48
မောဘပြည်အကြောင်း၊ နေဗောမြို့ပျက်စီးသည့်အတွက်အကျိုးနည်းလေစွ။ ကိရယသိမ်မြို့အရှက်ကွဲ၍၊ သိမ်းယူခံရလေပြီ။ မိသဂပ်မြို့လည်းအရှက်ရ၍ပြိုပျက်လေစွ။ မောဘပြည်၏ဘုန်းအသရေပပြီ။ လူမျိုးတိမ်ကောစေခြင်းငှာ၊ ချီတက်ကြကုန်အံ့ဟူသောမကောင်းမှုကို၊ ဟေရှဘုန်မြို့၌ပင်ကြံစည်ကြလေပြီ။ အိုမာဒမေနမြို့။ ဓားဘေးလိုက်လံသဖြင့်၊ သင်လည်းဆိတ်ဆိတ်နေရတော့မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူ၏။ လုယက်ဖျက်ဆီးပယ်ရှားသံကို ဟောရနိမ်မြို့မှကြားရ၏။ မောဘပြည်ပျက်ပြားသည့်အလျောက်၊ သူငယ်တို့ပင်အော်ဟစ်သံပြုကြလေစွ။ လုဟိတ်ကုန်းလမ်းဖြင့်ငိုလျက်တက်သွားကြသည့်အလျောက်၊ ဟောရနိမ်မြို့အဆင်းလမ်း၌လည်း ပျက်ပြားခြင်းအတွက်၊ ပြင်းထန်စွာအော်သံကိုကြားရကြသည်တကား။ အသက်ချမ်းသာရအံ့သောငှာပြေး၍၊ လွင်ပြင်ရှိသစ်ငုတ်သဖွယ်နေကြလော့။ ကိုယ့်အလုပ်အဆောင်၊ ကိုယ့်အစီးအပွား၌အားထားသဖြင့်၊ သင်သည်သုံ့ပန်းခြင်း၊ ခေမုရှဘုရားလည်း၊ ဆိုင်ရာပရောဟိတ်နှင့်လူကြီးတို့ပါ၊ တစ်ပြိုင်နက်သုံ့ပန်းသိမ်းသွားခြင်း ခံရကြလတ္တံ့။ ထာဝရဘုရား၏မိန့်တော်မူချက်အရ၊ ဖျက်ဆီးသူသည်မြို့ရွာတိုင်းရောက်၍၊ တစ်မြို့တစ်ရွာမျှဘေးမလွတ်ရ၊ ချိုင့်နှင့်ပြန့်ပါ၊ ဖျက်ဆီးသုတ်သင်ခြင်းခံရလတ္တံ့။ ပျံဝဲထွက်သွားရစေခြင်းငှာ၊ မောဘပြည်အားအတောင်စုံကိုပေးကြလော့။ မြို့ရွာများသည် နေသူမဲ့ဆိတ်ညံရာရောက်လတ္တံ့။ 10 ထာဝရဘုရား၏အမှုတော်ကို လျစ်လျူစွာဆောင်ရွက်သူသည်၊ အမင်္ဂလာခံစေ။ အသွေးမသွန်းဘဲ ဓားကိုချုပ်တည်းသူလည်း၊ အမင်္ဂလာခံစေ။
11 မောဘသည် သုံ့ပန်းသိမ်းသွားမခံရဘဲ၊ ငယ်ကတည်းကပင် ချမ်းသာခံစားလျက်၊ တစ်မြူမှတစ်မြူသို့မပြောင်းရဘဲ၊ လက်ဟောင်းစပျစ်ရည်သဖွယ်၊ ငြိမ်ဆိမ့်လျက်နေရ သည့်အတွက်၊ အရသာတည်မြဲ၍၊ ရနံ့လည်းမပြယ်ချေ။ 12 သို့ဖြစ်၍၊ ထိုလူမျိုးကိုစောင်းငှဲ့ခြင်း၊ မြူများကိုမှောက်လှန်ခြင်း၊ အိုးများကိုခွဲဖျက်ခြင်းပြုရန်၊ စောင့်ငှဲ့အ့ံသူတို့ကို၊ ငါစေလွှတ်သည့်နေ့ရက်ကာလရောက်လတ္တံ့သောကြောင့်၊ 