44
အိဂျစ်ပြည်၊ မိဂဒေါလ၊ တာပနက်၊ နောဖမြို့များ၌လည်းေကာင်း၊ ပါသရုနယ်၌လည်းေကာင်း၊ နေထိုင်သောယုဒလူမျိုးကိုရည်လျက်၊ ယေရမိသို့ရောက်လာသောဗျာဒိတ်တော်ကား၊ 2-3 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ယေရုရှလင်မြို့မှစသော ယုဒပြည်မြို့ရွာတိုင်းအပေါ်၌၊ ငါသင့်ရောက်စေသည့်ဘေးကို၊ သင်တို့ မြင်ရကြပြီ။ ဘိုးဘေးတို့မှစ၍၊ အဆက်ဆက်မသိဘူးသော အခြားဘုရားများအား၊ မီးဖြင့်ပူဇော်ဝတ်ပြုရန်လှည့်သွား၍၊ အမျက်တော်တိုက်အဆိုးပြုကြသည့်အတွက်၊ ထိုမြို့ရွာများသည်၊ နေသူမဲ့ဖုန်းဆိုးကုန်းယခုဖြစ်ရှာလေစွ။ ငါမုန်းထားသောဤရွံရှာဖွယ်အမှုကိုမပြုကြလင့်ဟုဆင့်ဆိုရန်၊ ကျွန်တော်ရင်းပရောဖက်တို့ကို၊ ဝိရိယစိုက်၍ ငါစေလွှတ်သော်လည်း၊ အခြားဘုရားများအား၊ မီးဖြင့်ပူဇော်သောဆိုသွမ်းမှုကိုကြဉ်ရှောင်ရန်၊ နာခံနားထောင်ခြင်း၊ မပြုကြသည်နှင့်၊ ယုဒပြည်ရှိမြို့ရွာများတွင်လည်းေကာင်း၊ ယေရုရှလင်မြို့ရှိလမ်းများတွင်လည်းေကာင်း၊ အမျက်ဒေါသရှိန်ကိုငါသွန်းလောင်း၍၊ ယနေ့ဖြစ်သည့်အတိုင်း၊ ဆိတ်ညံရာဖုန်းဆိုးကုန်းဖြစ်သည်ဟု မိန့်တော်မူကြောင်း၊ 7-8 သို့ဖြစ်၍၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ သင်တို့ဝင်ရောက်တည်းခိုရာအိဂျစ်ပြည်၌၊ ကိုယ့်လက်ဖြစ်တည်းဟူသောအခြား ဘုရားများအား၊ အမျက်တော်တိုက်မီးဖြင့် ပူဇော်၍၊ ယောက်ျား၊ မိန်းမတို့သည် နို့စို့နို့ညှာသူငယ်များပါ၊ ကြွင်းကျန်သူမရှိဘဲ၊ ယုဒလူမျိုးဘောင်မှပယ်ရှားခြင်းခံသည့်ပြင်၊ မြေပေါ်ရှိ လူအမျိုးမျိုးတွင်၊ ကျိန်ဆဲရာ၊ ကဲ့ရဲ့ရာရောက်ရအံ့သောငှာ၊ ကိုယ့်အသက်အန္တရာယ်ကြီးကို၊ အဘယ့်ကြောင့်ရှာကြသနည်း။ ယုဒပြည်တွင်လည်းေကာင်း၊ ယေရုရှလင်မြို့ရှိလမ်းများတွင်လည်းေကာင်း၊ ပြုကျင့်ခဲ့သောဘိုးဘေးတို့မကောင်းမှု၊ ယုဒဘုရင်တို့မကောင်းမှု၊ မိဖုရားတို့မကောင်းမှု၊ ကိုယ်တိုင်တို့မကောင်းမှု၊ မယားတို့မကောင်းမှုများကို၊ မေ့လျော့ကြပြီလော။ 10 ထိုသူတို့သည် စိတ်နှိမ့်ချခြင်း၊ ခန့်ညားခြင်း၊ ဘိုးဘေးများမှစ၍သင်တို့အား၊ ငါပေးထားခဲ့သောပညတ်တရားနှင့်ထုံးဖွဲ့ချက်များအတိုင်းလိုက်ေလျှာက်ခြင်းများကို၊ ယနေ့တိုင် မပြုကြသေးဟုမိန့်တော်မူကြောင်း၊ 11 ထို့ကြောင့်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ ယုဒတစ်မျိုးလုံးကိုပယ်ရှားအံ့သောငှာ၊ ဘေးသင့်စေမည့်အကြံနှင့်၊ သင်တို့အပေါ်တွင်၊ ငါမျက်နှာတော်ထား၍၊ 12 အိဂျစ်ပြည်သို့သွားရောက်တည်းခိုရန်မျက်နှာမူသော၊ ယုဒလူမျိုးအကြွင်းအကျန်အပေါင်းတို့ကို၊ ကုန်ဆုံးအောင်ရုပ်သိမ်းသဖြင့်၊ ထိုသူတို့သည်၊ လူကြီးလူငယ်များပါ၊ အိဂျစ်ပြည်တွင် သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များကြောင့်၊ ကျဆုံးကုန်ခန်းသေလွန်လျက်၊ ကျိန်ဆိုရာ၊ ဆဲရေးရာ၊ ကဲ့ရဲ့ရာ၊ အံ့ဖွယ်သရဲဖြစ်ကြလတ္တံ့။ 13-14 ငါသည် ယေရုရှလင်မြို့ကို၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့် ဒဏ်ခတ်ခဲ့သည့်နည်းတူ၊ အိဂျစ်ပြည်၌နေထိုင်သော ဤသူတို့ကို၊ ယုဒပြည်သို့ပြန်ရောက်နေထိုင်ရန် စိတ်စွဲလမ်း၍၊ အိဂျစ်ပြည်သို့ ဝင်ရောက်တည်းခိုသောယုဒလူမျိုးအကြွင်းအကျန် တစ်ဦးတစ်ယောက်မျှ၊ ထွက်လွတ်ပြန်ရောက်ခွင့်မရသည့်တိုင်အောင်၊ ဒဏ်ခတ် ဦးမည်။ ထွက်ပြေးသူတို့သာလျှင်ပြန်ရောက်ရကြမည်ဟု မိန့်တော်မူကြောင်းများတည်း။
15 အိဂျစ်ပြည်၌လည်းေကာင်း၊ ပါသရုနယ်၌လည်းေကာင်း၊ နေထိုင်သူလူမျိုးတော်ပရိသတ်ကြီးတည်းဟူသော၊ အခြားဘုရားများအား၊ မယားတို့ပူဇော်ကြသည်ကိုသိသောယောက်ျားတို့နှင့်တကွ၊ အနီး၌ရပ်နေသောမိန်းမတို့က၊ 16 ထာဝရဘုရား၏နာမတော်နှင့်ဆင့်ဆိုသောအချက်ကို၊ အကျွန်ုပ်တို့နာခံမည်မဟုတ်ဘဲ၊ 17 ယုဒပြည်ရှိမြို့ရွာများတွင်လည်းေကာင်း၊ ယေရုရှလင်မြို့ရှိလမ်းများတွင်လည်းေကာင်း၊ ဘိုးဘေးတို့မှစ၍ ဘုရင်မင်း၊ မှူးမတ်များပါ၊ အကျွန်ုပ်တို့ဓလေ့အလိုက်၊ နတ်မိဖုရားအားမီးဖြင့်ပူဇော်ခြင်း၊ သွန်းလောင်းရာသက္ကာတင်သခြင်းများကိုပြုရန်၊ ကိုယ့်နှုတ်ထွက်အတိုင်း ပြုမြဲပြုတော့မည်။ ထိုကာလ၊ ဒုက္ခမတွေ့ဘဲ၊ အစားအသောက်လုံလောက်၍၊ ကောင်းစားရကြ၏။ 18 နတ်မိဖုရားအားမီးဖြင့်ပူဇော်ခြင်း၊ သွန်းလောင်းရာသက္ကာတင်သခြင်းများကိုပြတ်စဲကတည်းက၊ အကျွန်ုပ်တို့သည်၊ အရာရာကိုလိုလားလျက်၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များကြောင့်၊ ပျက်စီးကြပြီတကား။ 19 နတ်မိဖုရားအားမီးဖြင့်ပူဇော်ခြင်း၊ သွန်းလောင်းရာသက္ကာတင်သခြင်းများကို၊ ပြုကြသည့်ကာလ၊ ရုပ်ပုံပါမုန့်လုပ်ခြင်း၊ သွန်းလောင်းရာသက္ကာတင်သခြင်းများကို၊ လင်မပါ ဘဲပြုလေ့ရှိပါသလောဟု၊ ယေရမိအားပြန်ဆိုကြလေ၏။ 20 ထိုသို့ပြန်ဆိုသူ ယောက်ျားမိန်းမတို့နှင့်လူပရိသတ်အား၊ ယေရမိက၊ 21 ယုဒပြည်ရှိမြို့ရွာများတွင်လည်းေကာင်း၊ ယေရုရှလင်မြို့ရှိလမ်းများတွင်လည်းေကာင်း၊ ဘိုးဘေးတို့မှစ၍၊ ဘုရင်မင်း၊ မှူးမတ်များ၊ ပြည်သူပြည်သားများပါ၊ ပူဇော်ကြသောအမှုကို၊ ထာဝရဘုရားသတိရလျက်၊ နှလုံးသွင်းတော်မူသဖြင့်၊ 22 