4
သင်တို့ဘောင်တွင် ရန်တွေ့တိုက်လှန်ခြင်းများသည် မည်သို့ဖြစ်ပွားသနည်း။ သင်တို့ကိုယ်အင်္ဂါများတွင် တိုက်လှန်တတ်သောဝါသနာများမှမဟုတ်လော။ အလိုဆန္ဒရှိကြသော်လည်း မရကြ။ သူ့အသက်ကိုသတ်၍ ပြိုင်ဆိုင်ကြသော်လည်း မရနိုင်ကြသည်ဖြစ်၍ ရန်တွေ့တိုက်လှန်မှုများကို ပြုတတ်ကြ၏။ မရကြသည်မှာ မလျှောက်မတောင်းသောကြောင့်၊ လျှောက်တောင်း၍မရသည်မှာလည်း ကိုယ့်အလိုပြည့်ရန် အလွဲလျှောက်တောင်းသောကြောင့်တည်း။ အချင်းမျောက်မထားသူတို့၊ ဤလောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း မသိကြလော။ သို့ဖြစ်၍ မည်သူမဆို ဤလောကနှင့်မိတ်ဖြစ်လိုလျှင် ဘုရားသခင်ကိုရန်ဘက်ပြုသူဖြစ်လိမ့်မည်။ 5-6 ငါတို့၌ ထည့်သွင်းတော်မူသောနာမ်ဝိညာဉ်ကို စိတ်အားကြီးစွာတောင့်တလျက် လွန်ကဲသောကျေးဇူးကို သနားတော်မူသည်ဟူသောကျမ်းချက်ကား အချည်းအနှီးဟုသင်တို့ထင်ကြသလော။ ထိုအချက်နှင့်အညီဘုရားသခင်သည် မာနကြီးသူတို့ကိုခုခံ၍ စိတ်နှိမ့်ချသူတို့အားကျေးဇူးသနားတော်မူသည်ဟု ဗျာဒိတ်တော်ရှိ၏။ ထိုကြောင့် ဘုရားသခင်အုပ်စိုးတော်မူခြင်းကိုဝန်ခံလျက် မာရ်နတ်ကိုခုခံကြလော့။ သို့မှထွက်ပြေးလိမ့်မည်။ ဘုရားသခင့်အပါးတော်သို့ချဉ်းကပ်ကြလော့။ သို့မှ သင်တို့ထံချဉ်းကပ်တော်မူလိမ့်မည်။ အချင်းအပြစ်သားတို့၊ သင်တို့လက်များကိုစင်ကြယ်စေကြလော့။ စိတ်ဒွိဟရှိသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။ စိတ်ဒုက္ခရောက်ခြင်း၊ မြည်တမ်းခြင်း၊ ငိုကြွေးခြင်းရှိကြလော့။ သင်တို့ရယ်မောခြင်းကို မြည်တမ်းခြင်း၊ ရွှင်လန်းခြင်းကိုလည်း စိတ်ညှိုးခြင်းဖြစ်စေကြလော့။ 10 ထာဝရဘုရားမျက်မှောက်တော်တွင် ကိုယ်ကိုနှိမ့်ချကြလော့။ သို့မှ သင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်။
11 ညီအစ်ကိုတို့၊ အချင်းချင်းမပုတ်ခတ်ကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်းပြုသူသည် ပညတ်တရားကိုပုတ်ခတ်ရာ၊ စီရင်ဆုံးဖြတ်ရာရောက်၏။ ပညတ်တရားကိုစီရင်ဆုံးဖြတ်လျှင် သင်သည်ပညတ်တရားအတိုင်းလိုက်နာသူမဟုတ်။ စီရင်ဆုံးဖြတ်သူဖြစ်လေပြီတကား။ 12 ကယ်တင်ခွင့်၊ ဖျက်ဆီးခွင့်ပိုင်တော်မူသောအရှင်သည် တစ်ပါးတည်းသောဓမ္မသတ်ရှင်၊ တရားမင်းဖြစ်တော်မူ၏။ အပေါင်းအဖော်ကို စီရင်ဆုံးဖြတ်သောသင်ကား မည်သူနည်း။
13-14 နက်ဖြန်မည်သို့ဖြစ်မည်မသိဘဲလျက် ယနေ့ဖြစ်စေ၊ နက်ဖြန်ဖြစ်စေ၊ ထိုထိုမြို့သို့သွား၍ တစ်နှစ်နေခိုက် အမြတ်အစွန်းရအောင်ကူးသန်းရောင်းဝယ်မည်ဟု ပြောဆိုသူအချင်းတို့၊ သင်တို့အသက်ကား မည်သို့နည်း။ သင်တို့သည် တစ်ခဏမျှထင်ပေါ်၍ ပျောက်လွင့်တတ်သောအခိုးအငွေ့သဖွယ် ဖြစ်၏။ 15 ထိုသို့မပြောမဆိုဘဲ ထာဝရဘုရားအလိုတော်ရှိလျှင် ငါတို့သည်အသက်ရှင်လျက် ဤအမှု၊ ထိုအမှုကိုပြုမည်ဟုဆိုသင့်၏။ 16 ယခုမူကား သင်တို့သည် ထောင်လွှားဝါကြွားတတ်ကြ၏။ ထိုသို့သောဝါကြွားခြင်းမသင့်ချေ။ 17 အကောင်းကိုသိလျက်မပြုဘဲနေသူ၌ အပြစ်သင့်၏။