18
ထိုသို့ ယေရှုလျှောက်ဆိုတော်မူပြီးသော် တပည့်တော်တို့နှင့်တကွထွက်၍ ကေဒြုန်ချောင်းတစ်ဘက်ရှိ ဥယျာဉ်သို့ကြွဝင်တော်မူ၏။ ၎င်းဥယျာဉ်တွင် ယေရှုသည်တပည့်တော်တို့နှင့် အဖန်ဖန်တွေ့ဆုံတော်မူတတ်သောကြောင့် ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုအရပ်ကိုသိသည်နှင့်အညီ၊ တပ်သားများ၊ ပရောဟိတ်ကြီးနှင့်ဖာရိရှဲတို့ထံမှ မင်းမှုထမ်းများကိုခေါ်ခဲ့ပြီးလျှင် မီးရှူး၊ မီးအိမ်၊ လက်နက်များပါလျက်ရောက်လာ၏။ ယေရှုလည်း ကိုယ်၌ဖြစ်လတ္တံ့သောအရာခပ်သိမ်းကိုသိမြင်သဖြင့် ထွက်ကြွတော်မူလျက်၊ မည်သူ့ကိုရှာကြသနည်းဟုမေးတော်မူသော်၊ နာဇရက်မြို့သားယေရှုကိုရှာသည်ဟုပြန်ဆိုကြရာ ကိုယ်တော်ကိုပို့အပ်သူယုဒလည်း ထိုသူတို့နှင့်အတူရပ်နေစဉ် ယေရှုက ငါပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ငါပင်ဖြစ်သည်ဟု မိန့်တော်မူသည်နှင့် ထိုသူတို့ဆုတ်ခွာဝပ်လျှိုးကြသောကြောင့်၊ မည်သူ့ကိုရှာကြသနည်းဟုမေးတော်မူပြန်သော် နာဇရက်မြို့သားယေရှုကို ရှာသည်ဟုပြန်ဆိုကြရာ၊ ယေရှုက ငါပင်ဖြစ်သည်ဟူ၍ငါပြောခဲ့ပြီ။ ငါ့ကိုရှာလျှင် ဤသူတို့သွားကြစေဟု မိန့်တော်မူ၏။ ထို့သို့မိန့်တော်မူသည်မှာ အကျွန်ုပ်အားသနားတော်မူသောသူတို့အနက် တစ်ယောက်ကိုမျှအကျွန်ုပ်မဖျောက်ပါဟူ၍ မိန့်တော်မူချက်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။ 10 ထိုအခါရှိမုန်ပေတရုသည် ပါသောဓားကိုချွတ်ပြီးလျှင် ပရောဟိတ်မင်း၏ကျွန် မာလခုအမည်ရှိသူကို ခုတ်၍ လကျ်ာနားရွက်ပြတ်သော်၊ 11 ယေရှုက သင့်ဓားကိုအိမ်၌ပြန်သွင်းလော့။ ခမည်းတော်ပေးသောခွက်ကို ငါမသောက်ရာသလောဟု ပေတရုအားမိန့်တော်မူ၏။
12 ထိုအခါ တပ်မှူးတပ်သားတို့နှင့် ယုဒလူမျိုးတို့၏မင်းမှုထမ်းများသည် ယေရှုကို ဖမ်းဆီးတုပ်နှောင်ပြီးလျှင်၊ 13 ထိုနှစ်တွင် ပရောဟိတ်မင်းဖြစ်သူ ကာယဖ၏ယောက္ခမအန္နတ်ထံ ဦးစွာယူသွားကြ၏။ 14 ထိုကာယဖကား လူမျိုးတော်အတွက်လူတစ်ယောက်အသေခံလျှင် သင့်လျော်သည်ဟူ၍ ယုဒလူမျိုးတို့အား အကြံပေးဖူးသူတည်း။
