26
1 ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းနန်းစံစကာလ၊ ရောက်လာသော ထာဝရဘုရား၏အမိန့်တော်ကား၊
2 ဗိမာန်တော့်တံတိုင်းအတွင်းတွင်ရပ်နေလျက်၊ ဗိမာန်တော်သို့အဖူးလာသော ယုဒပြည်မြို့သူရွာသားတို့အား၊ ငါမိန့်မှာသမျှကို တစ်ချက်မကြွင်းဆင့်ဆိုလော့။
3 သူတို့မကောင်းမှုအတွက် ငါပြဋ္ဌာန်းသောမကောင်းကျိုးမှ၊ စိတ်တော်ပြောင်းလဲရအံ့သောငှာ၊ အသီးအသီးတို့သည်နာခံ၍၊ ကိုယ့်မကောင်းလမ်းမှ ကြဉ်ရှောင်ကောင်း ကြဉ်ရှောင်ကြလိမ့်မည်ဟုငါမိန့်ဆို၏။
4-5 သင်ကလည်း၊ ငါပေးထားသော ပညတ်တရားအတိုင်း၊ လိုက်လျှောက်ခြင်းငှာလည်းေကာင်း၊ သင်တို့မနာခံလျက်ပင်၊ ငါဝိရိယစိုက်၍စေလွှတ်သောကျွန်တော်ရင်းပရောဖက်တို့၏ဆင့်ဆိုချက်များကို နားထောင်စေခြင်းငှာလည်းေကာင်း၊ ဗျာဒိတ်တော်ချက်ကိုမနာခံဘဲနေကြလျှင်၊
6 ဤဗိမာန်တော်ကို၊ ရှိလောမြို့ကဲ့သို့ဖြစ်စေလျက်၊ ဤမြို့ကိုလည်း၊ မြေပေါ်ရှိလူအမျိုးမျိုးရှေ့၊ ကျိန်ဆဲရာထားမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်း၊ ထပ်မံဆင့်ဆို လော့ဟူ၍တည်း။
7 ဗိမာန်တော်တွင် ယေရမိဆင့်ဆိုသောထိုအချက်များကို၊ ပရောဟိတ်နှင့်ပရောဖက်တို့သည်၊ လူပရိသတ်ပါ၊ ကြားရသည့်အတိုင်း၊
8 ထာဝရဘုရားမိန့်တော်မူသမျှကို၊ လူပရိသတ်အားဆင့်ဆိုသည့်အဆုံး၌၊ ယေရမိကိုဖမ်းဆီးလျက်၊ သင်မုချသေဒဏ်ခံရမည်။
9 ဤဗိမာန်တော်သည် ရှိလောမြို့ကဲ့သို့ဖြစ်လျက်၊ မြို့တော်လည်း နေသူမဲ့ဖုန်းဆိုးကုန်းဖြစ်မည်ဟူ၍ ထာဝရဘုရား၏နာမတော်နှင့် အဘယ့်ကြောင့်ဟောပြောသနည်းဟု ကြိမ်းမောင်းပြီးလျှင်၊ လူပရိသတ်သည် ဗိမာန်တော်တွင်၊ ယေရမိကိုဝိုင်းလာကြ၏။
10 ထိုအကြောင်းအရာများကို၊ ယုဒမှူးမတ်တို့ကြားရသော်၊ နန်းတော်မှ ဗိမာန်တော်သို့တက်လာ၍၊ တံခါးတော်သစ်ဝတွင် ထိုင်နေကြသည့်ကာလ၊
11 ပရောဟိတ်နှင့်ပရောဖက်တို့က၊ ကိုယ့်နားဖြင့်သင်တို့ကြားကြသည့်အတိုင်း၊ ဤသူသည်မြို့တော်နှင့်ဆန့်ကျင်ဘက်ဟောပြောသည့်အတွက်၊ သေဒဏ်ခံထိုက်သည်ဟု၊ မှူးမတ်တို့နှင့်လူပရိသတ်ရှေ့စွဲဆိုပြီးနောက်၊
12 ယေရမိက၊ သင်တို့ကြားရသောဆင့်ဆိုချက်ဟူသမျှကို၊ ဤဗိမာန်၊ ဤမြို့နှင့် ဆန့်ကျင်ဘက်ဟောပြောစေရန်၊ ထာဝရဘုရားသည် ငါ့အားစေလွှတ်တော်မူပြီ။
13 သို့ဖြစ်၍၊ သင်တို့အလေ့အလာအကျင့်အကြံများကိုပြုပြင်လျက်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ဗျာဒိတ်တော်သံကိုနာခံကြလော့။ ထာဝရဘုရားလည်း၊ မိန့်တော်မူခဲ့သော မကောင်းကျိုးမှ၊ စိတ်ပြောင်းလဲတော်မူလိမ့်မည်။
