17
1-2 ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက်၊ လျှောက်ဆိုတော်မူသည်မှာ၊ အိုအဘ၊ အချိန်ရောက်ပါပြီ။ သားတော်အားသနားတော်မူသမျှတို့ကို ထာဝရအသက်ပေးစေရန် လူအပေါင်းတို့အပေါ်တွင်အခွင့်အာဏာအပ်နှင်းတော်မူသည့်အတိုင်း သားတော်သည် ကိုယ်တော်၏ဘုန်းကိုထင်ရှားစေခွင့်ရခြင်းငှါ သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ ထာဝရအသက်ဟူသည်မှာ ဘုရားမှန်တစ်ဆူတည်းဖြစ်သောကိုယ်တော်ကိုလည်းေကာင်း၊ စေလွှတ်တော်မူလိုက်သော ယေရှုခရစ်ကိုလည်းေကာင်း၊ သိကျွမ်းခြင်းတည်း။ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်ပြီးစီးသဖြင့် ဤမြေကြီးပေါ်တွင်ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အိုအဘ၊ ဤလောကမတည်မီ ကိုယ်တော့်ထံအကျွန်ုပ်၏ဘုန်းထင်ရှားခဲ့သည့်နည်းတူ၊ အထံတော်တွင် ယခု ထင်ရှားစေတော်မူပါ။ ဤလောကထဲမှ ပေးအပ်တော်မူသောသူတို့အား နာမတော်ကိုအကျွန်ုပ်ဖော်ပြပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်မှန်လျက် အကျွန်ုပ်အားသနားတော်မူသူများ ဖြစ်သည့်အလျောက် ကိုယ်တော်၏တရားတော်ကိုစောင့်ရှောက်ကြပါပြီ။ 7-8 ကိုယ်တော်ပေးတော်မူသောဗျာဒိတ်တော်ကို အကျွန်ုပ်ပြန်ကြားသည့်အတိုင်း ထိုသူတို့နာယူ၍ အကျွန်ုပ်အားသနားတော်မူလေသမျှသည် ကိုယ်တော့်ထံမှဖြစ်ကြောင်း ယခုနားလည်ကြသဖြင့် အထံတော်မှ အကျွန်ုပ်ထွက်လာကြောင်းကိုအမှန်သိလျက် စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း ယုံကြည်ကြပါပြီ။ အကျွန်ုပ်သည် ထိုသူတို့အဖို့တောင်းလျှောက်ပါ၏။ လောကသားတို့အဖို့မဟုတ်။ ကိုယ်တော်ပိုင်ဖြစ်သောအကျွန်ုပ်အား သနားတော်မူသူတို့အဖို့ တောင်းလျှောက်ပါ၏။ 10 အကျွန်ုပ်ပိုင်သမျှသည် ကိုယ်တော်ပိုင်၊ ကိုယ်တော်ပိုင်လည်းအကျွန်ုပ်ပိုင်ဖြစ်သည်နှင့် ထိုသူတို့အားဖြင့်အကျွန်ုပ်၏ဘုန်းထင်ရှားပါပြီ။ 11 အကျွန်ုပ်သည် ဤလောက၌ဆက်လက်မနေဘဲ ကိုယ်တော့်ထံလာရပါမည်။ ဤသူတို့မူကား နေရစ်ရကြပါမည်။ သန့်ရှင်းတော်မူသောအဘ၊ အကျွန်ုပ်တို့နည်းတူ သူတို့လည်းတစ်လုံးတစ်ဝတည်းဖြစ်စေရန် အကျွန်ုပ်အားပေးတော်မူသောနာမတော်၌ လုံခြုံစေတော်မူပါ။ 12 အကျွန်ုပ်သည်သူတို့နှင့်အတူရှိစဉ် ပေးတော်မူသောနာမတော်၌ လုံခြုံစွာစောင့်ထိန်းသဖြင့် ကျမ်းချက်ပြည့်စုံစေရန် ပျက်စီးထိုက်သူမှတစ်ပါးတစ်ယောက်မျှမပျက်စီးပါ။ 13 ယခုမှာ သူတို့ကိုအကျွန်ုပ်၏ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံကြစေရန် ကိုယ်တော့်ထံမလာမီဤလောက၌ ထိုသို့အကျွန်ုပ်တောင်းလျှောက်ပါ၏။ 14 ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်ပေးသည့်အလျောက် ဤလောကနှင့် အကျွန်ုပ်မစပ်ဆိုင်သည့်နည်းတူ သူတို့လည်းမစပ်ဆိုင်ကြသဖြင့် သူတို့ကို ဤလောကသားတို့မုန်းကြပါ၏။ 15 သူတို့ကို ဤလောကထဲမှနုတ်ယူတော်မူရန်မဟုတ်ပါ။ အဆိုးမှကွယ်ကာတော်မူရန်တောင်းလျှောက်ပါ၏။ 16 ဤလောကနှင့် အကျွန်ုပ်မစပ်ဆိုင်သည့်နည်းတူ၊ 17 သူတို့လည်း မစပ်ဆိုင်ကြသောကြောင့် သမ္မာဓမ္မ၌သီးသန့်ထားတော်မူပါ။ ကိုယ်တော်၏တရားတော်သည် သမ္မာဓမ္မဖြစ်ပါ၏။ 18 ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့စေလွှတ်တော်မူသည့်နည်းတူ၊ အကျွန်ုပ်လည်း သူတို့ကို ဤလောကထဲသို့စေလွှတ်လျက်၊ 19 သမ္မာဓမ္မ၌ သီးသန့်ကြစေရန် သူတို့အတွက်အကျွန်ုပ်ကိုယ်ကိုသီးသန့်ထားပါ၏။ 20 ဤသူတို့အဖို့သာမဟုတ်ပါ။ သူတို့ဟောခြင်းအားဖြင့် အကျွန်ုပ်ကိုယုံကြည်သူတို့အဖို့လည်း တောင်းလျှောက်ပါ၏။ 21 ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူလိုက်ကြောင်း လောကသားတို့ယုံစေခြင်းငှါ ထိုသူရှိသမျှသည် တစ်လုံးတစ်ဝတည်းဖြစ်လျက် အကျွန်ုပ်၌ အဘတည်တော်မူ၍ အဘ၌အကျွန်ုပ်တည်သည့်နည်းတူ အကျွန်ုပ်တို့၌ တည်ကြစေရန်တောင်းလျှောက်ပါ၏။ 22-23 အကျွန်ုပ်တို့သည်တစ်လုံးတစ်ဝတည်းဖြစ်သည့်နည်းတူ သူတို့လည်း တစ်လုံးတစ်ဝတည်းဖြစ်လျက် သူတို့၌ အကျွန်ုပ်တည်ခြင်း၊ အကျွန်ုပ်၌ ကိုယ်တော်တည်ခြင်းဖြင့် တစ်လုံးတစ်ဝတည်းအဖြစ်သို့ စုံလင်စွာရောက်ကြ၍ အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူလိုက်ကြောင်းနှင့် အကျွန်ုပ်အား မေတ္တာသက်သည့်နည်းတူ ထိုသူတို့အားသက်တော်မူကြောင်းများကို လောကသားတို့သိကြစေရန် သနားတော်မူသောဘုန်းကို ထိုသူတို့သို့ပေးပါပြီ။ 24 အိုအဘ၊ ဤလောကမတည်မီချစ်သည့်အတိုင်းအကျွန်ုပ်အားသနားတော်မူသောဘုန်းကို ကြည့်မြင်ကြစေရန်၊ အကျွန်ုပ်နှင့်အတူ စံရာတွင်အပ်ပေးတော်မူသောသူတို့ရှိစေလိုပါ၏။ 25 ဖြောင့်မတ်တော်မူသောအဘ၊ လောကသားတို့သည်ကိုယ်တော်ကိုမသိကြသော်လည်း အကျွန်ုပ်သိပါ၏။ ဤသူတို့လည်း အကျွန်ုပ်ကိုစေလွှတ်တော်မူလိုက်ကြောင်း သိကြပါ၏။ 26 အကျွန်ုပ်အပေါ်သို့သက်သောမေတ္တာတော်သည် သူတို့၌တည်၍ အကျွန်ုပ်လည်းသူတို့၌တည်စေရန် နာမတော်ကိုကြားသိစေပါပြီ။ ထပ်၍ကြားသိစေပါမည်ဟု လျှောက်ဆိုတော်မူ၏။