38
ထိုအခါ၊ ထာဝရဘုရားသည်၊ လေပြင်းမုန်တိုင်းထဲမှ၊ ယောဘအားတုံ့ပြန်မိန့်မြွက်တော်မူသည်ကား၊ အကြံအစည်တော်ကို ပညာမဲ့စကားများနှင့်၊ မိုက်မှောင်စေသူကား၊ မည်သူနည်း။ သင့်အားငါမေးမြန်းသည့်အတိုင်း၊ ယောက်ျားဘာဝ ခါးစည်းလျက်ဖြေဆိုလော့။
4-5 မြေပထဝီကိုငါတည်သောအခါ၊ သင်ဘယ်မှာရှိသည်ကိုလည်းေကာင်း၊ အလုံးအဝန်းကို မည်သူစီရင်လျက် တိုင်းတာကြိုးဆွဲခဲ့သည်ကိုလည်းေကာင်း၊ သင်၌ ဉာဏ်ပဋိဘာန်ရှိ၍ သိလျှင်၊ ဖော်ပြလော့။ 6-7 မိုးသောက်ကြယ်များသည်၊ တစ်ပြိုင်နက်ကြွေးကြော်လျက်၊ ကောင်းကင်သားအပေါင်းတို့လည်း၊ ဥဒါန်းကျူးရင့်ကြစဉ်၊ မည်သည့်အပေါ်တွင် အမြစ်အခြေကို ချ၍၊ ထောင့်စွန်းကျောက်ကိုလည်း မည်သူထားသနည်း။ 8-11 မိုးတိမ်ဖြင့် ငါဝတ်ဆင်စေ၍၊ မိုးသားနှင့် သိုင်းရစ်သောကာလ၌လည်းေကာင်း၊ ထိုအရပ်ထိအောင်သာ ရောက်လာခွင့်ရလျက်၊ ထိုနေရာ၌ပင် သင်ထကြွသော တံပိုးများ ကမ်းသတ်ရမည်ဟု မိန့်မှာခဲ့သည့်အတိုင်း၊ အဝန်းကိုပိုင်းခြား၍၊ တံခါးများ၊ ကန့်လန့်ကျင်များကို ရံထားသော ကာလ၌လည်းေကာင်း၊ ဝမ်းမှပေါက်ဖွားထွက်လာသော သမုဒ္ဒရာကို၊ ထိုတံခါးများဖြင့် စည်းကမ်းထားခဲ့သောသူကား၊ မည်သူနည်း။ 12-13 အရုဏ်သည် မိမိတက်ရာအရပ်ကို သိကျွမ်း၍၊ မြေကြီးစွန်းထိကိုင်ဆွဲလျက် လူဆိုးတို့ကို ခါချစေခြင်းငှာ၊ နံနက်ယံအား၊ရက်သားအဖြစ်ကပင် သင်အမိန့်ရှိခဲ့သလော။ 14 မြေပထဝီလည်းခတ်သော တံဆိပ်ရာထင်မြင်သကဲ့သို့ ပြောင်းလဲ၍၊ အဝတ်တန်ဆာသဖွယ်၊ အသီးသီးထွက်ပေါ်လေ၏။ 15 လူဆိုးတို့၌မူကား၊ အလင်းကိုချုပ်ချယ်လျက်၊ ချီသောလက်ရုံးလည်းကျိုးပြတ်လေပြီ။ 16 သင်သည် သမုဒ္ဒရာစမ်းဝသို့ ရောက်၍၊ ရေထုနက်ရှိုင်းရာ၌ သွားလာဘူးသလော။ 17 သေခြင်းတံခါးများကိုနားလည်ခွင့်၊ သေမင်းအရိပ်တံခါးများကိုသိမြင်ခွင့်ရဘူးသလော။ 18 မြေကြီးအကျယ်အဝန်းကို သိမှတ်ဘူးသလော၊ အကုန်အစင်တတ်မြောက်ဖော်ပြလော့။
19-20 သင်သည် အလင်းအိမ်နှင့် မှောက်မိုက်အိမ်သို့ ရောက်ရာ လမ်းများကိုသိ၍၊ ၎င်းနယ်နိမိတ်တိုင်အောင်၊ နှစ်ရပ်လုံးကို ပို့ဆောင်ရခြင်းငှာ၊ မှောင်မိုက်နေရာရင်းနှင့်၊ အလင်းစံရာသို့ရောက်သောလမ်းကား၊ အဘယ်မှာနည်း။ 21 ထိုကာလက ဖွားမြင်၍၊ အသက်တာလည်း၊ ရှည်လျားသောကြောင့်၊ သင်သိလေစွတကား။ 22-23 စစ်မှု၌ တိုက်ခိုက်ရာ နေ့ရက်တည်းဟူသော၊ ဒုက္ခကာလအဖို့ ငါလှောင်ထားသောမိုးပွင့်တိုက်များသို့ဝင်၍၊ မိုးသီးတိုက်များကိုလည်း သင်မြင်ဖူးသလော။