13 ဣသရေလအမျိုးသားတို့သည်၊ ကိုးစားရာဗေသလဘုရားအတွက်၊ အရှက်ရသည့်နည်းတူ၊ မောဘလူမျိုးလည်းခေမုရှဘုရားအတွက်၊ အရှက်ရကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 14 ငါတို့သည် သူရဲကောင်း၊ သူရဲစွမ်းဖြစ်သည်ဟု၊ သင်တို့ဆိုကြသည်မှာ၊ အသို့နည်း။ 15 မောဘပြည်သည် ပျက်စီး၍၊ မြို့ရွာများသို့ရန်သူချီတက်သဖြင့်၊ လက်ရွေးလူပျိုတို့ပင်၊ လုပ်ကြံသုတ်သင်ခံရကြပြီဟူ၍၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟုနာမရှိတော် မူသောဘုရင်မင်းမြတ်မိန့်တော်မူ၏။ 16 မောဘခံရသောဥပဒ်ရောက်လုပြီ။ ဘေးလည်းနှောင့်နှေးမည်မဟုတ်။ 17 အမည်ကိုသိသောပတ်ဝန်းကျင်ရှိသူအပေါင်းတို့၊ ခိုင်ခံ့သောတောင်ဝှေး၊ လှပသောလှံတံကျိုးပြတ်လေစွဟူ၍မြည်တမ်းကြလော့။ 18 ဒိဘုန်မြို့၌ နေထိုင်သောအိုသတို့သမီး၊ မောဘပြည်ကိုဖျက်ဆီးသူတက်ချီ၍၊ ခံမြို့များကိုဖြိုလှဲသောကြောင့်၊ အသရေကိုစွန့်၍​ရေငတ်မွတ်လျက် အိမ်နိမ့်တွင်နေထိုင်လော့။ 19 အိုအာရော်မြို့သူ၊ လမ်းခရီးကိုစောင့်ကြည့်လျက်ရပ်နေရာ၊ ထွက်ပြေးသောယောက်ျား၊ ဘေးလွတ်သောမိန်းမအား၊ အဘယ်နည်းဟုမေးမြန်းလော့။ 20 မောဘသည်ပြိုပျက်၍၊ အရှက်ရလေစွဟုအော်ဟစ်ကြလော့။ မောဘပျက်စီးပြီဟု အာနုန်ချောင်းတစ်ေလှျာက်ကြော်ငြာကြလော့။ 21 ပြန့်ရှိမြို့များတည်းဟူသော၊ ဟောလုန်၊ ယဟာဇ၊ မေဖတ်။ ဒိဘုန်၊ နေဗော၊ ဗက်ဒိဗလသိမ်၊ 22-23 ကိရိယသိမ်၊ ဗက်ဂမုလ၊ ဗက်မောင်၊ 24 ကေရုတ်၊ ဗောဇရမြို့များမှစ၍၊ မောဘပြည်ရှိ အနီးအဝေးမြို့ရွာများ၌ဒဏ်စီရင်ချက်ရောက်လေပြီ။ 25 မောဘသည် ဦးချိုဖြတ်ခြင်း၊ လက်ရုံးချိုးခြင်းခံရလေပြီဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 26 မောဘသည် ထာဝရဘုရားတစ်ဘက်၌မောက်ကြွားသောကြောင့်၊ ကိုယ့်အန်ဖတ်တွင်လူးလဲလျက်၊ လှောင်ေပြာင်ခံရသည့်တိုင်အောင်၊ မူးယစ်စေကြလော့။ 27 ဣသရေလလူမျိုးကိုရည်လျက်၊ သင်ပြောလေရာရာ၌၊ ခေါင်းခါ၍ ပြောင်လှောင်သည်ကား၊ ခိုးရာပါသည်ကိုတွေ့ဖူးသောကြောင့်လော။ 28 အိုမောဘပြည်သူပြည်သားတို့၊ မြို့ရွာများကိုစွန့်ပြီးလျှင်၊ ချောက်ကမ်းတစ်ဘက်အသိုက်လုပ်သောချိုးသဖွယ်၊ ကျောက်တောင်တွင်ခိုနေကြလော့။
