29
1-3 ယေခေါနိမင်းနှင့်မယ်တော်မှစ၍၊ မိန်းမစိုးများ၊ ယုဒပြည်ယေရုရှလင်မြို့မှူးမတ်များတို့သည် ပန်းတည်း၊ ပန်းပုစသည်တို့ပါ၊ ယေရုရှလင်မြို့မှထွက်ရပြီးနောက်၊ ဗာဗုလုန် မြို့သို့နေဗုခဒ်နေဇာမင်းသုံ့ပန်းသိမ်းသွားရာပါလူကြီးအကြွင်းအကျန်တို့မှစ၍၊ ပရောဟိတ်၊ ပရောဖက်များနှင့်လူငယ်တို့အား၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းစံရာ မြို့တော်သို့၊ ယုဒဘုရင်ဇေဒကိမင်းလွှတ်လိုက်သော၊ ရှာဖန့်သားဧလာသာနှင့် ဟိလခိသားဂေမရိတို့လက်ဖြင့်၊ ယေရုရှလင်မြို့ရှိပရောဖက်ယေရမိပါးလိုက်သောစာချက်ဟူမူကား၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သုံ့ပန်းသိမ်းသွားစေတော်မူခဲ့သမျှသောသူတို့အား၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်က၊ အိမ်ဆောက်၍နေထိုင်ခြင်း၊ ခြံလုပ်၍အသီးစားခြင်း၊ အိမ်ထောင်ပြု၍သားသမီးများကိုရခြင်း၊ မြေးများရစေရန် ကိုယ့်သားသမီးတို့ကို ပေးစားထိမ်းမြားခြင်းပြုလျက်၊ ထိုမြို့၌ပင်မတိမ်ကောဘဲတိုးပွားကြလော့။ ငါသုံ့ပန်းသိမ်းသွားစေရာမြို့၏ စည်းစိမ်ချမ်းသာ၌သာသင်တို့ခံစားကြရမည်ဖြစ်၍၊ ထိုမြို့၏စည်းစိမ်ချမ်းသာကိုရှာကြံလျက်၊ ငါထာဝရဘုရားထံမေတ္တာခံကြလော့ဟုမိန့်တော်မူကြောင်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်ကလည်း သင်တို့ဘောင်ရှိပရောဖက်နှင့် ဟူးရားဆရာတို့လှည့်ဖြားခြင်းကိုမခံကြလင့်။ မြင်သောကိုယ့်အိပ်မက်များကိုလည်း မယုံကြလင့်။ ထိုသူတို့သည် ငါစေလွှတ်ခြင်းကင်းလျက်၊ နာမတော်နှင့်ပရိယာယ်ပြု၍ ဟောပြောလေ့ရှိသည်ဟု မိန့်တော်မူကြောင်း၊ 10-11 ထာဝရဘုရားကလည်း၊ ဒုက္ခနှင့်မဟုတ်။ သုခနှင့်ဆိုင်ရာကိုယ့်အကြံအစည်၊ သင်တို့အားစောင့်မြော်ရာ နောင်အကျိုးပေးရန် အကြံအစည်ကိုငါမှတ်သည့်အလျောက်၊ ဗာဗုလုန်မြို့ခေတ်နှစ်ပေါင်းခုနစ်ဆယ်စေ့သည့်ကာလ၊ ငါသည်သင်တို့ကို အကြည့်အရှုလာလျက်၊ ဤအရပ်ဒေသသို့ပြန်ပို့၍ ကတိတော်မြတ်ကိုအတည်ပြုမည်။ 12 သင်တို့သည် ငါ့ထံချဉ်းကပ်ဟစ်ခေါ်တောင်းလျှောက်ကြသောအခါ၊ ငါနားညောင်းသည်နှင့်အညီ၊ 13 စိတ်ပါကိုယ်ရောက် ငါ့ကိုလိုက်စစ်ရှာဖွေသောကြောင့်၊ တွေ့ကြလိမ့်မည်။ 14 ငါထာဝရဘုရား၏ ဗျာဒိတ်အတိုင်း၊ တွေ့ခွင့်ငါပေးသည့်ပြင်၊ နှင်ထုတ်တော်မူခဲ့ရာအပြည်ပြည်၊ လူအမျိုးမျိုးမှ၊ သုံ့ပန်းခံရသောသင်တို့ကိုစုသိမ်းပြန်ပို့၍၊ လွှတ်လိုက်ခဲ့ရာ ပြည်ရင်းသို့ ပြန်လာစေမည်ဟုမိန့်တော်မူကြောင်း၊ 15 ဗာဗုလုန်မြို့၌ပင်ပရောဖက်များကို၊ ထာဝရဘုရားပေါ်ထွန်းစေတော်မူပြီဟု၊ သင်တို့ဝါကြွားကြသော်လည်း၊ 16 ဒါဝိဒ်မင်းနန်းဆက်ဘုရင်မှစ၍၊ ဤမြို့တွင်နေထိုင်သေးသူသိမ်းသွားရာမပါသော၊ သင်တို့ဆွေမျိုးသားချင်းတို့ကိုရည်လျက်၊ 17 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ငါသည် သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များကိုသင့်စေ၍၊ မစားနိုင်အောင်ညံ့ပေသောသဖန်းသီးသဖွယ်ဖြစ်စေမည့် ပြင်၊ 18-19 ငါထာဝရဘုရား၏ဗျာဒိတ်အတိုင်း၊ ဝိရိယစိုက်၍စေလွှတ်လိုက်ရာ ကျွန်ရင်းပရောဖက်တို့ဆင့်ဆိုချက်များကို၊ နာခံနားထောင်ခြင်းမပြုသည့်အတွက်၊ ငါနှင်ထုတ်ခဲ့ရာ မြေပေါ်ရှိတိုင်းနိုင်ငံ၊ လူအမျိုးမျိုးတွင်၊ ထိတ်လန့်ရာ၊ ဆဲဆိုရာ၊ ပြက်ရယ်ပြုရာ၊ ကဲ့ရဲ့ရာအံ့ဖွယ်သရဲဖြစ်သည့်တိုင်အောင်၊ ထိုသတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များဖြင့် စီရင်ဦးမည်။ 20 ယေရုရှလင်မြို့မှ၊ ဗာဗုလုန်မြို့သို့ငါလွှတ်လိုက်သည့်အတိုင်း၊ သိမ်းသွားခံရသူအပေါင်းတို့၊ ငါထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြဦး။ 21-23 ငါ့နာမနှင့်မုသာဟောပြောသော၊ ကောလာယသားအာဟပ်နှင့် မာသေယသားဇေဒကိတို့ကိုရည်လျက်၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ဗိုလ်ခြေတို့အရှင်ငါထာဝရ ဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုသူတို့သည် ဣသရေလလူမျိုးတွင်ယုတ်မာစွာပြုကျင့်လျက်၊ သူတစ်ပါးတို့၏မယားနှင့်မှားယွင်းလျက်၊ ငါမမိန့်မမှာဘဲ ငါ့နာမနှင့်ပရိယာယ်ပြုလျက်ဆင့်ဆိုကြသည်ဟု ငါဒိဋ္ဌသက်သေဖြစ်သောကြောင့်၊ ဗာဗုလုန်ဘုရင် နေဗုခ်နေဇာ့လက်တွင်းသို့ငါအပ်နှင်းသဖြင့်၊ ထိုမင်းသည် သင်တို့မျက်မှောက်၌ပင်ကွပ်မျက်သည်ကိုထောက်၍၊ ဗာဗုလုန်မြို့ရှိသိမ်းသွားခံရသောယုဒလူမျိုးအပေါင်းတို့က၊ ဗာဗုလုန်ဘုရင်မီးကင်သောဇေဒကိနှင့်အာဟပ်တို့ကဲ့သို့၊ ထာဝရဘုရားစီရင်တော်မူပါစေသောဟူ၍ကျိန်ဆဲခြင်းစကားကို ဆိုလေ့ရှိကြလတ္တံ့ဟု မိန့်တော်မူကြောင်းများတည်း။
24-29 နဟေလံရွာသားရှေမာယရေးလိုက်သောစာကို၊ ပရောဖက်ယေရမိရှေ့ပရောဟိတ်ဇေဖနိဖတ်သည့်အတိုင်း၊ ကိုယ်တော်ကိုပရောဟိတ်ယောယဒအရာ၌ပရောဟိတ်မင်းအဖြစ်၊ ဗိမာန်တော်မှူးများအဖြစ်၊ ထာဝရဘုရားခန့်ထားတော်မူသည့်အလျောက်၊ ပရောဖက်လုပ်၍ ရူးသွပ်သူအပေါင်းတို့ကို၊ လည်ထိပ်ခြေထိပ်ခတ်ရသောအခွင့်ရှိလျက်၊ အချိန်ကာလကြာမြင့်သည်ဟူ၍လည်း‌ေကာင်း၊ အိမ်ဆောက်၍နေထိုင်ခြင်း၊ ခြံလုပ်၍ အသီးစားခြင်း၊ ပြုကြလော့ဟူ၍လည်း‌ေကာင်း၊ ဗာဗုလုန်မြို့ရှိ ကျွန်တော်တို့အားကြားလိုက်သော၊ ပရောဖက်လုပ် သူအာနသုတ်မြို့သားယေရမိကို၊ အဘယ့်ကြောင့် မဆုံးမပါသနည်းဟု၊ ယေရုရှလင်မြို့ရှိ မာသေယသား ပရောဟိတ်ဇေဖနိမှစ၍၊ ပရောဟိတ်အပေါင်းတို့နှင့်မြို့သူမြို့သားတို့အား၊ သင်သည်၊ ကိုယ့်အမည်နှင့် စာရေးလိုက်သည့်အတွက်ကြောင့်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူကြောင်း၊ ထိုရှေမာယအားဆင့်ဆိုရမည့်ပြင်၊ 30-32 သိမ်းသွားခံရသူတို့အားလည်း၊ ငါစေလွှတ်ခြင်းကင်းလျက်၊ ရှေမာယသည်သင်တို့အားဟောပြော၍၊ မုသာ၌ စိတ်ချရာရောက်စေပြီးဖြစ်သည့်အတွက်ကြောင့်လည်း‌ေကာင်း၊ ငါထာဝရဘုရားနှင့်စပ်လျဉ်းသည့်၊ ဖောက်ပြန်ခြင်းစကားကို ထွက်ဆိုဝံ့သည့်အတွက်ကြောင့်လည်း‌ေကာင်း၊ နဟေလံရွာသားရှေမာယနှင့် အမျိုးအဆက်တို့ကိုငါဒဏ်ခတ်လျက်၊ လူမျိုးတော်၌ငါရောက်စေမည့်သုခကို၊ ကိုယ်တိုင်မခံစားရဘဲ၊ ဤလူမျိုးဘောင်တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှမရှိရဟု နဟေလံရွာသားရှေမာယကိုရည်လျက်၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊ ကြားလိုက်လော့ဟူသောထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ယေရမိသို့ရောက်လာသတည်း။ ္ယ