15 ရှိမုန်ပေတရုနှင့် တပည့်တော်တစ်ပါးသည် ယေရှုနောက်လိုက်ကြရာ ထိုတပည့်တော်သည် ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သူဖြစ်သဖြင့် ပရောဟိတ်မင်း၏ကျောင်းတော့် တံတိုင်းအတွင်းသို့ ယေရှုနှင့်အတူဝင်ရ၏။ 16 ပေတရုမူကား တံခါးပြင်တွင်ရပ်နေရ၍ ပရောဟိတ်မင်းနှင့်ကျွမ်းဝင်သော ထိုတပည့်တော်ထွက်သွားလျက် တံခါးစောင့်မအားပြောပြီးလျှင်ပေတရုကိုသွင်းသော်၊ 17 တံခါးစောင့်ကျွန်မက သင်လည်းထိုသူ့တပည့်တို့အပေါင်းပါလောဟု ပေတရုအားမေးရာ၊ ငါမဟုတ်ဟု ပြန်ဆို၏။ 18 ထိုအခါ ကျွန်တို့နှင့်မင်းမှုထမ်းတို့သည်ချမ်းသဖြင့် မီးသွေးမီးဖိုပြီးလျှင်လှုံကြစဉ် ပေတရုလည်း အတူရပ်လျက်လှုံနေ၏။
19 ထိုကာလပရောဟိတ်မင်းသည် တပည့်တော်တို့အကြောင်းနှင့် ဒေသနာတော်အကြောင်းကိုမေးမြန်းသော်၊ 20 ယေရှုက ငါသည်လျှို့တဝှက်မဟောဘဲ လောကသားတို့အားအထင်အရှားဟောလျက်၊ ယုဒလူမျိုးအပေါင်းတို့စည်းဝေးရာ ဓမ္မာရုံများနှင့်ဗိမာန်တော်တွင် အစဉ်ဒေသနာပေးခဲ့ပြီ။ 21 ငါ့ကိုအဘယ်ကြောင့်မေးမြန်းသနည်း။ မည်သို့ဟောကြောင်းကိုကြားနာသူတို့ထံမေးမြန်းလော့။ ဟောချက်များကို ဤသူတို့သိကြသည်တကားဟု ပြန်၍မိန့်တော်မူသည်နှင့်၊ 22 အနီးရှိ မင်းမှုထမ်းတစ်ယောက်သည် ယေရှုကိုလက်ဝါးဖြင့်ရိုက်လျက် ပရောဟိတ်မင်းအား ထိုသို့ပြန်ပြောရာသလောဟုဆိုသော်၊ 23 ယေရှုက ငါမကောင်းပြောဆိုလျှင် မကောင်းကြောင်းသက်သေခံလော့။ အကောင်းပြောဆိုလျှင်မူကား အဘယ်ကြောင့်ရိုက်သနည်း ဟု မိန့်တော်မူ၏။ 24 ထိုနောက်အန္နတ်သည် ကိုယ်တော်ကိုတုပ်နှောင်သည့်အတိုင်း ပရောဟိတ်မင်းကာယဖထံပို့လိုက်၏။
25 ထိုအခါ ရှိမုန်ပေတရုသည်မီးလှုံလျက်ရပ်နေခိုက် သင်လည်းသူ့တပည့်တို့ အပေါင်းပါလောဟုမေးကြသော် ငါမဟုတ်ဟုငြင်းဆိုပြီးနောက်၊ 26 ပေတရုခုတ်၍ နားရွက်ပြတ်သူနှင့်ဆွေမျိုးဖြစ်သော ပရောဟိတ်မင်း၏ကျွန်တစ်ယောက်က သူနှင့်အတူဥယျာဉ်တွင် သင့်ကိုငါမြင်ခဲ့သည်မဟုတ်လောဟု မေးရာ၌၊ 27 ပေတရုငြင်းဆိုပြန်သည်နှင့်တစ်ပြိုင်နက် ကြက်တွန်လေ၏။
