31
ထိုကာလ၌၊ ငါသည်ဣသရေလအိမ်ထောင်ဟူသမျှ၏ဘုရားသခင်၊ သူတို့လည်းငါ၏လူမျိုးဖြစ်လတ္တံ့ဟု၊ ထာဝရဘုရားဗျာဒိတ်တော်ရှိ၏။ ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဓားဘေးလွတ်သူဣသရေလလူမျိုးသည်၊ တောအရပ်တွင်စိတ်တော်နှင့်တွေ့ပြီဖြစ်၍ သက်သာရစေခြင်းငှာ ငါကြွတော့မည်။ သင့်ကိုထာဝရမေတ္တာနှင့်မြတ်နိုးသည့်အလျောက်၊ မေတ္တာကျေးဇူးဖြင့်ဆွဲခဲ့ပြီဟု၊ မိန့်တော်မူသောထာဝရဘုရားသည်၊ ဝေးကွာရာမှအကျွန်ုပ်အားထင်ရှားတော်မူကြောင်း၊ သင်ဝန်ခံသည်နှင့်အညီ၊ ကညာဖြစ်သောအိုဣသရေလလူမျိုး တစ်ဖန်ငါတည်ထောင်မည့်အတိုင်း၊ သင်သည်တည်ထောင်ခွင့်၊ ပတ်သာလွယ်လျက် ပျော်ရွှင်သူတို့နှင့်အတူ၊ လိုက်၍ကခုန်ခွင့်၊ 5-6 ရှမာရိတောင်တန်းပေါ်၌ စပျစ်ခြံစိုက်ပျိုးခွင့် ရဦးမည်။ ငါတို့ဘုရားသခင်ထာဝရဘုရားစံရာ၊ ဇိအုန်တောင်ပေါ်သို့တက်သွားကြကုန်အံ့ဟု၊ ဧဖရိမ်ခင်တန်းရှိခြံစောင့်တို့ ကြွေးကြော်သောနေ့ရက်ကာလ ရောက်လတ္တံ့သောကြောင့်၊ စိုက်ပျိုးသူတို့သည်၊ စိုက်ပျိုး၍သုံးဆောင်ခွင့်ရကြလိမ့်မည်ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ယာကုပ်အမျိုးကိုရည်၍၊ အမျိုးအနွယ်ကိုရှေ့ဦးကရွှင်လန်းစွာ ကျူးဧကြွေးကြော်ေဖာ်ပြချီးမွမ်းလျက်၊ အိုထာဝရဘုရား၊ ဣသရေလလူမျိုးတော်အကြွင်းအကျန်တို့ကို ကယ်တင်တော်မူပါဟု တောင်းလျှောက်ကြလော့။ မြောက်ပိုင်းပြည်မှပို့ဆောင်ခြင်း၊ မြေကြီးစွန်းမှစုသိမ်းခြင်း၊ ငါပြုဆဲဖြစ်သည့်အလျောက်၊ မျက်မမြင်နှင့်ခြေဆွံ့သူ၊ ကိုယ်ဝန်ဆောင်နှင့်မီးဖွားသောမိန်းမတို့ပါ၊ များပြားသော အစုအရုံးသည်၊ ဤပြည်သို့ပြန်လာကြရလတ္တံ့။ ထိုသူတို့သည်ငိုကြွေးလျက်၊ အသနားတော်ခံလျက်ပြန်လာကြရာ၊ ငါသည်ဣသရေလ၏အဘဧဖရိမ်လည်းငါ၏သားဦးဖြစ်သည့်အလျောက်၊ ခလုတ်မဲ့ညီညွတ်သောလမ်းဖြင့်၊ မြစ်ရေအနီးညွှန်ပြပို့ဆောင်မည်ဟု မိန့်တော်မူ၏။
