4
ယောနသည်၊ အလွန်မနှစ်သက်သဖြင့် အမျက်ထွက်၍၊ ထာဝရဘုရားအား ပဌနာပြုသည်မှာ၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကျေးဇူးပြုတတ်သောသဘော၊ သနားတတ်သောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာနှင့်ကြွယ်ဝသောသဘော၊ ပေးလတ္တံ့သောဘေးဒဏ်မှပြောင်းလဲသောသဘောရှိသောဘုရားဖြစ်တော်မူသည်ဟု၊ နေရင်းပြည်၌ရှိစဉ်၊ အကျွန်ုပ်အောက်မေ့သည် မဟုတ်ပါလော။ ထို့ကြောင့်၊ တာရှုမြို့သို့တင်ရင်ပြေးသွားပါပြီ။ သို့ဖြစ်၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ရှင်ရခြင်းထက်၊ သေရခြင်းသည် သာ၍ကောင်းသောကြောင့်၊ အကျွန်ုပ်အသက်ကို ရုတ်သိမ်းတော်မူပါဟုတောင်းလျှောက်သော်၊ ထာဝရဘုရားက၊ သင်သည် အမျက်ထွက်သင့်သလောဟုမေးတော်မူ၏။ ထိုနောက် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့ရှေ့တွင်နေလျက် တဲထိုးပြီးလျှင်၊ မြို့၌ မည်သို့ဖြစ်မည်ကို မသိမမြင်ရမီ၊ တဲရိပ်အောက်မှာ ထိုင်နေရာ၊ ထာဝရဘုရားသခင်သည်၊ ယောနကိုဒုက္ခမှ ကင်းလွတ်စေသောအရိပ်ဆာယာ၊ ဦးခေါင်းပေါ်တွင် ရှိစေရန်ကြက်ဆူပင်ကိုစီမံကြီးပွားစေတော်မူ၏။ ယောနလည်း၊ ထိုအပင်ကြောင့်အလွန်အားရဝမ်းမြောက်လေ၏။ နက်ဖြန်အရုဏ်တက်သောအခါ၊ ဘုရားသခင်စီမံတော်မူသည့်အတိုင်း၊ ပိုးကောင်သည် ကြက်ဆူပင်ကိုကိုက်၍ညှိုးနွမ်းစေ၏။ နေထွက်သောအခါ၊ ဘုရားသခင်သည် ပူပြင်းသောအရှေ့လေကို စီမံတော်မူ၍၊ ဦးခေါင်းကိုနေထိခိုက်သဖြင့်၊ မူးမော်သည်နှင့်၊ ယောနက၊ အကျွန်ုပ်အသက်ရှင်ရခြင်းထက်၊ သေရခြင်းသည် သာ၍ကောင်းပါသည်ဟု မြည်တမ်းလျက်၊ သေဆုကိုတောင်းလျှောက်လေ၏။ ဘုရားသခင်ကလည်း။ ကြက်ဆူပင်အတွက်၊ အမျက်ထွက်သင့်သလောဟု မေးတော်မူလျှင်၊ ယောနက၊ သေလုအောင်အမျက်ထွက်သင့်ပါသည်ဟု လျှောက်ဆိုသော်၊ 10 ထာဝရဘုရားက၊ သင်ပြုစုခြင်း၊ ကြီးပွားစေခြင်းများနှင့်ကင်းလျက်၊ တစ်ညဉ့်ချင်းပေါက်၍၊ တစ်ညဉ့်ချင်းပင်ပျက်စီးသောကြက်ဆူပင်ကို၊ သင်နှမြောလေပြီတကား။ 11 ငါသည်လည်း၊ များစွာသောတိရစ္ဆာန်နှင့်တကွ၊ ကိုယ့်ညာဝဲလက်ကိုမျှ ပိုင်းခြား၍မသိသော၊ တစ်သိန်းနှစ်သောင်းထက်လူနေများသော နိနဝေမြို့ကြီးကို၊ နှမြောသင့်သည်မဟုတ်လောဟုမိန့်တော်မူ၏။