28 ထိုနောက်နံနက်စောစောအချိန် ယေရှုကို ကာယဖမင်းထံမှပရဲတောရိခေါ်ရုံးတော်သို့ ယူသွားကြရာ၊ ထိုသူတို့သည် မသန့်ရာရောက်သဖြင့် ပသခါပွဲကိုမစားရမည်စိုး၍ ရုံးတော်တွင်းသို့ မဝင်ဘဲနေကြသောကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်သွားလျက်၊ 29 ဤသူ့အပေါ်တွင် မည်သို့စွဲချက်တင်ကြသနည်းဟုမေးသော်၊ 30 ထိုသူသည် ဆိုးသွမ်းမှုမပြုလျှင် မင်းကြီးထံကျွန်တော်တို့ပို့အပ်မည်မဟုတ်ပါဟု ပြန်လျှောက်ကြ၏။ 31 ပိလတ်မင်းကလည်း သူ့ကိုယူ၍ သင်တို့တရားအတိုင်း ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြလော့ဟုဆိုရာ၊ ကျွန်တော်တို့သည် မည်သူ့ကိုမျှသေဒဏ်ပေးခွင့်မရှိပါဟု ယုဒလူမျိုးတို့ပြန်လျှောက်ကြ၏။ 32 ထိုသို့လျှောက်ခြင်းကား မည်သို့အသေခံတော်မူရမည်ကို ယေရှုမိန့်ဆိုဖော်ပြတော်မူခဲ့သည့်အတိုင်း ပြည့်စုံစေခြင်းငှါတည်း။
33 ထိုအခါ ပိလတ်မင်းသည်ရုံးတော်အတွင်းပြန်ဝင်ပြီးလျှင် ယေရှုကိုခေါ်လျက် သင်သည် ယုဒလူမျိုးတို့ဘုရင်လောဟုမေးသော်၊ 34 ယေရှုက သင့်အလိုအလျောက်ဤသို့မေးသလော။ ငါ့အကြောင်းကိုသူတစ်ထူးတို့ လျှောက်ကြသောကြောင့်လောဟု ပြန်၍မေးတော်မူရာ၊ 35 ပိလတ်မင်းက ငါသည်ယုဒလူမျိုးလော။ သင့်လူမျိုးတို့နှင့်ပရောဟိတ်ကြီးတို့သည် သင့်ကိုငါ့ထံပို့အပ်ကြပြီ။ မည်သို့ပြုဘိသနည်းဟုမေးပြန်လျှင်၊ 36 ယေရှုက ငါ့နိုင်ငံသည်ဤလောကနှင့်မစပ်ဆိုင်၊ စပ်ဆိုင်ခဲ့မူငါသည်ယုဒလူမျိုးတို့ လက်သို့မရောက်စေခြင်းငှါ ငါ့ဘက်သားတို့တိုက်လှန်ကြလေပြီ။ ငါ့နိုင်ငံကား ဤမှာမဟုတ်ဟုမိန့်တော်မူ၏။ 37 သို့ဖြစ်လျှင် သင်သည်ဘုရင်မင်းလောဟု ပိလတ်မင်းမေးသည့်ကာလ ယေရှုက ငါသည် သင်ဆိုသည့်အတိုင်းဘုရင်မင်းတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန်၊ ထိုသို့သောအဖြစ်ဖြင့်ဖွားမြင်ခြင်းကိုခံ၍ ဤလောကသို့ရောက်လာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သူတိုင်း၊ ငါ့စကားကိုနာယူတတ်သည်ဟု ပြန်၍မိန့်တော်မူရာ၊ 38 ပိလတ်မင်းက သမ္မာတရားဆိုသော် မည်သို့နည်းဟုမေးပြီးလျှင် ယုဒလူမျိုးတို့ရှိရာသို့ထွက်ပြန်၍ ထိုသူ၌ ပြစ်မှုကိုငါမတွေ့။ 39 သို့ရာတွင်ပသခါပွဲအခါ အကျဉ်းသားတစ်ယောက်ကိုငါလွှတ်မြဲရှိ၏။ ယုဒလူမျိုးတို့ ဘုရင်ကိုလွှတ်စေလိုသလောဟု ပြောဆိုမေးမြန်းသော် ထိုသူ့ကိုမဟုတ်။ 40 ဗာရဗ္ဗကိုလွှတ်ပါဟုပြန်ဟစ်ကြ၏။ ဗာရဗ္ဗကား၊ ဓားပြတည်း။