12
ဧဖရိမ့်သူရဲတို့စုရုံးလျက် ဇာဖုန်မြို့သို့ချီသွားပြီးလျှင် ယေဖသအား ငါတို့ကိုမခေါ်မကြားဘဲ အမ္မုန်အမျိုးသားတို့နှင့် စစ်ပြိုင်ရန် အဘယ်ကြောင့်ချီသွားသနည်း။ သင့်အပေါ်၊ နေအိမ်ကိုမီးတိုက်မည်ဟု ဆိုကြရာ ယေဖသက၊ ငါမှစ၍အနွယ်သားချင်းတို့သည် အမ္မုန်အမျိုးသားတို့နှင့် အပြင်းအထန် ရန်ပြုကြစဉ်အခါ သင်တို့ကိုခေါ်ကြားသော်လည်း ရန်သူတို့လက်မှကယ်နုတ်ကြသည်မဟုတ်ချေ။ ထိုသို့မကယ်ကြောင်း ငါသိမြင်သဖြင့် ကိုယ့်အသက်ကို ဆောင်ကိုင်ပြီးလျှင်၊ အမ္မုန်အမျိုးသား တို့နှင့်စစ်ပြိုင်ရန်ချီသွားသော်၊ ငါ့လက်တွင်းသို့ထာဝရဘုရားအပ်နှင်းတော်မူ၏။ ယနေ့တွင် မည်သည့်အကြောင်းရှိ၍ငါနှင့်စစ်တိုက်ရန် ချီလာကြသနည်းဟုဆိုပြီးလျှင်၊ ဂိလဒ်သူရဲအပေါင်းတို့ကို စုရုံး၍ ဧဖရိမ့်အနွယ်သားတို့နှင့် စစ်ပြိုင်ရာ ဧဖရိမ့်အနွယ်သားတို့က အချင်းဂိလဒ်ပြည်သားတို့ သင်တို့သည် ဧဖရိမ်၊ မနာရှေ့အနွယ်များအတွင်းမှ ထွက်ပြေးရသူမျှသာ ဖြစ်သတည်းဟု ကဲ့ရဲ့သည်ကို ထောက်၍ ဂိလဒ်သူရဲတို့လုပ်ကြံကြ၏။ ဧဖရိမ့်အနွယ်သားတို့ကို ဆီးဆို့၍ ယော်ဒန်ကူးဆိပ်များကို သိမ်းယူသဖြင့် လွတ်ပြေးသော ဧဖရိမ်အနွယ်တစ်စုံတစ်ယောက်က၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်သူတို့က ဧဖရိမ့် အနွယ်ဟုတ်သလောဟု မေးစစ်ကြရာ၊ မဟုတ်ပါဆိုလျှင် ဆိဗောလက်ဟူ၍ ဆိုစမ်းလော့ဟုအမိန့်ပေးကြသော်၊ စကားမပြီသ၍ စိဗောလက်ဟု လိုက်ဆိုသည်နှင့် ဖမ်းဆီးလျက် ယော်ဒန်မြစ်ကူးဆိပ်တွင် သတ်ကြ၏။ ထိုအခါ ဧဖရိမ့်အနွယ်လေးသောင်းနှစ်ထောင်ကျဆုံးကြကုန်၏။
ဂိလဒ်အနွယ်ယေဖသသည် ဣသရေလူမျိုးကိုခြောက်နှစ်တိုင်တိုင်အုပ်စိုးစီရင်ပြီးလျှင် ကွယ် လွန်သော်၊ ဂိလဒ်မြို့တစ်မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။
ယေဖသနောက်၊ ဗက်လင်မြို့သား ဣဗဇန်သည် ဣသရေလလူမျိုးကို အုပ်စိုးစီရင်၏။ ထိုသူ၌ သားသုံးကျိပ်၊ သမီးသုံးကျိပ်ရှိသည်နှင့် သမီးများကို အခြားသို့ဆောင်နှင်း၍ အခြားမှ လည်းချွေးမသုံးကျိပ်ကိုခေါ်ဆောင်ထားသတည်း။ ဣဗဇန်သည် ဣသရေလလူမျိုးကို ခုနစ်နှစ်တိုင် အုပ်စိုးစီရင်ပြီးလျှင် 10 ကွယ်လွန်သော်၊ ဗက်လင်မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။
11 ဣဗဇန့်နောက် ဇာဗုလုန့်အနွယ်သား ဧလုန်သည် ဣသရေလလူမျိုးကို နှစ်ပေါင်းတစ်ဆယ် အုပ်စိုးစီရင်ပြီးလျှင် 12 ကွယ်လွန်သော် ဇာဗုလုန်နယ်၊ အာယလုန်မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။ 13 ဧလုန့်နောက်၊ ပိရသုန်မြို့နေ ဟိလေလသားအာဗဒုန်သည် ဣသရေလလူမျိုးကို အုပ်စိုးစီရင်၏။ 14 ထိုသူ၌မြည်းပျိုတစ်ကောင်စီ စီးနင်းခွင့်ရသော သားလေးကျိပ်နှင့်မြေးသုံးကျိပ်ရှိသတည်း။ ဣသရေလလူမျိုးကို ရှစ်နှစ်တိုင်တိုင် အုပ်စိုးစီရင်ပြီးလျှင်၊ 15 ပိရသုန်မြို့နေ၊ ဟိလေလသားအာဗဒုန်ကွယ်လွန်သော်၊ ဧဖရိမ်နယ်၊ အာမလက်လူမျိုးနေရာ ခင်တန်းပေါ်ရှိ ပိရသုန်မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။