9
ကိုယ်တော်သည်လျှောက်ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်ယောက်ျားတစ်ယောက်ကို မြင်တော်မူရာ၊ တပည့်တော်တို့က ဆရာတော်၊ ဤသူသည်မျက်စိချို့လျက်ဖွားလာရသည်မှာ မည်သူ့ပြစ်မှုနည်း။ ဤသူလော။ မိဘတို့လောဟုမေးလျှောက်ကြသော်၊ ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။ မည်သူမျှလုပ်ဆောင်ခွင့်မရသော ညဉ့်အချိန်ရောက်တော့မည့်အလျောက် ငါ့ကိုစေလွှတ်တော်မူလိုက်သော အရှင့်အမှုတော်များကို နေ့အချိန်ရှိစဉ်ငါတို့ဆောင်ရွက်ရကြမည်။ ငါသည် ဤလောက၌ရှိစဉ် ဤလောက၏အလင်းဖြစ်သည်ဟု မိန့်တော်မူပြီးလျှင်၊ မြေပေါ်တွင်တံတွေးတော်ဖြင့်ရွှံ့လုပ်လျက်၊ ထိုသူ၏ မျက်ကွင်းများကိုလိမ်းမံ၍ ရှိလောင်ရေကန်သို့ သွားရောက်ဆေးကြောလော့ ဟုမိန့်တော်မူသည့်အတိုင်း ထိုသူထွက်သွား၍ဆေးကြောပြီးမှ မြင်လျက်ပြန်လာ၏။ ရှိလောင်အနက်ကား စေလွှတ်သည်ဟုဆိုလိုသတည်း။ သို့ဖြစ်၍ သူတောင်းစားအဖြစ်မြင်ဘူးသူတို့နှင့်အိမ်နီးချင်းတို့က၊ ဤသူသည်ထိုင်၍ တောင်းစားသူမဟုတ်လောဟုဆိုကြရာ အချို့က ထိုသူပင်ဖြစ်သည်၊ အချို့ကမဟုတ်ပါ၊ အဟန်တူသည်ဟုဆိုကြသော် သူကကျွန်တော်ပင်တည်းဟုပြန်ဆို၏။ 10 သို့ဖြစ်လျှင် သင့်မျက်စိမည်သို့ပွင့်သနည်းဟုမေးကြရာ၊ 11 ယေရှုဆိုသူသည်ရွှံ့လုပ်၍ ကျွန်တော့်မျက်ကွင်းများကိုလိမ်းမံပြီးလျှင် ရှိလောင်ရေကန်သို့သွား၍ ဆေးကြောလော့ဟု မိန့်ဆိုသည့်အတိုင်းသွားရောက်ဆေးကြောရာ မျက်စိမြင်ရကြောင်းပြန်ပြောသဖြင့်၊ 12 ထိုသူအဘယ်မှာနည်းဟုမေးကြသော် ကျွန်တော်မသိပါဟုပြန်ဆို၏။
13-14 ယေရှုရွှံ့လုပ်၍မျက်စိပွင့်စေသောနေ့သည် ဥပုသ်နေ့ဖြစ်သည့်အလျောက် မျက်စိချို့ဘူးသူ့ကို ဖာရိရှဲတို့ထံခေါ်သွားကြရာ၊ 15 မည်သို့မျက်စိမြင်ကြောင်း ဖာရိရှဲတို့မေးပြန်ကြသည့်ကာလ ထိုသူက၊ ကျွန်တော့်မျက်ကွင်းကို သူရွှံ့မံ၍ ကျွန်တော်ဆေးကြောလိုက်သည့်အခါ မြင်ရပါသည်ဟုပြန်ဆို၏။ 16 ထိုအခါဖာရိရှဲအချို့က ဤသူသည်ဥပုသ်နေ့ကိုမစောင့်သောကြောင့် ဘုရားသခင့်အထံတော်မှ မဟုတ်ဟူ၍လည်းေကာင်း၊ အချို့က အပြစ်သားဖြစ်သူသည် ဤသို့သောနိမိတ်လက္ခဏာများကို အသို့ပြုနိုင်သနည်းဟူ၍လည်းေကာင်း ဆိုလျက်ကွဲပြားကြသည်ဖြစ်၍၊ 17 တစ်ဖန် မျက်စိချို့ဖူးသူအား၊ သင့်မျက်စိပွင့်စေသည်မှာ ထို့သူ့အကြောင်းမည်သို့ဆိုသနည်းဟုမေး ကြသော် ပရောဖက်ဖြစ်ပါသည်ဟု ပြန်ဆို၏။ 18-19 ယုဒလူမျိုးတို့သည် မျက်စိမြင်ရသူ၏မိဘတို့ကိုခေါ်ပြီးလျှင်၊ ဤသူကား မျက်စိချို့လျက်ဖွားလာခဲ့ကြောင်း သင်တို့ဆိုကြသောသား ဟုတ်သလော။ ဟုတ်လျှင် မည်သို့ယခုမျက်စိမြင်ရသနည်းဟုစစ်မေးမှသာ အထက်ကမျက်စိချို့လျက် ယခုမြင်ရကြောင်းယုံကြ၏။ 20 မိဘတို့က ဤသူသည် ကျွန်တော်တို့၏သားမှန်သည်။ မျက်စိချို့လျက် ဖွားလာသည်ကိုသိကြပါ၏။ 21 သို့ရာတွင် ယခုမည်သို့မျက်စိမြင်ရသည်ကိုလည်းေကာင်း၊ မည်သူပွင့်စေသည်ကိုလည်းေကာင်း၊ ကျွန်တော်တို့မသိပါ။ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါ။ ကိုယ့်အကြောင်းကိုယ်ပြောပါစေဟုပြန်ဆိုကြ၏။ 22 ထိုသို့ဆိုခြင်းကား၊ မည်သူမဆို ကိုယ်တော်ကိုခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် အသင်းတော်မှ ထုတ်ပယ်ခံရမည်ဟူ၍ ယုဒလူမျိုးတို့ပြဋ္ဌာန်းပြီးဖြစ်သည့်အတိုင်း ယုဒလူမျိုးတို့ကိုကြောက်ရွံ့သောကြောင့်တည်း။ 23 သို့နှင့်အညီ အရွယ်ရောက်လျက်ရှိသောသူ့ကိုမေးကြပါဟု မိဘတို့ဆိုကြ၏။ 24 ထိုကာလ မျက်စိချို့ဖူးသူ့ကိုဒုတိယအကြိမ်ခေါ်၍ ဘုရားသခင့်ဘုန်းတော်ကိုချီးမြေှာက်လော့။ ထိုသူသည် အပြစ်သားဖြစ်ကြောင်းငါတို့သိကြပြီဟု ဆိုကြသော် အပြစ်သားဖြစ်မဖြစ်ကျွန်တော်မသိ။ 25 သိသောအရာတစ်ခုမှာ မျက်မမြင်ဘူးသောကျွန်တော်သည် ယခုမြင်ရပါသည်ဟုပြန်ဆို၏။ 26 တစ်ဖန် သူသည်သင့်ကိုမည်သို့ပြုလုပ်သနည်း၊ မည်သို့သင့်မျက်စိပွင့်စေသနည်း ဟုမေးပြန်ကြသော်၊ 27 ကျွန်တော်ပြောခဲ့လေပြီ။ နားမစိုက်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြသနည်း။ သူ့တပည့်ဖြစ်လိုကြသလောဟု ပြန်ဆိုရာ၊ 28 ထိုသူတို့ကဲ့ရဲ့လျက် သင်သည်သူ့တပည့်ဖြစ်၏။ ငါတို့မူကား မောရှေ့တပည့်ဖြစ်ကြ၏။ 29 ဘုရားသခင်သည် မောရှေအားဗျာဒိတ်ပေးတော်မူကြောင်းငါတို့သိ၏။ ဤသူကား မည်သည့်ဇာတိဒေသကဖြစ်သည်ကိုမသိဟု ဆိုကြ၏။ 30 ထိုသူကလည်း အံ့သြဖွယ်တကား၊ ကျွန်တော့်မျက်စိကိုပွင့်စေလျက်ပင် မည်သည့်ဇာတိဒေသကဖြစ်ကြောင်း မသိကြလေစွ။ 31 ဘုရားသခင်သည် အပြစ်သားတို့အား နားညောင်းတော်မမူကြောင်းကိုလည်းေကာင်း၊ ကြည်ညိုကိုးကွယ်လျက် အလိုတော်ကိုဆောင်ရွက်သူဖြစ်လျှင် နားညောင်းတော်မူကြောင်းကိုလည်းေကာင်းသိကြပါ၏။ 32 ကန်းလျက်ဖွားလာသူ၏မျက်စိကို တစ်စုံတစ်ယောက်ပွင့်စေကြောင်း၊ 33 ကမ္ဘာဦးကစ၍မကြားရစဘူး။ ဤသူသည်ဘုရားသခင့်အထံတော်မှ မဟုတ်လျှင်၊ မည်သည်ကိုမျှပြုလုပ်နိုင်သည်မဟုတ်ဟု ပြန်ဆိုသဖြင့်၊ 34 သင်သည်အပြစ်၌ လုံးလုံးဖွားလာသူဖြစ်လျက် ငါတို့ကိုသင်ကြားသလောဟု ပြန်ဆိုပြီးလျှင် ထုတ်ပယ်လိုက်ကြ၏။
35 ထိုသို့ထုတ်ပယ်လိုက်ကြောင်းကြားသဖြင့် ထိုသူ့ကိုရှာ၍တွေ့သော် ယေရှုက လူ့သားကိုယုံကြည်သလောဟုမေးတော်မူရာ၊ 36 အရှင်ဘုရား၊ ကျွန်တော်ယုံကြည်ရရန် လူ့သားမည်သူပါနည်းဟု ပြန်လျှောက်သည့်ကာလ၊ 37 ယေရှုက၊ သင်မြင်ဖူးခဲ့ပြီ။ သင်နှင့်ယခုပြောဆိုသူပင်ဖြစ်သည်ဟု မိန့်တော်မူသော်၊ 38 အရှင်ဘုရား၊ ကျွန်တော်ယုံကြည်ပါသည်ဟုဆိုလျက် ရှိခိုးလေ၏။ 39 ယေရှုကလည်း၊ မမြင်သူမြင်စေ။ မြင်သူကန်းစေဟူသောစီရင်ချက်တော်တည်စေရန် ဤလောကသို့ ငါ့ရောက်လာခဲ့ပြီဟု မိန့်တော်မူသည်ကို၊ 40 နောက်တော်ပါဖာရိရှဲတို့ကြား၍ ကျွန်ုပ်တို့လည်းမျက်စိကန်းသလောဟုမေးမြန်းကြသော်၊ 41 ယေရှုက၊ သင်တို့ကန်းလျှင် အပြစ်သင့်မည်မဟုတ်။ ယခုမူကား မြင်သည်ဟုဆိုကြသည်နှင့် သင်တို့၌အပြစ်တည်၏။