21
1-2 ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်းသည်၊ ငါတို့အားစစ်တိုက်ရေးနှင့်စပ်လျဉ်း၍၊ ထာဝရဘုရားထံငါတို့အဖို့မေးလျှောက်ပါ။ ထိုမင်းဆုတ်ခွာစေအံ့သောငှာ၊ အံ့ဖွယ်ရာ ရာတော်အလိုက်၊ ငါတို့ဘက်၌ ထာဝရဘုရားစီရင်ကောင်းစီရင်တော်မူလိမ့်မည်ဟု ကြားလျှောက်စေရန်၊ မေလခိသားပါရှုရနှင့်ပရောဟိတ်မာသေယသား ဇေဖနိတို့ကို၊ ဇေဒကိမင်းစေလွှတ်သည့်ကာလ၊ ယေရမိသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆိုဦးအံ့။ 3-4 ထိုသူတို့အား ယေရမိက၊ ဇေဒကိမင်းထံပြန်ကြားရမည့်၊ ဣသရေလလူမျိုး၏ဘုရားသခင်၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ ဝန်းဝိုင်းလျက်ရှိသော၊ ဗာဗုလုန်ဘုရင်နှင့် ခါလဒဲတပ်သားတို့တစ်ဘက်၊ မြို့ရိုးအပြင်တွင်၊ သင်တို့စွဲကိုင်တိုက်ခိုက်သော လက်နက်ဓားသွားကို၊ ငါလှည့်၍ မြို့တွင်းသို့ဆုတ်ဝင်စေမည့်ပြင်၊ ဒေါသအရှိန်နှင့် မဟာအမျက်တော်ထားလျက်၊ အားကြီးသောလက်ရုံးတော်ကိုဆန့်တန်း၍၊ ငါကိုယ်တိုင်စစ်တိုက်မည့်အလျောက်၊ ဒဏ်ခတ်တော်မူသော ရောဂန္တရကပ်ကြောင့်၊ ဤမြို့နေလူသူတိရစ္ဆာန်တို့သည် သေရကြလတ္တံ့။ ထို့နောက်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ရောဂန္တရကပ်၊ သတ္တန္တရကပ်၊ ဒုမ္ဘိက္ခန္တရကပ်များမှ ကျန်ရစ်သော မြို့သူမြို့သားတို့နှင့်တကွ ယုဒဘုရင်ဇေဒကိမင်းကို၊ ကျေးကျွန်သင်းပင်းတို့ပါ၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းမှစသော၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့လက်တွင်းသို့၊ ငါအပ်နှင်းသည့်အလျောက်၊ ထိုမင်းသည် စာနာခြင်း၊ ညှာတာခြင်း၊ သနားခြင်းကင်းလျက်၊ ဓားဖြင့်လုပ်ကြံလိမ့်မည်ဟူ၍တည်း။ ဤလူမျိုးအားလည်း၊ ပြန်ကြားရမည့် ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ ရှင်ခြင်းလမ်းကိုလည်း‌ေကာင်း၊ သေခြင်းလမ်းကိုလည်း‌ေကာင်း၊ သင်တို့ရှေ့ငါထားသည့်အလျောက်၊ ဤမြို့အတွင်းတွင်နေသေးသောသူသည် သတ္တန္တရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်များကြောင့်၊ သေရမည်။ ဝန်းဝိုင်းသောခါလဒဲတပ်သားတို့ဘက်သို့ထွက်သွား ကူးဝင်သူမှာမူ၊ အသက်ဆုကိုရ၍ရှင်လတ္တံ့။ 10 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အကောင်းကိုမဟုတ်၊ အဆိုးကိုပြုရန်သာ၊ ဤမြို့အပေါ်တွင် မျက်နှာတော်ထားသည့်အလျောက်၊ မီးတိုက်မည့် ဗာဗုလုန်ဘုရင်၏လက်တွင်းသို့အပ်နှင်းမည်ဟူ၍တည်း။
11-12 ယုဒမင်းဆွေ၊ မင်းမျိုးအားလည်းပြန်ကြားရမည်မှာ၊ အိုဒါဝိဒ်မင်းမျိုး၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံလော့။ သင်တို့ဆိုးသွမ်းသောအပြုအကျင့်များအတွက်၊ အမျက်တော်မငြိမ်းနိုင်သည့်တိုင်အောင်၊ မီးသဖွယ်ပေါက်ထွက်တောက်လောင်မည်စိုး၍၊ နံနက်အချိန်၌ တရားသဖြင့်စီရင်လျက်၊ ညှဉ်းပန်းသူ၏လက်တွင်းမှအလုအယက်ခံရသူ့ကို ကယ်လွှတ်ကြရမည်ဟူသော၊ ထာဝရဘုရား၏ အမိန့်တော်ကိုပြန်ကြားလော့။
13 ငါတို့ရှိရာသို့ဆင်းချီ၍၊ ခိုလှုံရာအရပ်များသို့ဝင်ဝံ့သူကား၊ မည်သူနည်းဟုဝါကြွားသူ၊ ချိုင့်တွင်လည်း‌ေကာင်း၊ ခင်တန်းရှိကျောက်တောင်ပေါ်တွင်လည်း‌ေကာင်း၊ နေထိုင်သူ၊ 14 ငါသည်သင့်တစ်ဘက်၌နေလျက်၊ အပြုအမူ၏အကျိုးဆက်အလျောက်အစီအရင်လာ၍၊ ပတ်လည်ရှိသမျှကျွမ်းလောင်ရန်မီးကို၊ သစ်တောတွင်မွေးမည်ဟုထာဝရဘုရား မိန့်တော်မူကြောင်း၊ ယေရမိပြန်ဆိုလေ၏။