစစ်အမိန့်တော်ပြန်သံတော်ဆင့်တစ်ယောက်၊ နောက်တွေ့ပြည်သားခြောက်ဆယ်တို့ကိုလည်းေကာင်း၊ ဖမ်းဆီး၍ ရိဗလမြို့ရှိ ဗာဗုလုန်ဘုရင့်ထံယူသွားရာ၊ 26-27 ဟာမတ်ပြည်၊ ရိဗလမြို့တွင်၊ ဗာဗုလုန်ဘုရင်ကွပ်မျက်လေ၏။ 28 နေဗုခဒ်နေဇာမင်းသိမ်းသွားသောသူတို့မှာ၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒလူမျိုးသုံးထောင့်နှစ်ဆယ့်သုံးယောက်၊ နန်းစံဆယ့်ရှစ်နှစ်တွင်၊ 29 ယေရုရှလင်မြို့မှသိမ်းသွားသူရှစ်ရာ့သုံးဆယ့်နှစ်ယောက်။ 30 နန်းစံနှစ်ဆယ့်သုံးနှစ်တွင်၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သိမ်းသွားသောယုဒလူမျိုးခုနစ်ရာ့လေးဆယ့်ငါးယောက်၊ စုစုပေါင်းလေးထောင့်ခြောက်ရာတည်း။
31 ယုဒဘုရင်ယေခေါနိမင်းသိမ်းသွားခံရသောသုံးဆယ့်ခုနစ်နှစ်၊ ဒွါဒသမလ၊ နှစ်ဆယ့်ငါးရက်၌၊ ဗာဗုလုန်ဘုရင်ဧဝိလမေရောဒက်မင်းသည်၊ နန်းစံတစ်နှစ်တွင်၊ ထိုမင်းကိုကြေးတိုက်မှလွှတ်ပြီးလျှင်၊ 32 ကောင်းမွန်စွာနှုတ်ခွန်းဆက်သလျက်၊ လက်အောက်ခံဗာဗုလုန်မြို့ရှိဘုရင်တကာတို့ထက်နေရာတော်မြင့်စေလေ၏။ 33 ယေခေါနိမင်းသည်၊ ကြေးတိုက်အဝတ်ကိုလဲ၍၊ အသက်ထက်ဆုံးအထံတော်၌ ပွဲတော်စာကိုအစဉ်စားသောက်ခွင့်ရ၏။ 34 မကွယ်လွန်မချင်းအသက်ထက်ဆုံးပင်၊ ပွဲတော်စာကို၊ ဗာဗုလုန်ဘုရင်အစဉ်ကျွေးမွေးသတည်း။