42
ထိုအခါ၊ ယောဘသည် ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊ အရာခပ်သိမ်းကိုတပ်နိုင်တော်မူသဖြင့်၊ မည်သည့်ပြဋ္ဌာန်းတော်မူချက်ကိုမျှ မဆီးတားနိုင်ကြောင်းကို၊ အကျွန်ုပ်သိပါ၏။ 3-4 အကြံအစည်တော်ကို၊ အသိပညာမဲ့ မိုက်မှောင်စေသူကား၊ မည်သူနည်းဟူ၍လည်းေကာင်း။ ငါ့မိန့်ဆိုချက်ကို နားထောင်လော့၊ ငါမေးမြန်းသည့်အတိုင်း၊ ဖြေဆိုလော့ဟူ၍လည်းေကာင်း၊ မိန့်တော်မူရာ၊ မသိမမြင်၊ နားမလည်သောအခြင်းအရာ၊ ကိုယ်နှင့်မတန်အံ့ဖွယ်ရာများကို၊ အကျွန်ုပ်ပြောမိပါပြီ။ ကိုယ်တော့်အကြောင်းကို၊ နားဖြင့်သာအကျွန်ုပ်ကြားခဲ့ရဘူးပါသည်။ ယခုမူကားမျက်စိနှင့်ဖူးမြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည်၊ ကိုယ့်စကားကိုကြဉ်ပယ်လျက်၊ မြေမုန့်နှင့်ပြာတွင် ထိုင်၍နောင်တရပါပြီဟု လျှောက်လေ၏။ ထာဝရဘုရားသည်၊ ယောဘအားမိန့်မြွက်တော်မူပြီးမှ၊ တေမန့်အမျိုးသား ဧလိဖတ်အားလည်း၊ သင်နှင့်တကွအဆွေခင်ပွန်းနှစ်ယောက်တို့သည်၊ ငါနှင့်စပ်လျဉ်း၍ ထိုက်သင့်ရာကို၊ ငါ့ကျွန်ယောဘကဲ့သို့မပြောဆိုသောကြောင့်၊ သင်တို့အပေါ်တွင် ငါအမျက်ထား၏။ ထို့ကြောင့်ငါနှင့်စပ်လျဉ်း၍ ထိုက်သင့်ရာကို၊ ငါ့ကျွန်ယောဘကဲ့သို့ မပြောမဆိုသည့်အတွက်၊ သင်တို့ကို ငါမရှုတ်ချစေရန်၊ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင် တို့ကို ငါ့ကျွန်ယောဘထံဆောင်သွား၍၊ ကိုယ့်အဖို့ မီးရှို့ရာ ပူဇော်သက္ကာကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် မျက်နှာသာရ၍၊ သင်တို့အတွက်တောင်းပန်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့တေမန့်အမျိုးသားဧလိဖတ်၊ ရှုအာ့အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသား ဇောဖာတို့သည် သွားပြီးလျှင်၊ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြရာ၊ ထာဝရဘုရားသည် ယောဘအား၊ မျက်နှာသာပေးတော်မူ၏။ 10 အဆွေခင်ပွန်းတို့အတွက်လည်း တောင်းပန်ပြီးမှ၊ ယောဘ၌သုခချမ်းသာကို ရပြန်စေ၍၊ ယခင်ပိုင်ရှိသမျှထက်နှစ်ဆပေးတော်မူ၏။ 11 ထိုအခါ၊ ညီအစ်ကိုမောင်နှမမှစ၍၊ ယခင်အသိအကျွမ်းအပေါင်းတို့သည်၊ သူ့ထံလာရောက်၍၊ နေအိမ်၌ အတူတကွ စားသောက်ကြပြီးလျှင်၊ ဘုရားသခင်​သင့်ရောက် စေတော်မူသော ဘေးဒုက္ခကိုစာနာလျက် နှစ်သိမ့်စေသည့်ပြင်၊ အသီးအသီး ရွှေတစ်ကွင်းနှင့်ဒင်္ဂါးတစ်ပြားစီပေးကြ၏။ 12 ထာဝရဘုရားသည်လည်း၊ ယောဘအား နောက်ကို ရှေးထက်ကောင်းကြီးပေးတော်မူသဖြင့်၊ သူ၌သိုးဆိတ်တစ်သောင်းလေးထောင်၊ ကုလားအုပ်ခြောက်ထောင်၊ နွားရှဉ်းတစ်ထောင်၊ မြည်းမတစ်ထောင်ရှိ၏။ 13 သားခုနစ်ယောက်၊ သမီးသုံးယောက်လည်းရှိ၍၊ 14 သမီးဦးကို ယေမိမ၊ အလတ်ကို ကေဇိယ၊ အထွေးကို ကေရင်ဟမ္ပုဟု၊ အမည်မှည့်လေ၏။ 15 တစ်ပြည်လုံးတွင်၊ ယောဘ၏သမီးတို့နှင့်အမျှ လှသောမိန်းမ တစ်စုံတစ်ယောက်မရှိချေ။ အဘလည်း၊ မောင်တို့နှင့်အတူတကွ အမွေပေးသတည်း။ 16 ထို့နောက်ယောဘသည်၊ အနှစ်တစ်ရာလေးဆယ်နေသေးလျက်၊ 17 သားမြေးမြစ်တို့ကိုမြင်ရပြီးမှ၊ အိုမင်းကြီးရင့်၍ သေလွန်လေ၏။