17
1-2 ယုဒအမျိုသားတို့သည်၊ မြင့်လှသောတောင်ပေါ်၊ စိမ်းလန်းသောသစ်ပင်အနီးရှိ၊ ပူဇော်ရာပလ္လင်နှင့် တံခွန်တိုင်များကို အောက်မေ့ကြသည့်အလျောက်၊ ထိုလူမျိုး၏ မကောင်းမှုသည်၊ ကိုယ့်နှလုံးပုရပိုက်ပေါ်တွင်လည်း‌ေကာင်း၊ ကိုယ့်ပူဇော်ရာပလ္လင်စိန်တောင်များတွင်လည်း‌ေကာင်း၊ စိန်သွားတပ်သံကညစ်ဖြင့်၊ အက္ခရာရေးတင်လျက်ရှိသည်တကား။ 3-4 လွင်ပြင်ရှိ အိုငါ့တောင်တော်၊ သင့်ပြစ်မှုအတွက်၊ ကာလအစဉ်တောက်လောင်တော်မူသော ဒေါသမီးကို မွေးကြသောကြောင့်၊ တစ်ပြည်လုံးရှိစည်းစိမ်ဘဏ္ဍာကိုလည်း‌ေကာင်း၊ မြင့်ရာဌာနများကိုလည်း‌ေကာင်း၊ လုယက်ဥစ္စာအဖြစ်ငါလွှဲအပ်သည့်ပြင်၊ ငါအပိုင်ပေးခဲ့သောပြည်ကို၊ သင်လက်လွှတ်ရမည့်အလျောက်၊ မရောက်ဘူးသောပြည်တွင်ရန်သူတို့အမှုကိုထမ်းစေမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ၊ လူသတ္တဝါကို၊ လက်ရုံးအဖြစ်အားထားလျက်၊ ထာဝရဘုရားမှစိတ်ဖောက်ပြန်သူသည်၊ အမင်္ဂလာရှိ၏။ ထိုသူသည်လွင်ပြင်ရှိသစ်ငုတ်သဖွယ်ဖြစ်လျက်၊ သုခရောက်သော်လည်းမခံစားဘဲလျက်၊ တောအရပ်ရှိ၊ နေထိုင်သူကင်းသောသွေ့ခြောက်ရာဆားမြေ၌ နေရာချရမည်။ အခြားကိုမဟုတ်။ ထာဝရဘုရားကိုသာ၊ အားထားကိုးစားသူကား၊ မင်္ဂလာရှိ၏။ ထိုသူသည်မြောင်းအနီးစိုက်၍၊ ရေသို့အမြစ်ကျသဖြင့်၊ နွေဥတုကိုမကြောက်၊ အရွက်စိမ်းလန်းလျက်၊ မိုးခေါင်သောနှစ်တွင်မစိုးရိမ်ဘဲ၊ ဆယ့်နှစ်ရာသီသီးသောအပင်နှင့်တူလိမ့်မည်။ လူတို့၏ စိတ်နှလုံးသည်၊ အရာခပ်သိမ်းထက်လိမ်လည်လျက်၊ ကု၍မရသောအနာစွဲ၏။ မည်သူသိနိုင်သနည်း။ 10 ငါထာဝရဘုရားသည် နှလုံးကျောက်ကပ်ကိုစစ်ဆေးစီစစ်၍၊ လူအသီးသီးတို့အား၊ ကိုယ့်အလေ့အလာအပြုအမူအလျောက်၊ အကျိုးဆက်ကိုပေးတတ်၏။ 11 မတရားသဖြင့် ဥစ္စာဆည်းပူးသောသူသည်၊ ကိုယ်မဥသောဥပေါ်တွင် ဝပ်လေ့ရှိသောခါငှက်ကဲ့သို့၊ အသက်တာအလယ်တွင်စွန့်ပစ်ရသည့်ပြင်၊ အဆုံး၌လည်း၊ မိုက်မဲလိမ့်မည်ဟု မိန့်တော်မူ၏။
12 ငါတို့၏ သန့်ရှင်းရာဌာနသည်၊ ရှေးမဆွကမြင့်မြတ်၍၊ ဘုန်းကြီးသောရာဇပလ္လင်ဖြစ်၏။ 13 ဣသရေလလူမျိုး၏စောင့်မြော်ရာစောင့်မြော်ကြောင်းဖြစ်သော အိုထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပစ်သူအပေါင်းတို့သည်၊ အရှက်ကွဲကြလိမ့်မည်။ ကိုယ်တော်မှဖောက်ပြန်သူတို့လည်း၊ စမ်းရေတွင်းတည်းဟူသောထာဝရဘုရားကိုစွန့်ပစ်ကြသောကြောင့် မြေမုန့်၌သာအက္ခရာတင်ခံရကြလိမ့်မည်။ 14 အကျွန်ုပ်ချီးမွမ်းထိုက်ချီးမွမ်းရာ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။ သို့မှကျန်းမာပါလိမ့်မည်။ ကယ်တင်တော်မူပါ။ သို့မှကယ်တင်ရာရောက်ပါလိမ့်မည်။ 15 ထိုသူတို့က၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အဘယ်မှာနည်း။ ရောက်ပါစေတော့ဟုဆိုတတ်ကြ၏။ 16 အကျွန်ုပ်မှာမူ၊ နောက်တော်ပါအထိန်းအကျောင်းအဖြစ်ကို လျင်စွာလက်လွှတ်ခြင်း၊ ဒုက္ခနေ့ရက်ကို တောင့်တခြင်းမပြုကြောင်း၊ ကိုယ်တော်သိတော်မူသည့်အတိုင်း၊ နှုတ်ထွက်စကားလည်း ရှေ့တော်မှ မုက္ခပတ်တော်တည်း။ 17 ဘေးသင့်ရာနေ့ရက်၌၊ အကျွန်ုပ်၏ခိုလှုံရာအရှင်၊ စိတ်ပျက်ရာအကြောင်း ဖြစ်တော်မမူပါလင့်။ 18 အကျွန်ုပ်သည်အရှက်မကွဲ၊ စိတ်မပျက်ရဘဲ၊ ညှဉ်းပန်းသူ့ကိုသာအရှက်ကွဲ၍ စိတ်ပျက်ကြပါစေသော၊ ချင်းတို့အပေါ်တွင် ဘေးနေ့ရက်ကိုသင့်စေ၍၊ နှစ်ဆဒဏ်ပယ်ရှားဖျက်ဆီးတော်မူပါ။
19 ငါ့အားထာဝရဘုရားက၊ ယုဒဘုရင်အဆက်အဆက်တို့ဝင်ထွက်လေ့ရှိသော၊ အမျိုးသားတို့၏တံခါးဝမှစ၍၊ ယေရုရှလင်မြို့တံခါးဝတိုင်းသို့သွားရောက်ရပ်နေလျက်၊ 20 ဤတံခါးများဖြင့်ဝင်ထွက်သောယုဒဘုရင်များနှင့်တကွ၊ ယုဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြလေဟူ၍ကြော်ငြာလော့။
21-23 ထာဝရဘုရား၏ဗျာဒိတ်တော်မှာ၊ နာခံနားထောင်ခြင်းမပြုဘဲ၊ နားမထောင်၊ အဆုံးအမကိုမနာမယူသည့်တိုင်အောင်၊ စိတ်ခဲယဉ်းသော သင်တို့၏ဘိုးဘေးများအား၊ ဥပုသ်နေ့ကိုသီးသန့်စောင့်ရှောက်ကြလော့ဟု၊ ငါမိန့်မှာခဲ့သည့်အတိုင်းပင်၊ ကိုယ်ကိုသတိမူလျက် ဥပုသ်နေ့၌ ဝန်ထမ်းခြင်း၊ ယေရုရှလင်မြို့တံခါးများဖြင့် ဆောင်သွင်းခြင်း၊ ကိုယ့်အိမ်များမှထုတ်ယူခြင်းများကိုမပြုဘဲ၊ မည်သည့်အမှုအရေးကိုမျှ မလုပ်မဆောင်ကြနှင့်။ 24 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဥပုသ်နေ့၌ ဤမြို့တံခါးများဖြင့် ဝန်သွင်းခြင်း၊ အမှုအရေးကိုလုပ်ဆောင်ခြင်းမပြုဘဲ၊ ဥပုသ်နေ့ကိုသီးသန့်စောင့်ရှောက်ရမည့် အမိန့်တော်ကို၊ သင်တို့နာခံနားထောင်ကြလျှင်၊ 25 ဒါဝိဒ်မင်း၏နန်းဆက်ဘုရင်တို့သည်၊ မှူးမတ်တို့နှင့် ယုဒပြည်သူယေရုရှလင်ဤမြို့သားတို့ပါ၊ ရထားစီးလျက်၊ မြင်းစီးလျက်၊ ဤမြို့တံခါးများဖြင့် ဝင်ထွက်လေ့ရှိသည့်ပြင်၊ မြို့လည်းအစဉ်တည်တံ့မည့်အလျောက်၊ 26 ယုဒပြည်မြို့ရွာ၊ ယေရုရှလင်မြို့ပတ်လည်ဇနပုဒ်၊ ဗင်္ယာမိန်နယ်၊ ချိုင့်ဝှမ်းရာအရပ်၊ ခင်တန်းအရပ်နှင့် နေဂပ်ခရိုင်များမှ၊ မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာ၊ ဘောဇဉ် သက္ကာများကို၊ လောဗန်စေး၊ ချီးမွမ်းသက္ကာများပါ၊ ငါထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်ဆက်သွင်းကြလိမ့်မည်။ 27 ဥပုသ်နေ့၌ ယေရုရှလင်မြို့တံခါးများဖြင့် ဝန်ကိုမထမ်းမသွင်းဘဲ၊ ဥပုသ်နေ့ကို သီးသန့်စောင့်ရှောက်ရမည့်အမိန့်တော်ကို၊ နားမထောင်ကြလျှင်မူကား၊ ယေရုရှလင် မြို့ရှိဘုံဗိမာန်များကိုကျွမ်းလောင်ရန်၊ မငြိမ်းရသောမီးကိုတံခါးဝများတွင်ပင် ငါမွေးမည်ဟူသောဗျာဒိတ်တော်ကိုကြော်ငြာလော့ဟု မိန့်တော်မူ၏။