40
ဗာဗုလုန်မြို့သို့သုံ့ပန်းသိမ်းသွားခံရသော၊ ယေရုရှလင်မြို့သူယုဒပြည်သားတို့နှင့်တကွ သံကြိုးဖြင့်ချည်နှောင်လျက်၊ ရာမမြို့ရောက်အပို့ခံရသောယေရမိကို ကိုယ်ရံတော်မှူးနေဗုဇာရဒန်လွတ်သွားခွင့်ပြုပြီးနောက် ထာဝရဘုရား၏ဗျာဒိတ်တော်သည် ယေရမိသို့ရောက်လာ၏။
ထိုအခါ၊ ကိုယ်ရံတော်မှူးသည်ယေရမိကိုပင့်ခေါ်၍ ဤပြည်ပေါ်တွင်၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားပြဋ္ဌာန်းတော်မူသောဘေးကို၊ ဗျာဒိတ်တော်အတိုင်းစီရင်လျက်၊ သင့်ရောက်စေတော်မူပြီ။ ထာဝရဘုရားအားပြစ်မှား၍ ဗျာဒိတ်တော်သံကိုမနာခံကြသည့်အတွက်၊ ဤအမှုရောက်ခဲ့ပြီ။ ကိုယ်တော်မှာမူ လက်ထိတ်သံကြိုးကိုယနေ့ကျွန်ုပ်ချွတ်ပါ၏။ ဗာဗုလုန်မြို့သို့လိုက်လိုသောသဘောရှိလျှင်၊ လိုက်ပါ။ ကျွန်ုပ်သည်ဒိဋ္ဌကြည့်ရှုမည်။ လိုက်လိုသောသဘောမရှိလျှင်၊ မလိုက်ပါနှင့်။ ဤပြည်တစ်ဝှမ်းလုံးသည်ကိုယ်တော့်ရှေ့တွင်ရှိပါ၏။ နှစ်သက်၍သဘောရှိရာသို့ကြွပါတော့ဟု ဆိုပြီးနောက်၊ ယုဒပြည်မြို့ရွာများအပေါ်တွင်၊ ဗာဗုလုန်ဘုရင်ခန့်ထားသော၊ ရှာဖန့်မြေး၊ အဟိကံ့သားဂေဒလိမှစ၍ ပြည်သူပြည်သားတို့နှင့်အတူနေထိုင်ရန်သော်လည်းကောင်း၊ နှစ်သက်ရာသို့လည်း‌ေကာင်း၊ ပြန်သွားပါတော့ဟု၊ ယေရမိမပြန်မီပင်ထပ်မံဆိုပြီးလျှင်၊ စားနပ်ရိက္ခာနှင့်လက်ဆောင်ပေးလျက်၊ သွားခွင့်ပြုသည့်အတိုင်း၊ ယေရမိသွား၍ မိဇပါမြို့ရှိအဟိကံ့သားဂေဒလိထံ၊ ပြည်တော်တွင်ကျန်သေးသူတို့နှင့်အတူနေလေ၏။
7-8 တောပုန်းတပ်မှူးဖြစ်သူ၊ နာသနိသားဣရှမေလ၊ ကာရာ့သားယောဟနန်နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ်မြို့နေဧဖဲသားများနှင့်မာခမြို့သားယေဇနိ တို့သည်၊ ကိုယ့်ပြည်ပေါ်တွင်လည်း‌ေကာင်း၊ ဗာဗုလုန်မြို့သို့သိမ်းသွားမခံရသူယောက်ျား၊ မိန်းမ၊ သူငယ်များ၊ ဆင်းရဲသောပြည်သူပြည်သားတို့အပေါ်တွင်လည်း‌ေကာင်း၊ အဟိကံ့သားဂေဒလိကို၊ ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ကြောင်းကြားသိလျှင်၊ အပေါင်းပါတို့နှင့်တကွ၊ မိဇပါမြို့ရှိဂေဒလိထံလာရောက်ကြရာ၊ ရှာဖန့်မြေး၊ အဟိကံ့သားဂေဒလိက၊ ခါလဒဲလူမျိုးတို့အမှုကိုထမ်းရန်မကြောက်ကြလင့်၊ ဤပြည်တွင်နေလျက်၊ ဗာဗုလုန်ဘုရင်မင်းထံကျွန်တော်မျိုးခံလျှင်၊ ချမ်းသာရကြလိမ့်မည်။ 10 ငါသည်ရောက်လာမည့်ခါလဒဲလူမျိုးတို့ထံခစားရန် မိဇပါမြို့၌နေထိုင်ရ၏။ သင်တို့မှာမူ စပျစ်ရည်၊ အသီး၊ ဆီများကိုစုသိမ်း၍၊ အိုး၊ တောင်းများ၌ထည့်ပြီးလျှင်၊ ယူရ ကြသောမြို့ရွာများတွင်နေထိုင်ကြလော့ဟု၊ သစ္စာထားလေ၏။ 11 ထိုနည်းတူ မောဘပြည်၊ အမ္မုန်အမျိုးသားတို့ပြည်၊ ဧဒုံပြည်မှစသော ပြည်ထောင်တကာရှိ ယုဒလူမျိုးအပေါင်းတို့လည်း ယုဒပြည်၌အကြွင်းအကျန်တို့ကိုဗာဗုလုန်ဘုရင်ထားခဲ့၍၊ ၎င်းတို့အပေါ်တွင်ရှာဖန့်မြေး၊ အဟိကံ့သားဂေဒလိကိုခန့်ထားကြောင်းကြားသိလျှင်၊ 12 နှင်ထုတ်ခဲ့ရာအပြည်ပြည်မှ၊ ယုဒပြည်မိဇပါမြို့ရှိ ဂေဒလိထံပြန်လာဝင်ရောက်၍၊ စပျစ်ရည်နှင့်အသီးများစွာကိုစုသိမ်းကြ၏။
13 ထိုနောက်၊ ကာရာ့သားယောဟနန်သည်၊ တောပုန်းတပ်မှူးတို့နှင့်တကွ၊ မိဇပါမြို့ရှိဂေဒလိထံရောက်လာ၍ အမ္မုန်အမျိုးသားတို့ဘုရင်ဗာလိတ်မင်းသည် 14 ကိုယ်တော်ကိုအသေသတ်စေခြင်းငှာ၊ နာသနိသားဣရှမေလကိုစေလွှတ်ကြောင်းသိပါသလောဟု လျှောက်မေးကြရာ၊ အဟိကံ့သားဂေဒလိမယုံသည့်အတွက်၊ 15 ကာရာ့သားယောဟနန်က၊ နာသနိသားဣရှမေလကို မည်သူမျှမသိဘဲသွား၍သတ်ပါရစေ။ ထိုသူသည်ကိုယ်တော်ကိုသတ်သဖြင့်၊ ဆည်းကပ်သမျှသောယုဒလူမျိုးတို့ကွဲလွင့်လျက် အကြွင်းအကျန်ဖြစ်သူတို့ပင် အသို့ကြောင့် ပျက်စီးရအံ့နည်းဟု၊ မိဇပါမြို့၌ တိတ်တဆိတ်ခွင့်တောင်းသော်၊ 16 အဟိကံ့သားဂေဒလိက၊ ထိုအတိုင်းသင်မပြုရ၊ ဣရှမေလကိုရည်လျက်လိမ်လည်ပြောဆိုသည်ဟု၊ ကာရာ့သားယောဟနန်အားပြန်ဆိုလေ၏။