24 အလင်းဖြာခြင်း၊ အရှေ့လေလည်း မြေအပြင်တွင်လွင့်ပြားခြင်းနည်းကား၊ မည်သို့နည်း။ 25-27 လွတ်လပ်ပျက်စီးရာအရပ်ကိုရောင့်ရဲ၍၊ မြက်နုပေါက်စေခြင်းငှာလည်းေကာင်း၊ လူမရှိသောမြေ၊ လူမနေသောတော၌ မိုးရွာစေခြင်းငှာလည်းေကာင်း၊ မိုးရေစီးရာမြောင်း၊ မိုးကြိုး ပစ်ရာ လမ်းများကို၊ မည်သူဖောက်သနည်း။
28 မိုးရေ၌ အဖရှိသလော။ နှင်းပေါက်များကိုမည်သူဖြစ်ပွားစေခဲ့သနည်း။ 29 မည်သူ့ဝမ်းမှ ရေခဲထွက်ပေါ်ခဲ့သနည်း။ ကောင်းကင်ဆီးနှင်းကိုလည်း၊ မည်သူဖွားမြင်ခဲ့သနည်း။ 30 ရေသည်ကျောက်ကဲ့သို့ခဲမာ၍၊ သမုဒ္ဒရာမျက်နှာပြင်လည်း ပြစ်ချွဲလျက်ရှိ၏။ 31 သင်သည် ကြတ္တိကာ၏ နိယထုံကို နှောင်ဖွဲ့ခြင်းသော်လည်းေကာင်း၊ အဿဝတီ၏ သီဟဇာကို ဖြေလွှတ်ခြင်းသော်လည်းေကာင်း၊ တတ်နိုင်သလော။ 32 ဆယ့်နှစ်ခွင်ကြယ်စုကိုရာသီအလျောက် ထုတ်ဖော်ခြင်းသော်လည်းေကာင်း၊ ခုနစ်စဉ်နှင့်တကွ အခြံအရံတို့အား လမ်းပြခြင်းသော်လည်းေကာင်း၊ တတ်နိုင်သလော။ 33 မိုးကောင်းကင်နည်းဥပဒေသများကိုသိ၍၊ ၎င်းအာဏာပိုင်ခွင့်ကို မြေကြီးပေါ်တွင်တည်နိုင်သလော။
34 ရေများသည် သင့်အလိုအတိုင်းလွှမ်းစေခြင်းငှာ၊ မိုးတိမ်အား အသံလွှင့်၍ မိန့်ခေါ်နိုင်သလော။ 35 ကျွန်တော်ရှိပါသည်ဟု ဝန်ခံသောလျှပ်စစ်ကို၊ ပြတ်စေခြင်းငှာ လွှတ်နိုင်သလော။ 36 မိုးတိမ်အတွင်း၌ ဉာဏ်ပညာကိုထည့်သွင်းသူ၊ ဥက္ကာကြယ်အား၊ ဉာဏ်ပဋိဘာန်ကို ပေးသူကားမည်သူနည်း။ 37-38 မြေမုန့်ထွေးလုံးလျက်၊ မြေဆိုင်ကပ်စေးသည့်တိုင်အောင်၊ မိုးတိမ်များကို ဉာဏ်ပညာအားဖြင့် ရေတွက်၍၊ ကောင်းကင်ရေအိုးများကို မည်သူစောင်းသွန်နိုင်သနည်း။
39-40 မှီအောင်းရာများ၌ ဝပ်တွားလျက်၊ ချုံများ၌ ချောင်းမြောင်းလျက်နေကြစဉ်၊ ခြင်္သေ့များအတွက် အမဲလိုက်၍၊ တိနများကို ဝစေမည်လော။ 41 ကျီးအသားငယ်တို့သည် အစာမဲ့လှည့်လည်လျက်၊ ငါဘုရားထံအော်သောအခါ၊ အမဲကို မည်သူစီရင်သနည်း။