10 အိုလူမျိုးခြားတို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံလျက်၊ ဣသရေလလူမျိုးကို လေလွင့်စေသောအရှင်သည်၊ သိုးအုပ်ကို အထိန်းအကျောင်းသဖွယ်စုသိမ်း၍ ထိန်းကျောင်းတော်မူလိမ့်မည်ဟု၊ ဝေးကွာသောကျွန်းကြီးကျွန်းငယ်တို့အား ေဖာ်ပြကြော်ငြာကြလော့။ 11 ထာဝရဘုရားသည် ယာကုပ်အမျိုးကို၊ အားကြီးသူ၏လက်တွင်းမှ ရွေးနုတ်ကယ်လွှတ်တော်မူသဖြင့်၊ 12 ထိုလူမျိုးသည်၊ ဇိအုန်တောင်ထိပ်ပေါ်သို့တက်လာကျူးဧလျက်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ နွားသိုးဆိတ်တို့၏သားငယ်များတည်းဟူသော၊ ထာဝရဘုရား၏ဆုကျေးဇူးများ သို့ရောက်၍၊ ရေသွင်းပြီးခြံသဖွယ် စိတ်ဧလျက်၊ မောပန်းကြတော့မည်မဟုတ်။ 13 ထိုကာလ၊ မြည်တမ်းခြင်းအစားရွှင်လန်းခြင်း၊ ဝမ်းနည်းခြင်းအစားဝမ်းမြောက်ခြင်းများကိုငါပေးလျက်၊ နှစ်သိမ့်စေသည့်အလျောက်၊ လူပျိုလူအိုတို့သည်၊ အပျိုတို့နှင့်တကွ၊ ရွှင်လန်းစွာကခုန်ကြမည့်ပြင်၊ 14 ပရောဟိတ်တို့သည်ဆီဥဖြင့်အာရုံပြေလျက်၊ လူမျိုးတော်လည်း ဆုကျေးဇူးတော်နှင့်ရောင့်ရဲကြလိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
15 ထာဝရဘုရားက၊ ရာမမြို့၌ မြည်တမ်းသံ၊ သည်းစွာငိုကြွေးသံကိုကြားရ၏။ ရာခေလသည်သားသမီးတို့အတွက်ငိုကြွေး၍၊ ဆုံးပါးကြသောကြောင့်၊ နှစ်သိမ့်ခြင်းကိုမခံလိုဟု မိန့်တော်မူ၏။ 16-17 ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ထိုသားသမီးတို့သည် ရန်သူတို့ပြည်မှပြန်လာလျက်၊ ကိုယ့်ပြည်သို့ဝင်ရောက်သဖြင့်၊ သင်သည်လုပ်ဆောင်ခြင်းအကျိုးကိုခံရ၍၊ နောက်နောင်စောင့်မြော်ရန်ရှိသောကြောင့်၊ ငိုကြွေးသံပြုခြင်း၊ မျက်ရည်ကျခြင်းကိုချုပ်တည်းလော့။ 18 ကိုယ်တော်သည်အကျွန်ုပ်ကိုဆုံးမတော်မူသည့်အလျောက်၊ မကျင့်သေးသောနွားကဲ့သို့ဆုံးမခံပါပြီ။ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်နှင့်အညီ၊ ပြန်စေ တော်မူလျှင် ပြန်လာပါမည်။ 19 အကျွန်ုပ်ဖောက်ပြန်မိပြီးနောက်၊ နောင်တရပါပြီ။ သွန်သင်ခံပြီးနောက်၊ ရင်တီးပါပြီ။ ငယ်ပြစ်တင်ခြင်းကိုခံရသဖြင့်၊ ကျိုးယုတ်ရှက်ရလေစွဟူသော ဧဖရိမ်၏မြည်တမ်းသံကိုငါကြားလေပြီ။ 20 ဧဖရိမ်သည် နှစ်သက်ဖွယ်သားရတနာဖြစ်သည်မဟုတ်လော။ အပြစ်တင်သည့်အခါတိုင်း ငါအောက်မေ့သဖြင့်၊ စိတ်ကြင်နာလျက် ကရုဏာသက်သည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
