37
ယောယကိမ်မင်းသားတော်၊ ယေခေါနိမင်းအရိုက်အရာ၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းတင်မြှောက်ခဲ့သော၊ ယောရှိမင်းသားတော်ဇေဒကိမင်းသည်၊ ယုဒပြည်ကိုစိုးစံသော်၊ ကျေးကျွန်သင်းပင်းနှင့်ပြည်သူပြည်သားတို့ပါ၊ ပရောဖက်ယေရမိအားဖြင့် ထာဝရဘုရားပေးတော်မူသောဗျာဒိတ်ချက်များကို နားမဝင်ဘဲနေလေ၏။
3-5 ထိုကာလ အိဂျစ်ပြည်မှ ဖာရောမင်း၏အလုံးအရင်းချီထွက်လာကြောင်းကြားကြသည့်အတိုင်း၊ ယေရုရှလင်မြို့ကိုဝန်းဝိုင်းသော၊ ခါလဒဲတပ်သားတို့ဆုတ်ခွာကြသဖြင့်၊ ဇေဒကိမင်းသည် ငါတို့ဘုရားသခင်ထာဝရဘုရားထံ၊ ငါတို့အဖို့အသနားတော်ခံပါလော့ဟုတောင်းဆိုရန်၊ ထောင်မချမီ မြို့သူမြို့သားတို့နှင့်ဝင်ထွက်ခွင့်ရှိသေးသူပရောဖက် ယေရမိထံ ရှေလမိသားယေဟုကလ၊ မာသေယသားပရောဟိတ်ဇေဖနိတို့ကိုလွှတ်လိုက်၏။ ထိုအခါပရောဖက်ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ ဣသရေလလူမျိုး၏ဘုရားသခင် ငါထာဝရဘုရားက၊ သင်တို့ကိုစစ်ကူရန်ချီလာသောဖာရောမင်း၏အလုံးအရင်းသည် ထွက်ခဲ့ရာအိဂျစ်ပြည်သို့ပြန်ချီရသဖြင့် ခါလဒဲတပ်သားတို့လည်း၊ ဤမြို့ကိုပြန်တက်တိုက်ခိုက်သိမ်းယူလျက်၊ ကျွမ်းလောင်စေကြမည်ဟူ၍လည်း‌ေကာင်း၊ ခါလဒဲတပ်သားတို့သည်ငါတို့မှအပြီးဆုတ်ခွာမည်ဟုအောက်မေ့လျက်၊ ကိုယ်ကိုမလှည့်စားကြနှင့်။ ဆုတ်ခွာကြမည်မဟုတ်။ 10 တိုက်လျက်နေသောခါလဒဲအလုံးအရင်းကို ထိရှသူမျှသာကြွင်းသည့်တိုင်အောင် သင်တို့လုပ်ကြံရသော်လည်း၊ အသီးအသီးတို့သည်ကိုယ့်တဲမှထပြန်၍ ဤမြို့ကိုမီးတိုက်ကြလိမ့်မည့်အကြောင်း ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ဟူ၍လည်း‌ေကာင်း၊ ငါ့ထံမေးလျှောက်ရန်လွှတ်လိုက်သော၊ ယုဒဘုရင်အားပြန်ကြားကြလော့ဟု မိန့်ဆိုသည် ဟူ၍တည်း။
11 ထို့နောက်ဖာရောမင်း၏အလုံးအရင်းအတွက်ကြောင့်၊ ခါလဒဲအလုံးအရင်းသည်၊ ယေရုရှလင်မြို့မှဆုတ်ခွာလျက်နေကြစဉ်၊ 12 ယေရမိသည် ဗင်္ယာမိန်နယ်၊ ဆွေမျိုးသားချင်းတို့ဘောင်တွင်၊ ကိုယ့်ပိုင်စုကိုရရန် ယေရုရှလင်မြို့မှ၊ 13 ဗင်္ယာမိန်တံခါးဖြင့် ထွက်သွားသည့်အခိုက်၊ ဟာနနိမြေး၊ ရှေလမိသား၊ ဣရိယအမည်ရှိသူကင်းဗိုလ်က၊ ဆရာသည် ခါလဒဲတပ်သားတို့ဘက်သို့ကူးဝင်သည်ဟုဆိုလျက် ပရောဖက်ယေရမိကိုဖမ်းဆီးရာ၊ 14 သင့်အဆိုမမှန် ခါလဒဲတပ်သားတို့ဘက်သို့ကူးဝင်သည်မဟုတ်ဟုပြန်ဆိုသော်လည်း၊ နားမဝင်ဘဲယေရမိကိုကိုင်ဆွဲ၍ မှူးမတ်တို့ထံပို့သွင်းလေ၏။ 15 မှူးမတ်တို့သည်ယေရမိအားအမျက်ထွက်လျက်၊ ကြိမ်ဒဏ်ပေးပြီးလျှင်၊ ထောင်အဖြစ်ထားသောသံတော်ဆင့်ယောနသန်၏တိုက်အိမ်တွင်၊ အကျဉ်းချုပ်ကြလေ၏။ 16 အလုံထောင်ထဲသို့ကျ၍၊ ကြာမြင့်စွာနေရသောယေရမိကို၊ 17 ဇေဒကိမင်းသည် ခေါ်ထုတ်စေပြီးလျှင်၊ ထာဝရဘုရားထံတော်မှ ဗျာဒိတ်တော်ချက်ကိုခံရသလောဟု၊ နန်းတော်တွင်တိတ်တဆိတ်မေးရာ ယေရမိက၊ ခံရပါပြီဟူ၍လည်း‌ေကာင်း၊ ဘုရင်မင်းသည်ဗာဗုလုန်ဘုရင့်လက်တွင်းသို့ရောက်ရမည်ဟူ၍လည်း‌ေကာင်း၊ ဆင့်ဆိုပြီးလျှင်၊ 18 ဇေဒကိမင်းထံမေတ္တာရပ်ခံသည်မှာ၊ ကျွန်ုပ်ကိုထောင်ကျစေခြင်းငှာဘုရင်မင်းမှစ၍ ကျေးကျွန်သင်းပင်းနှင့်ဤလူမျိုးအား မည်သို့ပြစ်မှားမိပါသနည်း။ 19 ဘုရင်မင်းနှင့်တကွ ဤပြည်တော်ရင်ဆိုင်ဖို့ ဗာဗုလုန်ဘုရင်မချီမတက်ရဟူ၍ ဟောပြောသောပရောဖက်တို့ကား အဘယ်မှာနည်း။ 20 အိုအရှင်ဘုရင်မင်းမြတ်၊ ကျွန်ုပ်သည်သံတော်ဆင့်တိုက်အိမ်သို့ပြန်ကျ၍မသေရမည့်အကြောင်း၊ မေတ္တာရပ်ခံချက်ကိုနားညောင်းတော်မူပါဟု၊ တင်လျှောက်သည့်အတိုင်း၊ 21 ဇေဒကိမင်းထုတ်ဆင့်သောအမိန့်အရ၊ ယေရမိကိုနှောင်အိမ်မြို့ရိုးငယ့်အတွင်းပြောင်းထားပြီးလျှင်၊ ထိုမြို့ရိုးငယ့်အတွင်း၌ နေရသောယေရမိအား၊ မြို့တော်ရိက္ခာမကုန်မချင်း၊ မုန့်ဆိုင်တန်းမှမုန့်တစ်လုံးကျ၊ နေ့စဉ်ပေးကြရ၏။