14 ငါမှာမူ၊ သင်တို့လက်အောက်တွင်ရှိပါ၏။ သဘောအတိုင်း၊ ထိုက်သင့်ရာပြုကြလော့။
15 သို့ရာတွင် ထိုအချက်ဟူသမျှကိုဆင့်ဆိုရန်၊ ထာဝရဘုရားစေလွှတ်တော်မူသည်မှန်လျက်ပင်၊ ငါ့ကိုသေဒဏ်ခတ်လျှင်၊ သင်တို့မှစ၍၊ မြို့တော်နှင့်မြို့သူမြို့သားတို့အပေါ်တွင်၊ အပြစ်ကင်းသူ၏ သွေးပြစ်သင့်မည့်အကြောင်း၊ မုချသိမှတ်ကြလော့ဟု၊ မှူးမတ်တို့နှင့် လူပရိသတ်အား၊ ထုချေပြီးနောက်၊
16 မှူးမတ်တို့နှင့် လူပရိသတ်က၊ ဤသူသည် ငါတို့ဘုရားသခင်ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ဆင့်ဆိုသည်မှန်သောကြောင့်၊ သေဒဏ်မခံထိုက်ဟု၊ ပရောဟိတ်နှင့် ပရောဖက်တို့အားပြန်ကြားကြ၏။
17 ထို့နောက်ပြည်သားလူကြီးအချို့တို့ထ၍၊ ယုဒဘုရင်ဟေဇကိမင်းလက်ထက်၊
18 ဟောပြောလျက်နေသော မောရရှရွာသားမိက္ခာက၊ ဇိအုန်မြို့သည်လယ်အဖြစ်ထွန်ခြင်း၊ ယေရုရှလင်မြို့သည် ဖုန်းဆိုးကုန်းဖြစ်ခြင်း၊ ဗိမာန်ရှိတောင်တော်လည်းတောကုန်းဖြစ်ခြင်းများကိုခံရမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ယုဒပြည်သူပြည်သားတို့အား ဆင့်ဆိုငြားသော်လည်း၊
19 ယုဒဘုရင်ဟေဇကိမင်းနှင့်ပြည်သူပြည်သားတို့သည် သေဒဏ်ခတ်ကြသလော။ မိန့်တော်မူခဲ့သောမကောင်းကျိုးမှ၊ ထာဝရဘုရားစိတ်ပြောင်းလဲတော်မူသည့်တိုင်အောင်၊ ထိုမင်းသည် ထာဝရဘုရားအားခန့်ညားလျက်၊ မျက်မှောက်တော်၌အသနားတော်ခံသည်မဟုတ်လော။ ငါတို့မှာမူ၊ ကိုယ့်အသက်အန္တရာယ်ကိုရှာလှစွတကားဟု၊ စည်းဝေးသော လူပရိသတ်အားဆိုကြ၏။
20 ၎င်းပြင်၊ ကိရယတ်ယာရိမ်မြို့နေရှေမာယသားဥရိယဆိုသူသည်၊ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ဟောပြောရာ၊ ယေရမိဆင့်ဆိုချက်နှင့်တူညီစွာ၊ ထိုပြည်၊ ထိုမြို့နှင့် ဆန့်ကျင်ဘက်ဟောပြောချက်များကို၊ ယောယကိမ်မင်းမှစ၍၊
21 သူရဲကောင်းတို့နှင့်မှူးမတ်တို့ကြားရလျှင်၊ ဘုရင်မင်းသည်ကွပ်မျက်ရန်ရှာကြံသော်၊ ဥရိယကြားသိ၍ ကြောက်ရွံ့သဖြင့်အိဂျစ်ပြည်သို့ထွက်ပြေးလေ၏။
22 ယောယကိမ်မင်းစေလွှတ်သည့်အတိုင်း၊ အာခဗော့်သားဧလနာသန်သည်မင်းစေတို့နှင့်တကွ၊
23 ဥရိယကိုအိဂျစ်ပြည်မှခေါ်ယူလျက်၊ ယောယကိမ်မင်းထံပို့သွင်းကြရာ၊ ထိုမင်းသည် ဓားဖြင့်ကွပ်မျက်၍၊ လူယုတ်တို့သင်္ချၖိုင်းတွင်ပစ်ချလေ၏။
24 ယေရမိကိုကား၊ ပြည်သူပြည်သားတို့လက်တွင်းသို့ရောက်၍၊ သေဒဏ်မခံရစေခြင်းငှာ၊ ရှာဖန့်သားအဟိကံသည် လက်ဖြင့်ကွယ်ကာသတည်း။