3
နာခံကြဦးလော့။ သုံ့ဘမ်းခံရသောယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို၊ ငါပြန်ပို့မည့်၊ ထိုနေ့ရက်ကာလ၌။ လူမျိုးတကာတို့ကိုလည်း၊ ယောရှဖက်ခေါ်ချိုင့်သို့ စုရုံးဆင်းသက်စေပြီးလျှင်။ ဝေပေးခဲ့ကြသောပြည်တော်၊ လူမျိုးခြားတို့တွင်ကွဲလွင့်စေခဲ့သော ပိုင်ရာတော်၊ဣသရေ လလူမျိုးတော်အတွက်။ တရားဆိုင်လိမ့်မည်။ ။ ထိုသူတို့သည်။ ငါ့လူမျိုးကိုမဲချဝေဖန်လျက်၊ သူငယ်ကိုပြည်တန်စာနှင့်၎င်း၊ မိန်းမငယ်ကိုသုံးသောက်ရာ စပျစ်ရည်နှင့်၎င်း၊ ရောင်းချလဲလှယ်ကြလေပြီတကား။ အိုတုရုမြို့၊ ဇိဒုန်မြို့နှင့် ဖိလတ္တိတနယ်လုံး။ သင်တို့သည် ငါနှင့်မည်သို့ဆိုင်သနည်း။ ငါ့အပြုအမူကိုဆပ်ပေးလျက်သော်၎င်း၊ ငါ၌ရန်ပြုလျက်သော်၎င်း၊ နေသလော။ သင်တို့ပြုသည့်အတိုင်းပင်။ ရှောင်တခင်ရုတ်ခြင်း၊ ထိပ်ပေါ်တွင်ငါတုံ့ပြန်မည်။ ။ ငါ့ရွှေငွေကိုလုယူလျက်။ အဘိုးထိုက်သောငါ့ရတနာများကို၊ ကိုယ့်ဘုံဗိမာန်များအတွင်းသို့ သွင်းမှုပြုကြသည့်ပြင်။ နေရင်းပြည်မှဝေးကွာစေသောအကြံနှင့်။ ဂရိတ်အမျိုးသားတို့လက်တွင်းသို့၊ ယုဒပြည်သူယေရုရှလင်မြို့သားတို့ကို၊ သင်တို့ရောင်းစားခဲ့သောကြောင့်။ 7-8 ရောင်းလိုက်သောအရပ်မှ၊ ထိုယုဒအမျိုးသားတို့ကို ငါဆော်ဩပြီးလျှင်။ သူတို့လက်တွင်းသို့ ငါရောင့်ချမည့် သင်တို့သားသမီးများကို၊ ဝေးကွာစွာနေသောရှေဘလူမျိုး တို့အား တဆင့်ရောင်းချရခြင်းနှင့်။ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း။ သင်တို့အပြုအမူကို၊ ကိုယ့်ထိပ်ပေါ်တွင်တုံ့ပြန်လိမ့်မည်။
 
လူမျိုးခြားတို့တွင် ကြော်ငြာကြရမည်မှာ။ စစ်ရေးကိုခင်းကျင်းလျက်၊ သူရဲတို့ကိုဆော်ဩကြလော့။ ရဲမက်အပေါင်းတို့စုရုံးချီတက်ကြစေ။ ။ 10 ထွန်သွားများကိုထားလက်နက်၊ တံစဉ်များကိုလှံလက်နက်ဖြစ်စေခြင်းငှာ။ ထုလုပ်ကြလော့။ အားနည်းသူတိုင်းငါ့သူရဲတည်းဟု ထင်မှတ်စေ။ ။ 11 ပတ်ဝန်းကျင်ရှိသမျှသောအိုလူမျိုးခြားတို့။ သင်းဖွဲ့စုရုံးချီလာကြလော့။ အိုထာဝရဘုရား။ သူရဲတော်တို့လည်း ဆင်းချီစေတော်မူပါဟုကြော်ငြာကြလော့။ ။ 12 ပတ်ဝန်းကျင်ရှိသမျှသောလူမျိုးခြားတို့ကို၊ ယောရှဖတ်ချိုင့်တွင် တရားစီရင်ရန်။ ငါစံနေမည့်အလျောက်။ လူမျိုးတကာတို့သည် စိတ်မောနှင့်တက်လာကြစေ။ ။ 13 စပါးမှည့်သောကြောင့်။ တံစဉ်ကျော့ကြလော့။ စပျစ်ကျင်းများလည်း၊ မြောက်မြားသောဆိုးသွမ်းမှုနှင့်ပြည့်လျှံသောကြောင့်။ ဖိနင်းကြလော့။ ။ 14 ငါထာဝရဘုရား၏နေ့ရက်သည်။ တရားသဘင်ချိုင့်တွင် ရောက်အံ့ဆဲဖြစ်သည့်အလျောက်။ ထိုချိုင့်တွင် လူအမြောက်အမြားပြည့်နှက်လျက်ရှိ၏။ ။ 15 နေလမိုက်လျက်။ ကြယ်နက္ခတ်အလင်းကွယ်လေပြီ။ ။ 16 ငါထာဝရဘုရားသည်။ ဇိအုန်တောင်ယေရုရှလင်မြို့မှ၊ တခြိမ်ခြိမ်းဟုတ်သဖြင့်၊ မိုဃ်းမြေတုန်လှုပ်ရသော်လည်း။ လူမျိုးတော့်အဘို့ခိုလှုံရာ၊ ဣသရေလအမျိုးသား တို့အဘို့ အားကိုးရာဖြစ်လိမ့်မည်။ ။ 17 သို့ဖြစ်၍။ ငါသည် သန့်ရှင်းရာဇိအုန်တောင်တော်၌ စံနေသော၊ သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း။ သင်တို့သိရကြသည့်ပြင်။ သန့်ရှင်းရာရောက်သော ယေရုရှလင်မြို့ကို၊ လူမျိုးခြားတို့ကျော်နင်းခွင့် ရကြတော့မည်မဟုတ်။ ။ 18 ထိုကာလ၌။ တောင်တန်းမှစပျစ်ရည်ယိုလျက်၊ ခင်တန်းမှနို့ရည်ထွက်လျက်၊ ယုဒပြည်ရှိချောင်းဟူသမျှ၌ ရေစီးလျက်ရှိသည့်ပြင်။ ရှိတ္တိမ်ချိုင့်သို့ဝင်ရောက်မည့် စမ်းရေသည်။ ဗိမာန်တော်မှာထွက်စီးလိမ့်မည်။ ။ 19 ယုဒအမျိုးသားတို့အား အဓမ္မပြုလျက်နေပြည်တွင် အပြစ်ကင်းသူတို့အသွေးကိုသွန်းသည့်အတွက်။ အိဂျစ်ပြည်ဖုန်းဆိုးကုန်း၊ ဧဒုံပြည်သည် ဆိတ်ညံရာသဲတော ဖြစ်ရသော်လည်း။ 20 ယုဒပြည်နှင့် ယေရုရှလင်မြို့မူကား။ ကာလအစဉ်၊ လူမျိုးအဆက်ဆက်၊ စည်ပင်တည်တံ့လိမ့်သတည်း။ ။ 21 ဇိအုန်မြို့၌စံနေသောငါထာဝရဘုရားသည်။ အပြစ်ကင်းခြင်း အပြစ်မထင်ရှေးသေးသော ထိုသူတို့ကို၊ အပြစ်ကင်းသည်ဟု စီရင်မည်ဟူ၍တည်း။