ဆိုးသွမ်းသောအကျင့်အကြံ၊ ရွံရှာဖွယ်အပြုအမူများကို၊ ဆက်လက်သည်းခံတော်မမူနိုင်သည့်အတွက်၊ သင်တို့နေပြည်သည်ယခုဖြစ်သည့်အတိုင်း၊ နေသူမဲ့ဖုန်းဆိုးကုန်း၊ ကျိန်ဆဲရာအံ့ဖွယ်သရဲရောက်သည်မဟုတ်လော။ 23 ထာဝရဘုရား၏ဗျာဒိတ်တော်သံကိုနာခံခြင်း၊ ပညတ်တရားတော်နှင့်ထုံးဖွဲ့တော်မူချက်၊ သက်သေခံတော်မူချက်များအတိုင်းလိုက်ေလျှာက်ခြင်းမပြုဘဲ၊ မီးဖြင့်ပူဇော်၍၊ ထာဝရဘုရားအားပြစ်မှားကြသောကြောင့်၊ ယနေ့သင့်သောဘေးသည်ရောက်လေပြီဟုဆို၏။
24 ၎င်းပြင်၊ မိန်းမတို့နှင့်လူပရိသတ်အား ယေရမိက၊ အိဂျစ်ပြည်၌နေသော၊ အိုယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနားထောင်ကြလော့။ 25 နတ်မိဖုရားအား၊ မီးဖြင့်ပူဇော်ခြင်း၊ သွန်းလောင်းရာသက္ကာတင်သခြင်းများကိုပြုရန်၊ ထားခဲ့သောသစ္စာဝတ်ကို မုချဖြေပါမည်ဟူ၍၊ နှုတ်ဖြင့်ဆိုလျက်၊ လက်ဖြင့်ပြုသည့်အတိုင်း၊ ထိုသစ္စာဝတ်ကိုအတည်ပြု၍၊ ဖြေနှင့်ကြဦးလော့ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူ၏။ 26 သို့ဖြစ်၍၊ အိဂျစ်ပြည်၌ နေထိုင်သော၊ အိုယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြဦး။ အရှင်ထာဝရဘုရားအသက်ရှင်တော်မူသည်ဟူ၍၊ အိဂျစ် တစ်ပြည်လုံးအတွင်း၊ ငါ၏နာမကိုသုံးခွင့်ရသော ယုဒလူတစ်စုံတစ်ယောက်မျှရှိတော့မည်မဟုတ်ဟု၊ မဟာနာမကို တိုင်တည်လျက်ငါသစ္စာထားလေပြီ။ 27 အကောင်းကိုမဟုတ်။ အဆိုးပြုရန်သာငါစောင့်ကြည့်သဖြင့်၊ အိဂျစ်ပြည်၌နေသောယုဒလူအပေါင်းတို့မကုန်မချင်း၊ သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်များကြောင့်၊ ဆုံးကြ လိမ့်မည်။ 28 ဓားဘေးလွတ်၍၊ အိဂျစ်ပြည်မှ ယုဒပြည်သို့ပြန်ရောက်ရသူတို့သည်၊ အနည်းငယ်မျှဖြစ်လျက်၊ အိဂျစ်ပြည်သို့ဝင်ရောက်တည်းခိုပြီး ယုဒလူမျိုးအကြွင်းအကျန်တို့လည်း၊ ဗျာဒိတ်တော်တည်မည်ကိုသော်လည်းေကာင်း၊ ချင်းတို့စကားတည်မည်ကိုသော်လည်းေကာင်း၊ သိရကြလတ္တံ့ဟု ထာဝရဘုရားမိန့်တော်မူ၏။ 29 သင်တို့အပေါ်တွင်၊ ဘေးသင့်ရောက်ရန်ဗျာဒိတ်တော်ချက်တည်မြဲသည်ကိုသိကြစေအံ့သောငှာ၊ ဤပြည်တွင် ဒဏ်ခတ်မည့်သက်သေလက္ခဏာကား၊ 30 ယုဒဘု​ရင်ဇေဒကိကို၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်၊ ဗာဗုလုန်ဘုရင်နေဗုဒ်နေဇာ့လက်တွင်းသို့၊ ငါအပ်နှင်းခဲ့သည့်နည်းတူ၊ အိဂျစ်ဘုရင်ဖာရောဟောဖရာကိုလည်း၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့လက်တွင်းသို့၊ အပ်နှင်းအံ့သတည်းဟု ထာဝရဘုရားမိန့်တော်မူကြောင်းဆင့်ဆိုလေ၏။