4
1 ထိုအခါ၊ တေမန့်အမျိုးသားဧလိဖတ်တုံ့ပြန်မြွက်ဆိုသည်ကား၊ သင့်ကိုဆွေးနွေးနှီးနှောရန် ဝံ့စားလျှင်၊
2 စိတ်ရှိမည်လော။ မည်သူသည်ချုပ်တည်း၍စကားမပြောဘဲနေနိုင်ပါမည်နည်း။
3 သင်သည် လူအများကို သွန်သင်ဆုံးမ၍၊ မသန်စွမ်းသောလက်များကိုပင်ခိုင်ခံ့စေခဲ့ပြီ။
4 သင့်စကားသည် နုန့်နဲ့သူ့ကိုထောက်မလျက်၊ အားလျော့သောဒူးဆစ်များကိုလည်း တည့်မတ်စေခဲ့ပြီ။
5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်လျော့လျက်၊ ထိခိုက်ခံရသောကြောင့် ငေးမှိုင်လေစွတကား။
6 သင်၏ရိုသေခန့်ညားခြင်းသည်၊ သင်စိတ်ချရာစိတ်ချကြောင်း၊ အလေ့အလာစုံလင်ခြင်းလည်း၊ သင့်ေမျှာ်လင့်ရာေမျှာ်လင့်ကြောင်းဖြစ်သည်မဟုတ်တုံလော။
7 အပြစ်ကင်းလျက်နှင့်၊ မည်သူပျက်စီးဘူးပါသနည်း။ မည်သည့်အရပ်၌ဖြောင့်မှန်သူတို့လည်း၊ ပယ်ရှားခံရဘူးသနည်းဟု ဆင်ခြင်ပါလော့။
8 အကျွန်ုပ်ဒိဋ္ဌမြင်ရသည်မှာ။ ဒုစရိုက်ကိုထွန်ယက်၍ဒုက္ခမျိုးကိုကြဲသောသူတို့သည်၊ ထိုအတိုင်းပင်ရိတ်သိမ်းရကြ၏။
9 ဘုရားသခင်ရှုထုတ်တော်မူခြင်းဖြင့်၊ ထိုသူတို့ပျက်စီး၍၊ အမျက်တော်ရှိန်ဖြင့်ကုန်ဆုံးရကြ၏။
10 ဗဏ္ဍုဟိန်းခြင်း၊ ကေသရာဇာဟောက်ခြင်းငြိမ်းလျက်၊ တိန၏အစွယ်ကျိုးပျက်လေပြီ။
11 ကိုက်စားရန်မဲ့သောကြောင့်၊ သီဟသေ၍၊ ခြင်္သေ့ငယ်တို့ကွဲလွင့်ရကြသတည်း။
12 အကျွန်ုပ်ထံသို့လျှို့တဝှက်ရောက်သောဗျာဒိတ်သံကို၊ သောတာရုံဖြင့် သိုးသိုးသန့်သန့်ကြားရ၍၊
13-15 လူတို့အိပ်မောကျလျက်၊ ရူပါရုံကြောင့် စိတ်ရှုတ်ထွေးသည့်ညဉ့်အခါတွင်၊ အကျွန်ုပ်အရိုးစိမ့်စိမ့်တုန်လျက်ကြောက်ရွံ့လျက်၊ ကြက်သီးမွှေးညင်းထစဉ်၊ မျက်နှာရှေ့တွင် ရှုရှိုက်ဟန်ကျော်သွား၍၊ ရပ်တန့်ရာ၊
16 မျက်မှောက်တွင်ရှိထိုပုံသဏ္ဌာန်၏ အာရုံကိုမမြင်ရသော်လည်း၊ အကျွန်ုပ်ကြားရသောသဲ့သဲ့အသံကား၊
17 လူသည်၊ ဘုရားသခင်ရှေ့မှာဖြောင့်မတ်ခြင်း၊ လူစွမ်းကောင်းလည်း၊ ဖန်ဆင်းတော်မူသောအရှင်ရှေ့စင်ကြယ်ခြင်းရှိနိုင်သလော။
18 အမှုတော်ဆောင်တို့ကို၊ ကိုးစားတော်မမူ။ တမန်တော်များကိုပင်မှောက်မှားပြစ်တင်တော်မူ၏။
19 မြေမုန့်၌အမြစ်ချသောမြေအိမ်တွင်၊ တည်းနေသူတို့ကိုမူကား၊ သာ၍တင်တော်မူ၏။
20 ထိုသူတို့သည် ပိုးရွကဲ့သို့ကြေမွလျက်၊ တစ်နေ့ချင်းတွင်ကုန်ဆုံး၍။ မည်သူမျှပမာဏမပြုဘဲ၊ အစဉ်ပျက်စီးရကြ၏။
21 သူတို့၏တဲကြိုးဖြုတ်ပြီးလျှင်။ ဉာဏ်ပညာကင်းမဲ့လျက် သေရကြကုန်သည်ဟု ကြားရလေ၏။