22
1-2 ထာဝရဘုရားကလည်း၊ ယုဒဘုရင်၏နန်းသို့ဆင်းသွားလျက်၊ ဤတံခါးများဖြင့်ဝင်ထွက်သူ၊ ဒါဝိဒ်မင်းနန်းဆက်ေသာ အိုယုဒဘုရင်၊ ကျေးကျွန်သင်းပင်းနှင့်ပြည်သူပြည်သားတို့ပါ၊ ထာဝရဘုရား၏ အမိန့်တော်ကို နာခံပါဟုကြော်ငြာလျက်၊ ဤဗျာဒိတ်တော်ချက်ကိုဆင့်ဆိုလော့။ ဝင်နေသူ၊ ဖသက်ဆိုး၊ မုဆိုးမတို့အားနှိပ်စက်ကြမ်းကြုတ်ခြင်း၊ ဤအရပ်ဒေသ၌ အပြစ်ကင်းသူတို့၏ အသွေးသွန်းခြင်းများကိုမပြုဘဲ၊ ညှဉ်းပန်းသူ၏လက်တွင်းမှ အလုအယက်ခံရသူ့ကိုကယ်လွှတ်လျက်၊ တရားသဖြင့် စီရင်ဆုံးဖြတ်ကြလော့။ ထိုအတိုင်းပြုကြသည်မှန်လျှင်၊ ဒါဝိဒ်မင်း၏နန်းဆက်ဘုရင်တို့သည်၊ ကျေးကျွန်သင်းပင်းနှင့်ပြည်သူပြည်သားတို့ပါ၊ ရထားစီးလျက်၊ မြင်းစီးလျက်၊ ဤနန်းမြို့ရိုးတံခါးများဖြင့် ဝင်ထွက်ခွင့်ရကြလိမ့်မည်။ နားမထောင်ကြလျှင်မူကား၊ ဤနန်းသည်ဖုန်းဆိုးကုန်းဖြစ်လိမ့်မည်ဟု၊ ကိုယ်တိုင်တော်ကိုတိုင်တည်၍၊ ငါထာဝရဘုရားသစ္စာမူကြောင်း၊ ဆင့်ဆိုလော့ဟုမိန့်တော်မူ၏။ ယုဒမင်းဆွေ၊ မင်းမျိုးတို့ကိုရည်လျက်၊ ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဂိလဒ်နယ်၊ လေဗနုန်တောင်ထိပ်သဖွယ်၊​ ငါမှတ်ယူသောသင့်ကို၊ နေသူမဲ့မြို့ပျက်၊ တောကဲ့သို့ ဖြစ်စေမည်။ ကိုယ်စီကိုယ်ငှ လက်နက်ကိရိယာပါမည့်ဖျက်ဆီးသူတို့ကို၊ ငါစီမံသည့်အလျောက်၊ ပြည်နယ်ရှိအမြတ်ဆုံးသစ်ကတိုးပင်များကိုခုတ်လှဲ၍၊ မီးထဲသို့ပစ်ချကြလိမ့်မည်။ ဤမြို့ကို သီသွားသူလူမျိုးခြားတို့က၊ မြို့တော်ကြီး၌ ထိုအတိုင်းထာဝရဘုရားစီရင်တော်မူခြင်းကား၊ အသို့နည်းဟု အချင်းချင်းမေးမြန်းကြလျှင်၊ ထိုလူမျိုးသည်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်တော်ကိုစွန့်ပယ်လျက်၊ အခြားဘုရားများအားရှိခိုးဝတ်ပြုကြသောကြောင့်တည်းဟု တုံ့ပြန်ကြလိမ့်မည်ဟူ၍တည်း။
10 ကွယ်လွန်သောမင်းအတွက်၊ စာနာငိုကြွေးခြင်းကိုမပြုကြနှင့်။ ပြည်ရင်းကိုပြန်လာရှုမြင်ခွင့်မရဘဲ၊ စွန့်ခွာရသောမင်းအတွက်၊ ငိုကြွေးမြည်တမ်းကြလော့။ 11 အသို့ကြောင့်ဆိုသော်၊ ခမည်းတော်ယောရှိမင်းအရိုက်အရာ၌နန်းစံသော၊ ဤအရပ်ဒေသမှစွန့်ခွာရသူယုဒဘုရင်ရှလ္လုံမင်းနှင့်စပ်လျဉ်း၍၊ ထာဝရဘုရားက၊ ထိုမင်းသည်ပြန်လာတော့မည်မဟုတ်။ 12 ဤပြည်ကို၊ နောင်ရှုမြင်ခွင့်မရဘဲ၊ သိမ်းသွားရာအရပ်ဒေသ၌ပင်၊ ကွယ်လွန်ရလတ္တံ့ဟု မိန့်တော်မူ၏။
13-14 ကြီးမြင့်သောနန်းတော်ကို၊ ကျယ်ဝန်းသောအထက်ခန်းများပါ၊ တည်ဆောက်မည်ဟုအောက်မေ့သည့်အတိုင်း၊ လေသာပြၗူတင်းဖောက်ခြင်း၊ သစ်ကတိုးပျဉ်နှင့်မိုးကာခြင်း၊ ဆေးနီသုတ်ခြင်းများဖြင့်၊ ပြည်သားတို့ကို အခမဲ့အချည်းနှီးစေခိုင်း၍၊ အဓမ္မပြုခြင်း၊ မဖြောင့်မတ်ခြင်းဖြင့်၊ နန်းတော်ကို၊ အခန်းများပါ၊ တည်ဆောက်သောမင်းသည်၊ အမင်္ဂလာရှိ၏။ 15 သစ်ကတိုးကိုသာလုံ့လထုတ်၍မင်းပြုအပ်သလော။ ခမည်းတော်သည် ပွဲတော်တည်လျက်ပင်၊ တရားသဖြင့် စီရင်ဆုံးဖြတ်သောကြောင့်၊ စည်းစိမ်ချမ်းသာရှိသည်မဟုတ်လော။ 16 ဆင်းရဲနွမ်းပါးသူတို့အမှုကိုစီရင်သည်နှင့် စည်းစိမ်ချမ်းသာရှိ၏။ ထိုသို့ပြုခြင်းကား၊ ငါ့ကိုကျွမ်းဝင်ရာရောက်သည်မဟုတ်လောဟု၊ ထာဝရဘုရားမေးတော်မူ၏။ 17 ဘုရင်မင်းမှာမူ၊ လောဘမှု၊ အပြစ်ကင်းသူတို့၏အသွေးသွန်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုများကိုသာ မျက်နှာသာပေးလျက်၊ စိတ်တိုင်းကျသည်တကား။ 18 သို့ဖြစ်၍၊ ယောရှိမင်းသားတော်၊ ယုဒဘုရင်ယောယကိမ်မင်းကိုရည်လျက်၊ ထာဝရဘုရားက၊ ထိုမင်းသည်၊ အိုနောင်တော်၊ အိုအစ်မတော်၊ အိုဘုန်းကြီးသောအရှင်ဘုရားဟု၊ မြည်တမ်းခြင်းမခံရဘဲ၊ 19 ယေရုရှလင်မြို့တံခါးပြင်သို့ဆွဲငင်ထုတ်ပစ်ခြင်း၊ မြည်းသေကောင်သဖွယ်သင်္ဂြိုလ်ခြင်းကိုခံရလတ္တံ့ဟု မိန့်တော်မူ၏။
20 ချစ်ကျွမ်းဝင်သူအပေါင်းတို့သည် ပျက်စီးရာရောက်ကြပြီဖြစ်သောကြောင့်၊ လေဗနုန်တောင်၌ အော်ဟစ်ခြင်း၊ ဗာရှန်ပြည်၌ အသံလွှင့်ခြင်း၊ အာဗာရိမ်အရပ်၌ဟစ်ခေါ်ခြင်းကိုပြုရန် တက်သွားလော့။ 21 ငယ်ရွယ်စဉ်ကစ၍၊ ငါ့ဗျာဒိတ်ကိုနာခံလေ့မရှိသည့်အလျောက်၊ စည်းစိမ်ချမ်းသာရှိစဉ်ကာလတွင် ငါမိန့်မြွက်သော်လည်း၊ နာခံမည်မဟုတ်ဟု သင်ငြင်းဆိုလေ၏။ 22 သင့်အထိန်းအကျောင်းများကို၊ လေပြင်းထိန်းကျောင်းလိမ့်မည်။ ချစ်ကျွမ်းဝင်သူတို့လည်း၊ သုံ့ပန်းသိမ်းသွားခံရကြသဖြင့်၊ ကိုယ့်ဆိုးသွမ်းမှုရှိသမျှအတွက်၊ သင်အရှက်ကွဲ၍ အသရေပျက်လိမ့်မည်။ 23 သစ်ကတိုးတော၌ သိုက်မြုံရှိသော၊ အိုလေဗနုန်တောင်ပေါ်တွင်နေထိုင်သူ၊ မီးဖွားသောမိန်းမကဲ့သို့၊ ဝေဒနာခံစား၍ နာကျင်ရသည့်ကာလ၊ မည်မျှညည်းတွားရရှာလိမ့်တကား။
24 အသက်တော်ကိုတိုင်တည်၍၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ယောယကိမ့်သား၊ ယုဒဘုရင်ဖြစ်သော အိုယေခေါနိမင်း၊ သင်သည် ငါ့လက်ျာလက်တော်၌တံဆိပ်ဖြစ်သော်လည်း၊ 25 ငါချွတ်၍၊ သင့်အသက်အန္တရာယ်ကို ရှာကြံသူ၊ သင်ကြောက်ရွံ့သော ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းနှင့်ခါလဒဲတပ်သားတို့လက်တွင်းသို့အပ်နှင်းသည့်အလျောက်၊ 26-27 ဖွားမြင်သောမယ်တော်ပါ၊ ချက်သိုရာပြည်မဟုတ်၊ အခြားပြည်သို့ထုတ်ပစ်သဖြင့်၊ ပြန်လာစိတ်စွဲလမ်းသောပြည်ကိုပြန်လာခွင့်မရဘဲ၊ ထိုအရပ်တွင်ပင်သေရကြလတ္တံ့။ 28 ဤယေခေါနိမင်းသည်၊ မထီလေးစားဖွယ်ကျိုးပျက်ပြီးရွှံ့ရုပ်၊ မနှစ်မြို့ဖွယ်သောမြေအိုးမျှသာဖြစ်သလော။ မရောက်ဘူးသောပြည်သို့အဆက်အနွယ်ပါ၊ ထုတ်ပစ်စွန့်လွှတ်ခံရကြသည်မှာ၊ အသို့ကြောင့်နည်း။ 29 အိုပြည်တော်၊ အိုပြည်တော်၊ အိုပြည်တော်၊ ငါထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံလော့။ 30 ထိုမင်း၏အဆက်အနွယ်အနက်၊ ယုဒပြည်ကိုမင်းပြုလျက်၊ ဒါဝိဒ်မင်း၏နန်းကို ဆက်ခံထမြောက်သူတစ်ဦးတစ်ယောက်မျှမရှိသည်နှင့်အညီ၊ ကိုယ့်အသက်တာတွင်အထ မမြောက်၊ မင်းမျိုးပြတ်သည်ဟူ၍ရေးသွင်းလော့ဟု၊ ငါထာဝရဘုရားမိန့်ဆို၏။