29 မောဘ၏မာနသည် အလွန်ကြီးကြောင်းကိုလည်းေကာင်း၊ မောက်မာထောင်လွှားစော်ကားခြင်းနှင့် စိတ်နေမြင့်ခြင်းကြောင့်ကိုလည်းေကာင်း၊ ငါတို့ကြားသိရပြီ။ 30 ဒေါသအမျက်ထွက်ခြင်းနှင့်ဝင့်ဝါခြင်းသည်၊ အချည်းအနှီးဖြစ်လျက်၊ အကျိုးမရှိကြောင်း၊ ငါသိသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ 31 ထို့ကြောင့်၊ မောဘအတွက်အော်ခြင်း၊ ပြည်သူပြည်သားတို့အတွက်ဟစ်ခြင်းကို၊ ငါပြုသည့်အလျောက်၊ ကိရဟရက်မြို့သားတို့ကိုလည်း၊ လွမ်းဆွတ်ညည်းညူခြင်းရှိလိမ့်မည်။ 32 အိုတစ်ဘက်သို့ပြန့်ပွားလျက်၊ ယာဇာအိုင်တိုင်အောင်ရောက်သည့်အခက်အလက်နှင့် ပြည့်စုံသော၊ အိုစိဗမာစပျစ်ပင်၊ သင့်အသီးအရည်ကိုလုယက်သူတို့ရပြီးဖြစ်သောကြောင့်၊ ယာဇာသူမြို့သားတို့ငိုကြွေးကြသည်ထက်၊ ငါငိုကြွေးမည်။ 33 မောဘပြည်မှလည်းေကာင်း၊ ခြံထဲမှလည်းေကာင်း၊ ဝမ်းမြောက်ရွှင်လန်းခြင်းများကိုရုပ်သိမ်းသည့်အလျောက်၊ စပျစ်ကျင်းမှအသီးပြတ်စဲစေတော်မူသဖြင့်၊ ပျော်ရွှင်စွာဖိနင်းသူမရှိ။ ကြွေးကြော်သံလည်း ရွှင်လန်းသံမဟုတ်ချေ။ 34 နိမရိမ်ချောင်းလည်းဆိတ်ညံရာဖြစ်သဖြင့်၊ ဟေရှဘုန်မြို့မှ ဧလာလေမြို့နှင့်ရာဟပ်မြို့တိုင်အောင်လည်းေကာင်း၊ ဇောရမြို့မှဟောရနိမ်မြို့နှင့် ဧဂလတ်ရှလိရှမြို့တိုင်အောင်လည်းေကာင်း၊ အော်ဟစ်ခြင်းအသံကိုလွှင့်ကြလေပြီ။ 35 ၎င်းပြင်၊ မြင့်ရာဌာန၌တင်သသူ၊ ကိုယ့်ဘုရားအားမီးဖြင့်ပူဇော်သူတို့ကို၊ မောဘပြည်မှငါပြတ်စဲစေမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 36 ထို့ကြောင့်၊ မောဘပြည်အတွက်လည်းေကာင်း၊ ကိရဟရက်မြို့သားတို့အတွက်လည်းေကာင်း၊ ငါ့စိတ်နှလုံးသည် ပြွေသံပမာမြည်လိမ့်မည်။ ဆည်းပူးသောဥစ္စာလည်းပျက်ပြုန်းလေပြီ။ 37 လူဟူသမျှသည်ဆံမုတ်ဆိတ်ပယ်ခြင်း၊ လက်ထိရှခြင်း၊ လျှော်တေဆည်းခြင်းများကိုပြုကြလေပြီ။ 38 မောဘပြည်ကို