41
1 ဖွတ်မိကျောင်းကိုလည်း၊ ငါးမြှားနှင့်ဆွဲယူလျက်၊ လျှာကိုကြိုးနှင့်တည့်ချည်နိုင်သလော။
2 နဖားတွင်ကြိုးထိုးလျက်၊ ပါးချိပ်၌ကွင်းတပ်နိုင်သလော။
3 ၎င်းသည် သင့်အားများစွာတောင်းပန်လျက်၊ ခယလျှောက်ထားမည်လော။
4 အစဉ်ကျွန်ခံခြင်းငှာ သင်နှင့်ပဋိဉာဉ်ဖွဲ့မည်လော။
5 ငှက်နှင့်ကျီစားသကဲ့သို့ကျီစားလျက်၊ သမီးတို့အဖို့လှောင်ထားမည်လော။
6 အလုပ်သည်တို့သည်၊ ကုန်သည်တို့အားရောင်းချဝေငှမည်လော။
7 သားရေကိုဒစ်သံချွန်ချက်များနှင့်လည်းေကာင်း၊ ဦးခေါင်းကို မှိန်းချက်များနှင့်လည်းေကာင်း၊ ပြည့်စေနိုင်သလော။
8 လက်တင်ရုံမျှပြုမိလျှင်၊ လုပ်ကြံမှုကိုသတိရ၍ ထပ်မံမပြုချေ။
9 ၎င်းကိုနိုင်မည်ဟုေမျှာ်လင့်ခဲ့လျှင်၊ အချည်းနှီးဖြစ်၏။ မြင်ရုံမျှနှင့်ပင် ခြေကုန်လက်ပန်းရှိမည်မဟုတ်လော။
10 ထိုမိကျောင်းကို ထကြွစေရန် ရဲရင့်သူမရှိက၊ ငါ့ရှေ့တွင် ခံရပ်နိုင်သူကား။ မည်သူနည်း။
11 ကောင်းကင်အောက်ရှိရှိသမျှ ငါပိုင်ရာဖြစ်၍၊ ငါတုံ့ပြန်ရစေခြင်းငှာ၊ မည်သူပေးနှင့်ဖူးသနည်း။
12 မိကျောင်း၏ ကိုယ်အင်္ဂါမှစသော၊ ခွန်အားဗလလင်္ကာရအချိုးအစားနှင့်စပ်၍၊ မပြောဘဲတိတ်ဆိတ်စွာငါမနေ။
13 အပေါ်ရံအဝတ်ကိုမည်သူမျှချွတ်လှန်နိုင်သနည်း။
14 ပါးစောင်ရိုးထဲသို့ဝင်လျက်၊ မျက်နှာတံခါးကိုမည်သူဖွင့်နိုင်သနည်း။ သွားအစွယ်များပတ်လည်၌ ကြောက်မက်ဖွယ်ရှိ၏။
15 လုံခြုံစွာ တံဆိပ်ခတ်နှိပ်သောဒိုင်းလွှားတန်များသည်၊ မောက်မာရာအကြောင်းဖြစ်လျက်၊
16 လေမျှမဝင်နိုင်အောင်၊ တစ်တန်းတည်းနှင့် တစ်တန်းနီးစပ်၍၊
17 မခွာနိုင်အောင်လည်းအချင်းချင်းပူးတွဲဖွဲ့ရှက်လျက်ရှိ၏။
18 ချေဆတ်သောအခါ အလင်းတောက်၍၊
19 မျက်စိများလည်းနေအရုဏ်စက္ခုနှင့်တူသည့်ပြင်၊
20 အာခံတွင်းမှမီးရှူးမီးပန်းသဖွယ်၊ လွှတ်လျက်၊ ကျူထင်းဖြင့် ဆူပွက်သောအိုးသဖွယ်၊ အခိုးအငွေ့သည်နားပေါက်မှထွက်၍၊ ရှူထုတ်သောလေသည်မီးသွေးကိုညှိလျက်၊
21 အာခံတွင်းမှ မီးလျှံထွက်တတ်၏။
22 လည်၌ခွန်အားတည်၍၊ ကြောက်မက်ဖွယ်ရာလည်း ရှေ့တွင် မြူးထူးလျက်ရှိ၏။
23 ဝမ်းပျဉ်သားများသည်၊ ပူးကပ်တင်းမာ၍ မရွေ့နိုင်။
24 နှလုံးလည်းကျောက်နှင့်အမျှ၊ ကျိတ်ဆုံအောက်ခံကျောက်နှင့်အမျှပင်မာကျော၏။
25 ထကြွသောအခါ ဗိုလ်မှူးတို့သည် ကြောက်ရွံ့လျက်၊ အကြောက်ကြီးသဖြင့် ရူးသွပ်ကြ၏။
26 ဓား၊ လှံ၊ မြှားစကြာ၊ သံချပ်များနှင့် တိုက်ခိုက်သော်လည်း၊ မခံရပ်နိုင်။
27 သံကိုကောက်ရိုးကဲ့သို့လည်းကောင်း၊ ကြေးကိုသစ်ဆွေးကဲ့သို့လည်းေကာင်း၊ ထင်မှတ်၍၊
28-29 မြှားပစ်သော်လည်းမပြေး၊ လောက်စာ၊ တင်းပုတ်များကိုဖွဲကဲ့သို့ ထင်မှတ်ဖြစ်စေလျက်၊ လှံထိုးသံကိုပြက်ရယ်ပြုတတ်၏။
30 ထိုမိကျောင်းအောက်ပိုင်းများသည်၊ ထက်ချွန်သောအိုးခြမ်းသဖွယ်ဖြစ်၍၊ ရွှံ့ပေါ်တွင်ကောက်နယ်စက်ပုံဖြန့်ချီတတ်၏။
31 ပင်လယ်ကို ရေအိုးကဲ့သို့ ပွက်ထစေလျက်၊ သမုဒ္ဒရာကိုလည်း ဆီမွှေးချက်သကဲ့သို့ ဖြစ်စေတတ်၏။
32 လွန်သွားရာလမ်းထွန်းတောက်သဖြင့်၊ ပင်လယ်သည် ဆံဖြူရောင်ဆောင်၏။
33 ပြကတေ့အတိုင်း ကြောက်ရွံ့ခြင်းကင်း၍၊ ကိုင်းရှိုင်းရသောတိရစ္ဆာန်မရှိချေ။
34 မြင့်မြတ်သောအရာရှိသမျှကို ကြည့်ဝံ့လျက်၊ သားရဲတကာတို့၏ ဘုရင်ဖြစ်သတည်းဟုမိန့်တော်မူ၏။