4
အိုဣသရေလလူမျိုး၊ သင်သည် ငါ့ထံသို့လမ်းမလွဲဘဲပြန်လာလျက်၊ ရှေ့တော်မှ စက်ဆုပ်ဖွယ်အရာများကိုပယ်ရှားလျက်၊ သစ္စာစောင့်ခြင်း၊ တရားသဖြင့်ပြုခြင်း၊ ဖြောင့်မတ်ခြင်းများနှင့်အညီ၊ ထာဝရဘုရားအသက်တော်ကိုတိုင်တည်၍ သစ္စာဆိုလျက်နေကြလျှင်၊ လူမျိုးခြားတို့သည်ထာဝရ ဘုရားကို အမှီပြု၍၊ အချင်းချင်းဂုဏ်တင်လျက် ကောင်းကြီးပေးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ယေရုရှလင်မြို့မှစ၍ ယုဒပြည်သူပြည်သားတို့အား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဆူးချုံတွင်မျိုးမကြဲဘဲ၊ မြေရိုင်းကိုထွင်ကြလော့။ သင်တို့ဆိုးသွမ်းသောအပြုအကျင့်များအတွက်၊ အမျက်တော်မငြိမ်းသည့်တိုင်အောင်၊ မီးသဖွယ်ပေါက်ထွက်တောက်လောင်မည်စိုး၍၊ ငါထာဝရဘုရားအဖို့စိတ်နှလုံး၏အရေဖျားကိုပယ်လျက်၊ လှီးဖြတ်ခြင်းမင်္ဂလာကိုပြုကြလော့။ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ခံမြို့ရိုးများအတွင်းသို့ စုရုံးခိုဝင်ကြကုန်အံ့ဟု ဟစ်ခေါ်စေရန်၊ ပြည်တစ်ေလှျာက်တံပိုးမှုတ်ကြရမည့်အကြောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်လုံးနှံ့ဖော်ပြကြော်ငြာ ကြလော့။ ဇိအုန်မြို့ဘက်သို့အလံမြှောက်ပြလျက်၊ မဆိုင်းမလင့်ဘေးလွတ်ရာရှာကြလော့။ ငါသည်မြောက်ပိုင်းမှပယ်ရှားဖျက်ဆီးရာ ဘေးဆိုးကိုသင့်ရောက်စေမည်။ လူမျိုးများကိုတိုက်ဖျက်မည့်မင်းသည် ခြင်္သေ့သဖွယ်နေရာရင်းပိတ်ပေါင်းမှ ထွက်ချီ၍လာပြီတကား။ သင့်နေပြည်ကို ဆိတ်ညံရာ၊ မြို့ရွာများကိုနေသူမဲ့ဖုန်းဆိုးကုန်းဖြစ်စေမည်ဟု မိန့်တော်မူ၏။ ထိုအမှုကိုထောက်၍ လျှော်တေဝတ်လျက်၊ အော်ဟစ်မြည်တမ်းကြလော့။ ထာဝရဘုရား၏ အမျက်တော်ရှိန်သည်၊ ငါတို့အပေါ်မှမလွှဲသေး။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ထိုကာလ၌ ဘုရင်မင်းနှင့်တကွ၊ မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ပရောဟိတ်တို့သည်အံ့ဩလျက်၊ ပရောဖက်တို့လည်းအံ့အားသင့်လျက်၊ ဆိုကြမည်မှာ၊ 10 အိုအရှင်ထာဝရဘုရား၊ ဓားသည်နှလုံးတိုင်ထိရှပါပြီ။ ကိုယ်တော်က၊ ရန်ငြိမ်းလျက်နေကြမည်ဟူသောကတိတော်အားဖြင့်၊ ယေရုရှလင်မြို့မှစ၍ ပြည်သူပြည်သား တို့ကို၊ လှည့်ဖြားတော်မူခဲ့ပြီဟု ဆိုကြလိမ့်သတည်း။
11-12 ထိုကာလ၊ ယေရုရှလင်မြို့မှစ၍၊ ပြည်သူပြည်သားတို့သတင်းကြားရမည်မှာ ငါ၏လူမျိုးသတို့သမီးကို လှေ့ယပ်ရန်သော်လည်း‌ေကာင်း၊ စင်ကြယ်စေရန်သော်လည်းကောင်း၊ ပြုသင့်သည်ထက်အားကြီးသောလေပူကို၊ သဲတောရှိကုန်းထိပ်များမှ တိုက်စေမည်။ ငါသည်ထိုလူမျိုးအား၊ ဆုံးဖြတ်ချက်များကိုထုတ်ဆင့်လိမ့်မည်ဟူ၍တည်း။ 13 ထိုမင်းသည်၊ မိုးတိမ်သဖွယ်၊ စစ်ရထားများလည်း၊ လေဗွေသဖွယ်ချီလာလျက်၊ မြင်းတပ်များသည်၊ လင်းယုန်ထက်လျင်မြန်ကြသည်တကား။ ငါတို့၌အကျိုးနည်းလေစွ။ ပျက်စီးရာရောက်ကြပြီ။ 14 အိုယေရုရှလင်မြို့၊ ဘေးလွတ်အံ့သောငှာ၊ ဆိုးသွမ်းသောစိတ်နှလုံးကိုဆေးကြောလော့။ သင့်အထဲတွင်ဒုစရိုက်အကြံအစည်တည်းခိုသည်မှာ မည်မျှကြာအံ့နည်း။ 15 ဒန်နယ်မှလည်း‌ေကာင်း၊ ဧဖရိမ်ခင်တန်းမှလည်း‌ေကာင်း၊ ဘေးဆိုးသတင်းကိုကြားရသည်တကား။ 16 ဝိုင်းဝန်းသောစစ်မက်တို့သည်၊ ဝေးကွာရာပြည်မှချီလာ၍၊ ယုဒမြို့ရွာတစ်ဘက်ကြိမ်းမောင်းသံပြုကြသည်ဟု၊ ယေရုရှလင်မြို့ကိုရည်လျက်၊ လူမျိုးခြားတို့အားေဖာ်ပြ ကြလော့။ 17 ထိုသူတို့သည်၊ လင့်စောင့်များသဖွယ်၊ ငါ့အားပုန်ကန်သောယေရုရှလင်မြို့ကိုဝိုင်းဝန်းသည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ 18 ကိုယ့်အလေ့အလာအပြုအကျင့်များကြောင့်၊ ထိုသို့ခံရ၏။ ကိုယ့်ဆိုးသွမ်းခြင်းအကျိုးမှာ၊ နှလုံးထိခိုက်ရာ၊ နစ်နာရာဖြစ်လှသည်တကား။
19 အိုငါ့အသည်းအဆုပ်၊ ထုံကျင်ပါရစေ။ အိုနှလုံး၏အကွယ်အကာ၊ ငါ့စိတ်နှလုံးညဉ်းတွားလျက်ရှိ၏။ တံပိုးမှုတ်သံ၊ စစ်ရေးသံကိုစိတ်မနောဖြင့် ငါကြားရသည့်အလျောက်၊ ဆိတ်ဆိတ်မနေနိုင်။ 20 ဖြိုလှဲဖောက်ဖျက်ခြင်းအထပ်ထပ်ကို ကြော်ငြာလေပြီ။ ပြည်လုံးနှံ့ပျက်ပြားလျက်ရှိ၏။ ငါတို့တဲများ၊ တင်းတိမ်ရံများသည် ရုတ်တရက်ရှောင်တခင်ပျက်စီးလေပြီ။ 21 စစ်အလံကိုမြင်လျက်၊ တံပိုးမှုတ်သံကိုကြားလျက်၊ နေရသည်မှာ၊ မည်မျှကြာအံ့နည်း။
22 ငါ၏လူမျိုးတော်သည်မိုက်မဲလျက်၊ ငါ့ကိုမသိ။ ဉာဏ်ကင်းလျက်၊ ယုတ်မာသောသားသမီးများဖြစ်ရှာကြလေစွ။ ဆိုးသွမ်းခြင်း၌လိမ္မာလျက်၊ အကောင်းကိုမပြုတတ်ချေ။
23 မြေပထဝီကိုငါမြင်ရလျက်၊ ပုံသဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်သည်တကား။ မိုးကောင်းကင်ကိုမြင်ရလျက်၊ အလင်းမရှိသည်တကား။ 24 တောင်ကုန်းရှိသမျှကိုမြင်ရလျက်၊ တုန်လှုပ်ရွေ့ပြောင်းလေသည်တကား။ 25 ငါရှုမြင်ရလျက် လူသတ္တဝါမရှိ၊ လေသတ္တဝါများလည်းလွင့်ပျောက်ကြပြီတကား။ 26 ငါရှုမြင်ရသေးလျက်၊ ခြံဥယျာဉ်သည်၊ တောဖြစ်၍ မြို့ရွာဟူသမျှလည်း၊ ထာဝရဘုရား၏အမျက်တော်ရှိန်ကြောင့်၊ မျက်မှောက်တော်တွင်ပြိုပျက်လျက်ရှိသည်တကား။ 27 အသို့ကြောင့်ဆိုသော်၊ ထာဝရဘုရားက၊ ကုန်ဆုံးခြင်းကို ငါမစီရင်သေးသော်လည်း၊ ပြည်လုံးကျွတ်ဆိတ်ညံရာရောက်လိမ့်မည်။ 28 စိတ်တော်လည်ခြင်း၊ ပြောင်းလဲခြင်းကင်းလျက်၊ မိန့်ဆိုပြဋ္ဌာန်းပြီးဖြစ်သည်နှင့် မြေပထဝီသည်၊ မြည်တမ်းရလျက်၊ အထက်ကောင်းကင်လည်း၊ မည်းနက်ရာရောက်လိမ့်မည်ဟု မိန့်တော်မူသောကြောင့်တည်း။ 29 မြင်းတပ်၊ လေးတပ်တို့ချီတက်သံအတွက်၊ မြို့သူမြို့သားအပေါင်းတို့ထွက်ပြေးလျက် ပိတ်ပေါင်း၊ ကျောက်တောင်များအတွင်း၊ တက်သွားခိုဝင်ကြလေပြီ။ ရှိသမျှသော မြို့ရွာဆိတ်ညံပြီးဖြစ်သည့်အလျောက်၊ နေထိုင်သူမရှိချေ။ 30 ထိုသို့ပျက်စီးရာရောက်သော်၊ သင်မည်သို့ပြုမည်နည်း။ အဝတ်နီဝတ်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးကျယ်အောင်ကသယ်မှင်ဆေးသားခြင်းများကိုပြု၍၊ လှပစွာခြယ်လှယ်သော်လည်း၊ အကျိုးမဲ့ဖြစ်၏။ ခင်မင်ဖူးသောသူတို့သည် သင့်ကိုပယ်လျက်၊ အသက်အန္တရာယ်ကိုရှာကြံကြ၏။ 31 သားဦး ဖွားမြင်ခြင်းဝေဒနာခံစားရသောမိန်းမ၏ အော်ဟစ်သံသဖွယ်၊ အကျိုးနည်းလေစွ။ လူသတ်တို့ကြောင့် ကျွန်မသွေးတက်ပါပြီဟု၊ မောဟိုက်၍လက်တုန်သော သတို့သမီးဇိအုန်အော်ဟစ်သံကိုငါကြားရလေစွ။