မနှစ်မြို့သောမြေအိုးသဖွယ်၊ ငါခွဲပြီးဖြစ်သောကြောင့်၊ အိမ်မိုးပျဉ်တိုင်းအပေါ်၌လည်းေကာင်း၊ လမ်းဆုံ၌လည်းေကာင်း၊ ရှိသမျှတို့သည်မြည်တမ်းလျက်ရှိကြသည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 39 ပြိုပျက်ပြီးသည်တကား။ အော်လျက်ရှိကြသည်တကား။ မောဘသည် အရှက်ကွဲ၍ကျောခိုင်းရလေစွ။ မောဘသည် ပတ်ဝန်းကျင်ရှိသမျှတို့၌ ပြောင်လှောင်ရာ၊ စိတ်ပျက်ရာအကြောင်းဖြစ်လိမ့်တကား။
40 အသို့ဆိုသော်၊ ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ရန်သူသည် လင်းယုန်သဖွယ်အတောင်ဖြန့်လျက်၊ မောဘပြည်ပေါ်သို့သုတ်လာသဖြင့်၊ 41 ကိရဟရက်မြို့ကို၊ ခံတပ်များပါ၊ သိမ်းယူလုပ်ကြံလတ္တံ့သောကြောင့်၊ မောဘသူရဲကောင်းတို့စိတ်သည်၊ မီးဖွားခြင်းဝေဒနာခံစားသောပေါ်မိန်းမစိတ်ကဲ့သို့၊ ထိုနေ့ရက်ဖြစ်လိမ့်မည်။ 42 မောဘသည်၊ ငါထာဝရဘုရားတစ်ဘက်၌ မောက်ကြွားသောကြောင့်၊ လူမျိုးတိမ်ကောသည့်တိုင်အောင်၊ ပျက်စီးကြလိမ့်မည်။ 43 အိုမောဘပြည်သူပြည်သားတို့၊ ကြောက်မက်ဖွယ်ဘေး၊ တွင်းကျဘေး၊ ညွှတ်ကွင်းဘေးများသည်၊ သင့်ရောက်ခဲ့ပြီဖြစ်၍၊ 44 ကြောက်မက်ဖွယ်ဘေးမှ ပြေးသူသည်၊ တွင်းသို့ကျခြင်း၊ တွင်းကျမှလွတ်သူသည်၊ ညွှတ်ကွင်း၌မိခြင်းခံရလိမ့်မည်။ မောဘပြည်ပေါ်သို့ဒဏ်စီရင်ခြင်းခံရာ နှစ်ကာလကိုရောက်စေမည်ဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 45 ထွက်ပြေးရသူတို့သည်၊ ဟေရှဘုန်မြို့ရိပ်၌အားလျော့စွာရပ်တန့်ကြလေပြီ။ ရှိဟုန်မင်းစံဖူးသော ဟေရှဘုန်မြို့မှထွက်သောမီးလျှံသည်၊ မောဘအမျိုးနားထင်၊ အောင်သံပြုသူတို့ဦးထိပ်ကိုသင့်လောင်လေပြီ။ 46 အိုမောဘလူမျိုး၊ သင်သည်၊ အမင်္ဂလာရှိ၏။ ခေမုရှတပည့်သားတို့ပျက်ပြားကြပြီ။ ပြည်သားတို့သည် သုံ့ပန်းခြင်း၊ ပြည်သူတို့လည်းသိမ်းသွားခြင်းကိုခံရကြလေစွ။ 47 သို့ရာတွင်၊ သုံ့ပန်းခံရသောမောဘလူမျိုးကို၊ နောင်ကာလ၌ပြန်ပို့မည်ဟု၊ ငါထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။ မောဘပြည်စီရင်ချက်ဗျာဒိတ်ပြီး၏။