21 ကညာဖြစ်သောအိုဣသရေလလူမျိုး၊ မှတ်တိုင်၊ မှော်ကွန်းတိုင်များကိုထူစိုက်လျက်၊ ထွက်ခဲ့ရာခရီးလမ်းကိုစိတ်စွဲလမ်း၍၊ နေရင်းဤမြို့ရွာများသို့၊ ပြန်လည်လာရောက်ပါလော့။ 22 အိုဖောက်ပြန်သောသတို့သမီး၊ လှည့်လည်၍နေသည်မှာ၊ မည်မျှကြာဦးမည်နည်း။ မြေပေါ်တွင်မဖြစ်ဘူးမြဲ၊ ထာဝရဘုရားဖန်ဆင်းခြင်းကား၊ မိန်းမသည်ယောက်ျားကိုခြံရံခြင်းတည်း။
23 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ သုံ့ပန်းခံရသူတို့ကို ငါပြန်လာစေသည့်ကာလ၊ အိုဖြောင့်မတ်သောနေရာတော်၊ အိုသန့်ရှင်းသောတောင်တော်၊ ထာဝရဘုရားသည်၊ ကောင်းကြီးမင်္ဂလာပေးတော်မူပါစေသောဟူ၍၊ ယုဒပြည်နှင့်မြို့ရွာများ၌ဆိုရိုးရှိမည့်ပြင်၊ 24 ထိုမြို့သူပြည်သားတို့သည်၊ လယ်လုပ်သူ၊ လှည့်လည်ထိန်းကျောင်းသူတို့ကဲ့သို့၊ တစ်စုတစ်ဝေးတည်းနေထိုင်ခွင့်ရကြလိမ့်မည်။ 25 ငါသည်ပင်ပန်းသူတို့၏ အာရုံကိုဖြေလျက်၊ မောဟိုက်သူတို့ကိုလည်းရောင့်ရဲစေပြီဟုမိန့်တော်မူသော်၊ 26 ငါနိုးထ၍မြော်မြင်ရာ၊ အိပ်မက်ကြောင့်အားရ၏။
27 ထာဝရဘုရားကလည်း၊ ဣသရေလနှင့်ယုဒအနွယ်သားတို့တွင်၊ လူ၏မျိုး၊ တိရစ္ဆာန်၏မျိုးကို၊ ငါကြဲသောနေ့ရက်ကာလရောက်တော့မည်ဖြစ်လျက်၊ 28 ဆွဲနုတ်ဖြိုလှဲမှောက်လှန်ပယ်ဖျက်ရန်၊ ငါစောင့်ကြည့်ခဲ့သည့်နည်းတူ၊ တည်ထောင်စိုက်ပျိုးရန်ငါစောင့်ကြည့်မည်။ 29 ထိုကာလ၌၊ ဘိုးဘေးတို့သည်၊ ချဉ်သောစပျစ်သီးကိုသုံးဆောင်ခြင်းကြောင့်၊ သားမြေးတို့ သွားကျိန်းခံရကြသည်တကားဟု ဆိုလေ့ရှိတော့မည်မဟုတ်။ 30 အကြင်သူသည် ချဉ်သောစပျစ်သီးကိုသုံးဆောင်အံ့၊ ထိုသူသည် သွားကျိန်းခံရ၍၊ လူတိုင်း၊ ကိုယ့်ဒုစရိုက်ကြောင့်၊ သေဒဏ်ခံရလတ္တံ့ဟုမိန့်တော်မူ၏။
31 ထာဝရဘုရားကလည်း၊ ဣသရေလ၊ ယုဒအမျိုးသားတို့နှင့် ပဋိညာဉ်သစ်ကို ငါဖွဲ့မည့်နေ့ရက်ကာလရောက်တော့မည်။ 32 ဘိုးဘေးများကိုအိဂျစ်ပြည်မှ၊ လက်ဆွဲထုတ်ဆောင်စဉ်ကာလ၊ ခင်ပွန်းသဖွယ်ဖြစ်လျက် ငါဖွဲ့ရာ၊ သူတို့ဖောက်ကျော်သောပဋိညာဉ်အတိုင်းမဟုတ်ဘဲ၊ 33 ထိုကာလနောက်၊ ဣသရေလအမျိုးသားတို့နှင့်ငါဖွဲ့မည့်ပဋိညာဉ်မှာ၊ သဘောထဲသို့တရားတော်ကိုထည့်သွင်း၍၊ နှလုံးပေါ်တွင်အက္ခရာတင်လျက်၊ ငါသည်သူတို့ဘုရား သခင်၊ သူတို့လည်း ငါ့လူမျိုးဖြစ်သည့်အလျောက်၊ 34 အပေါင်းအေဖာ်ချင်း၊ ဆွေမျိုးသားချင်းတို့အား၊ ထာဝရဘုရားကိုသိကျွမ်းလော့ဟူ၍သွန်သင်လေ့ရှိတော့မည်မဟုတ်။ လူကြီးလူငယ်အပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလတ္တံ့။ သူတို့၏ ဒုစရိုက်ကိုငါဖြေလွှတ်၍၊ အပြစ်ကိုလည်းမှတ်ထားတော့မည်မဟုတ်ဟုမိန့်တော်မူ၏။ 35 နေ့အလင်းအဖြစ် နေကိုလည်း‌ေကာင်း၊ ညဉ့်အလင်းအဖြစ်၊ လနှင့်ကြယ်၏ ဓမ္မတာတရားကိုလည်း‌ေကာင်း၊ စီရင်တော်မူထသော၊ သမုဒ္ဒရာကိုထကြွစေ၍လှိုင်းတံပိုးကိုဟုန်းစေတော်မူထသော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားဟု နာမတော်ရှိသော ထာဝရဘုရားက၊ 36 ထိုဓမ္မတာတရားသည် ရှေ့တော်မှ ပယ်ဖျက်နိုင်လျှင်၊ ဣသရေလအဆက်အနွယ်တို့သည်၊ ရှေ့တော်မှ လူမျိုးမဲ့ပြတ်စဲလိမ့်မည်ဟူ၍လည်း‌ေကာင်း၊ 37 အထက်ကောင်းကင်ကိုတိုင်းတာ၍၊ အောက်ပထဝီအခြေအမြစ်များကိုစီစစ်နိုင်လျှင်၊ ဣသရေလအဆက်အနွယ်တို့ကို၊ ပြုမိသမျှအတွက်လုံးလုံးစွန့်မည်ဟူ၍လည်း‌ေကာင်း၊ မိန့်တော်မူ၏။
38 ထာဝရဘုရားကလည်း၊ မြို့တော်ကိုငါထာဝရဘုရားဖို့ပြုစုကြသော နေ့ရက်ကာလရောက်တော့မည်။ ဟာနနေလပြအိုးမှ မြို့ထောင့်တံခါးတိုင်အောင်ပြုစုလျက်၊ 39 ဂါရက်ကုန်းသို့ရှေ့ရှု၍ ကြိုးဆွဲတိုင်းတာပြီးလျှင်၊ 40 ဂေါအ အရပ်ကိုလှည့်ရောက်သဖြင့်၊ အသေကောင်နှင့်ပြာပုံတစ်ချိုင့်လုံးသည်၊ ကေဒြုန်ချောင်း၊ အရှေ့မြို့ထောင့်မြင်းတံခါးအထိ၊ မြေကွက်ရှိသမျှပါ၊ ငါထာဝရဘုရားအားသီးသန့်လျက်၊ ဆွဲနုတ်မှောက်လှန်ခြင်းခံရတော့မည်မဟုတ်ဟု မိန့်တော်မူ၏။