19
ထာဝရဘုရားကလည်း၊ ရေတကောင်းကိုသွားဝယ်၍၊ မြို့နေလူကြီး၊ ပရောဟိတ်ကြီးအချို့တို့နှင့်တကွ၊ အိုးခြမ်းခေါ်တံခါးအနီး၊ ဟိန္နုံချိုင့်သို့သွားရောက်ပြီးလျှင်၊ ငါမိန့်ဆိုမည့်ဗျာဒိတ်ချက်များကို၊ ထိုချိုင့်တွင်ဆင့်ဆိုလျက်၊ အိုယုဒဘုရင်များနှင့် ယေရုရှလင်မြို့သူမြို့သားတို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြလေဟူ၍ ကြော်ငြာလော့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၊ ဣသရေလ လူမျိုး၏ ဘုရားသခင်မိန့်တော်မူသည်မှာ၊ ကြားသူတိုင်း နားအူလောက်ဖွယ်ဘေးကို၊ ဤအရပ်ဒေသအပေါ်သို့ ငါသင့်ရောက်စေမည်။ ငါ့ကိုစွန့်ပယ်လျက်၊ ယုဒဘုရင်များနှင့်တကွ ပြည်သူပြည်သားများ၊ ဘိုးဘေးများတို့မသိဘူးသောအခြားဘုရားများအား၊ မီးဖြင့်ပူဇော်သည့်အလျောက်၊ ဤအရပ်ဒေသကို နိုင်ငံခြားဖြစ်စေလျက်၊ အပြစ်ကင်းသူတို့အသွေးဖြင့် ပြည့်စေသည့်ပြင်၊ မိန့်မှာခြင်း၊ ထုတ်ဆင့်ခြင်း၊​ နှလုံးသွင်းခြင်းကိုငါမပြုဘဲလျက်၊ သားသမီးများကိုဗာလနတ်အား၊ မီးရှို့ရာယဇ်အဖြစ်ဆက်ရအံ့သောငှာ၊ ဗာလနတ်၏မြင့်ရာဌာနများကိုတည်လုပ်ခဲ့ကြပြီးဖြစ်သောကြောင့်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဤအရပ်ဒေသကိုတောဖက်အရပ်ဟူ၍လည်း‌ေကာင်း၊ ဟိန္နုံချိုင့်ဟူ၍လည်း‌ေကာင်း၊ နောင်မခေါ်ရဘဲ၊ လုပ်ကြံရာချိုင့်ဟုခေါ်ဝေါ်သောနေ့ရက်ကာလ ရောက်တော့မည်။ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၏ဉာဏ်ကို၊ ဤအရပ်ဒေသ၌ ငါငှဲ့သွန်၍၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့ရှေ့၊ ဓားဖြင့်ကျဆုံးစေလျက်၊ လေသတ္တဝါ၊ မြေသတ္တဝါတို့အစာအဖြစ်၊ ချင်းတို့အလောင်းများကိုငါပေးမည့်ပြင်၊ သီသွားသူတိုင်း၊ ဒဏ်ချက်များကိုထောက်၍၊ အံ့အားသင့်လျက်ပြက်ရယ်ပြုရသည့်တိုင်အောင်၊ ဤမြို့ကိုပြက်ရယ်ပြုရာအံ့ဖွယ်သရဲဖြစ်စေမည်။ ၎င်းပြင်၊ အသက်အန္တရာယ်ရှာကြံသူရန်ဘက်တို့သည်၊ ကျပ်တည်းကျဉ်းမြောင်းစွာဝန်းဝိုင်းကြသည့်ကာလ၊ ကိုယ့်သားသမီးနှင့် အပေါင်းအဖော်တို့အသားကို၊ အသီး အသီးစားရကြသည့်တိုင်အောင်၊ ငါစီရင်မည်ဟုမိန့်တော်မူကြောင်း ကြော်ငြာလော့။ 10 ထို့နောက်လိုက်ပါသူတို့ရှေ့တွင်၊ ရေတကောင်းကိုခွဲလျက်၊ 11 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ တစ်ဖန်စပ်၍မရသောမြေအိုးကိုခွဲသည့်နည်းတူ၊ ဤမြို့နှင့် ဤလူမျိုးကို၊ ငါခွဲမည့်အလျောက်၊ နေရာလပ်မရှိသည့်တိုင်အောင်၊ တောဖက်အရပ်၌ သင်္ဂြိုလ်ခြင်းပြုကြရမည်။ 12-13 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဤမြို့နှင့် မြို့သူမြို့သားတို့ကို၊ ထိုသို့ငါစီရင်လျက်၊ ကမ္ဘာ့တန်ဆာရှိသမျှအား၊ မီးဖြင့်ပူဇော်ခြင်း၊ အခြားဘုရားများအား၊ သွန်းလောင်းရာ သက္ကာတင်သခြင်းများကို၊ အမိုးပျဉ်တွင်ပြုကြသဖြင့်၊ ညစ်ညူးရာ ယုဒဘုရင်တို့နန်းများနှင့် ယေရုရှလင်တိုက်အိမ်များပါ၊ တစ်မြို့လုံးကို၊ တောဖက်အရပ်ကဲ့သို့ဖြစ်စေမည်ဟု မိန့်တော်မူကြောင်း ကြော်ငြာလော့ဟူ၍တည်း။
14 ထို့နောက်၊ ယေရမိသည်ဟောပြောရန် ထာဝရဘုရားစေလွှတ်တော်မူသော တောဖက်အရပ်မှ ပြန်လာပြီးလျှင်၊ ဗိမာန်တော်တံတိုင်းအတွင်းတွင်ရပ်နေလျက်၊ 15 စိတ်ခဲယဉ်း၍ ဗျာဒိတ်တော်ကို မနာခံကြသောကြောင့်၊ ပြဋ္ဌာန်းတော်မူခဲ့ရာဘေးအလုံးစုံကို၊ ဤမြို့နှင့်ဇနပုဒ်ရှိသမျှအပေါ်သို့ငါသင့်စေမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရ ဘုရား၊ ဣသရေလလူမျိုး၏ဘုရားသခင်မိန့်တော်မူကြောင်း၊ လူပရိသတ်အားဆင့်ဆိုလေသတည်း။