10
အဘိမလက်နောက် ဣသခါ့အနွယ်၊ ဒေါဒေါ့မြေး၊ ဖုဝါ့သားတောလသည် ဣသရေလလူမျိုးကို ကယ်ဆယ်ရန် ပေါ်ထွန်း၍ ဧဖရိမ်ခင်တန်းပေါ်၊ ရှမိရမြို့၌နေထိုင်လျက် ဣသရေလလူမျိုးကို နှစ်ပေါင်းနှစ်ဆယ့်သုံးနှစ်ပတ်လုံး အုပ်စိုးစီရင်ပြီးမှ ကွယ်လွန်သော် ရှမိရ မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။
၎င်းနောက် ဂိလဒ်အနွယ် ယာဣရသည် ပေါ်ထွန်း၍ ဣသရေလလူမျိုးကို နှစ်ပေါင်းနှစ်ဆယ့် နှစ်နှစ်ပတ်လုံး အုပ်စိုးစီရင်၏။ သားသုံးကျိပ်တို့သည် မြည်းပျိုတစ်ကောင်စီစီးနင်း၍ ဂိလဒ်ပြည်တွင် ယနေ့တိုင်အောင် ဟာဝုတ်ယာဣရအမည်တွင်သောမြို့တစ်မြို့စီကံကျွေးပြု၏။ ယာဣရကွယ်လွန်သော် ကာမုန်မြို့တွင် သင်္ဂြိုဟ်ခြင်းခံလေ၏။
တစ်ဖန် ဣသရေလအမျိုးသားတို့သည် ထာရဘုရားမျက်မှောက်တော်၌ ဆိုးသွမ်းမှုကို ပြုကျင့်လျက် ဗာလနတ်၊ အာရှတရက် နတ်တို့မှစ၍ ရှုရိ၊ ဇိဒုန်၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိလူမျိုးတို့ ကိုးကွယ်သောဘုရားများကို ဝတ်ပြုသည့်ပြင် ထာဝရဘုရားကိုဝတ်မပြုဘဲ စွန့်ပယ်ကြသောကြောင့် ဣသရေလလူမျိုးအပေါ်တွင် ထာဝရဘုရားအမျက်တော်ထား၍ ဖိလိတ္တိနှင့် အမ္မုန်အမျိုးသားတို့ လက်တွင်းသို့ရောင်းချတော်မူသည့်အတိုင်း၊ ယော်ဒန်မြစ်တစ်ဖက်၊ အာမောရိလူမျိုးနေရာဂိလဒ်ပြည်တွင် နေထိုင်သော ဣသရေလအမျိုး သားအပေါင်းတို့ကို ၎င်းနှစ်မှစ၍ နှစ်ပေါင်းဆယ့်ရှစ်နှစ်ပတ်လုံး နှိပ်စက်ညှဉ်းပန်းကြ၏။ ၎င်းပြင်အမ္မုန်အမျိုးသားတို့သည် ယော်ဒန်မြစ်ကိုကူးပြီးလျှင် ယုဒ၊ ဗင်္ယာမိန့်၊ ဧဖရိမ့်အနွယ်သား တို့ကိုတိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့သည် ပြင်းစွာဒုက္ခရောက်ကြ၏။ 10 ထိုအခါ ဣသ​ရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ့်ဘုရားကိုစွန့်ပယ်လျက်၊ ဗာလနတ်ကို ဝတ်ပြုရာ၌ ပြစ်မှားမိပါပြီဟု ထာဝရဘုရားအား အော်ဟစ်ကြသော်၊ 11 ထာဝရဘုရားက၊ အိဂျစ်၊ အာမောရိ၊ အမ္မုန်, ဖိလိတ္တိလူမျိုးတို့လက်မှလည်းေကာင်း၊ 12 ဇိဒုန်၊ အာမလက်၊ မောနိလူမျိုးတို့နှိပ်စက်သောအခါ၌ ငါ့ထံအော်ဟစ်သဖြင့် သူတို့လက်မှလည်းေကာင်း၊ ငါကယ်ဆယ်သည်မဟုတ်လော။ 13 သင်တို့မူကား၊ ငါ့ကိုစွန့်ပယ်လျက် အခြားဘုရားများကို ဝတ်ပြုကြလေပြီ။ သို့အတွက် ငါကယ် ဆယ်တော့မည်မဟုတ်။ 14 သင်တို့ရွေးချယ်သောဘုရားများထံသွား၍ အော်ဟစ်ကြလော့။ ဒုက္ခရောက်သောအခါ သူတို့ပင် ကယ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူလျှင်၊ 15 ထိုသူတို့က၊ အကျွန်ုပ်တို့ပြစ်မှားမိပါပြီ။ မျက်မှောက်တော်တွင်သင့်လျော်သည့်အလျောက် စီရင် တော်မူပါ။ ယခုတစ်ခါမျှသာ ကယ်တော်မူပါဘုရားဟု ထာဝရဘုရားအား အသနားတော်မြတ်ခံပြီးလျှင် 16 ရှိသမျှသောလူမျိုးခြားတို့ ဘုရားများကိုပစ်ပယ်၍ ထာဝရဘုရားကိုဝတ်ပြုကြသော်၊ ဣသရေလလူမျိုးတို့ ပင်ပန်းခြင်းကြောင့် စိတ်တော်မသာမယာရှိတော်မူ၏။
17 ထိုအခါ အမ္မုန်အမျိုးသားတို့စုရုံး၍ ဂိလဒ်ပြည်တွင်စွဲရပ်သည့်အတွင်း ဣသရေလအမျိုးသား တို့လည်း စည်းဝေး၍ မိဇပါမြို့မှာစွဲရပ်ကြစဉ်၊ 18 ဂိလဒ်ပြည်အမတ်မျိုးတို့က အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို ဦးစွာစစ်ပြိုင်အံ့။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့အပေါ်တွင် အကြီးအမှူးဖြစ်စေဟု အချင်းချင်းတိုင်ပင်ကြ၏။