34
ထို့နောက်၊ ဧလိဟု ဆက်လက်မြွက်ဆိုပြန်သည်ကား၊ -3 အချင်းသိတတ်သူ၊ ပညာရှိတို့၊ ခံတွင်းဖြင့် အစာအာဟာရကို မြည်းစမ်းသည့်နည်းတူ၊ နားဖြင့်လည်း အပြောအဆိုကို စစ်ဆေးတတ်သည်ဖြစ်၍၊ အကျွန်ုပ်စကားကို နားထောင်နာခံကြလော့။ အကျွန်ုပ်တို့သည် ထိုက်သင့်ရာကို အချင်းချင်းသိရန်၊ တရားသဖြင့် ဆုံးဖြတ်ချက်ကို ရွေးချယ်ကြကုန်အံ့။ 5-6 ယောဘက၊ ငါဖြောင့်မတ်လျက်၊ ငါ့တရားမှုကို ဘုရားသခင်ပယ်ပတော်မူပြီ။ တရားအတိုင်းပြောဆိုလျက်နှင့်၊ မုသာချပြီ။ လွန်ကျူးမှုကို မပြုဘဲလျက်၊ ကု၍မရသော မြှားချက်ဒဏ်ကို ခံရပြီဟု ပြောဆိုရာ၌၊ ကဲ့ရဲ့ခြင်းကိုရေသဖွယ် သောက်သူ၊ 7-8 ဒုစရိုက်ကိုပြုကျင့်တတ်သောလူဆိုးတို့နှင့် ပေါင်းသင်းသွားလာသူ ယောဘကဲ့သို့ မည်သူရှိသေးသနည်း။ သူက ဘုရားသခင်၌ လူမွေ့လျော်သော်လည်း၊ ကောင်းကျိုးမရှိဟု ပြောဆိုခဲ့လေပြီတကား။ 10-11 သို့ဖြစ်၍ဉာဏ်ကောင်းသောသင်တို့၊ အကျွန်ုပ်စကားကိုနားထောင်ကြလော့။ လူ့အပြုအမူကို ဆပ်ပေး၍၊ အလေ့အလာအတိုင်းလည်း၊ ရစေတော်မူသောအနန္တတန်ခိုးရှင် ဘုရားသခင်သည်၊ မတရားမှု၊ ဒုစရိုက်မှုနှင့်ကင်းဝေးတော်မူပါစေသော။ 12 အကယ်စင်စစ်ဘုရားသခင်သည် အဆိုးကိုလည်းေကာင်း၊ အနန္တတန်ခိုးရှင်သည် အလွဲဆုံးဖြတ်ခြင်းကိုလည်းေကာင်း၊ မုချပြုတော်မမူ။ 13 ဤမြေကြီးကိုဘုရားသခင်ထံ၊ မည်သူအပ်နှံခဲ့သနည်း။ တစ်လောကလုံးကို မည်သူတည်ထောင်ခဲ့သနည်း။ 14 ကိုယ်တော်တိုင် အာသာပမာဏပြု၍၊ ဇီဝအသက်နှင့် ဝိညာဉ်တော်ကိုပြန်သိမ်းတော်မူလျှင်၊ 15 လူသည် မြေမုန့်ဖြစ်ပြန်၍၊ သတ္တဝါအပေါင်းတို့လည်း တစ်ပြိုင်နက်ပျက်စီးကြလတ္တံ့။
16 သင့်၌ ဉာဏ်ပညာရှိလျင်၊ အကျွန်ုပ်ပြောဆိုသံကိုနားထောင်နာခံလော့။ 17-19 တရားကိုမုန်းထားလျှင်၊ အုပ်စိုးနိုင်သူရှိမည်လော။ ရှင်ဘုရင်အားယုတ်မာသည်။ မှူးမတ်တို့အား ဆိုးသွမ်းသည်ဟုမိန့်ဆိုတော်မူထသော၊ ရှိသမျှတို့သည်လက်ရုံးတော် အမှုဖြစ်ကြသည့်အတိုင်း၊ အကြီးအကဲတို့ မျက်နှာကို မထောက်၊ နွမ်းပါးသူထက် သူကြွယ်ကို အာရုံပြုတော်မမူထသော၊ တန်ခိုးကြီး၍ဖြောင့်မတ်သောအရှင်ကိုအပြစ်စီရင်ဝံ့မည်လော။ 20 ပြည်သူပြည်သားတို့သည်၊ တုန်လှုပ်ကွယ်လွန်လျက်၊ မှူးမတ်တို့လည်း လူ့လက်ဖြင့်မဟုတ်၊ ရာထူးမှခွဲချခံရလျက်၊ သန်းခေါင်အချိန်၌ ရုတ်ခြင်းသေကြသည်တကား။
21 ကိုယ်တော်မူကား၊ လူသွားရာလမ်းကိုရှုကြည့်၍၊ ခြေလှမ်းရှိသမျှကို သိမြင်တော်မူ၏။ 22 ဒုစရိုက်ကိုပြုကျင့်တတ်သူတို့ပုန်းရှောင်နိုင်ရန်၊ မှောင်မိုက်သော်လည်းေကာင်း၊ သေမင်းအရိပ်သော်လည်းေကာင်း၊ မရှိချေ။ 23 ဘုရားသခင်သည်၊ ရှေ့တော်တွင် တရားစီရင်ရာသို့လူကိုခေါ်သွင်း၍၊ ထပ်မံစစ်ဆေးတော်မူရန် အကြောင်းမရှိ။ 24 တန်ခိုးကြီးသူတို့ကိုပင် မစစ်ကြောဘဲချိုးဖဲ့၍၊ အရိုက်အရာတွင်၊ သူတထူးတို့ကို ခန့်ထားတော်မူ၏။
25 သို့နှင့်အညီ၊ ထိုသူတို့အပြုအမူများကိုမှတ်လျက်၊ ညဉ့်ချင်းဖြိုလှဲချေမွတော်မူ၏။ 26-27 ထိုသူတို့သည် ခပ်သိမ်းသောနည်းလမ်းတော်များကို မဆင်ခြင်၍၊ နောက်တော်သို့မလိုက်ဘဲ လွှဲသွေကြသောကြောင့်၊ လူဆိုးတို့ကဲ့သို့အထင်အရှားရိုက်ဒဏ်ခတ် တော်မူသည်နှင့်၊ 28 နွမ်းပါးသူ့ဟစ်သံကို ရှေ့တော်ရောက်ဝင်စေ၍၊ ဆင်းရဲသူတို့အော်သံကိုလည်းနားညောင်းတော်မူ၏။ 29 ကိုယ်တော်သည် လူတစ်ဦးကိုဖြစ်စေ၊ တစ်မျိုးလုံးကိုဖြစ်စေ၊ ချမ်းသာပေးတော်မူလျှင်၊ မည်သူအပြစ်စီရင်နိုင်သနည်း။ မျက်နှာတော်လွှဲလျှင်၊ မည်သူဖူးမြင်ရအံ့နည်း။ 30 ထိုသို့ပြည်သူပြည်သားတို့အား၊ ညွှတ်ကွင်းနှင့် ကင်းလွတ်စေခြင်းငှာ၊ လူသရော် လူပျက်သည် မင်းမမူရ။ 31-32 လူတစ်စုံတစ်ဦးက၊ အကျွန်ုပ်မပြစ်မှားသော်လည်း၊ အပြစ်ခံရ၏။ အကျွန်ုပ်မသိမမြင်သောအပြစ်ကိုသင်ပြတော်မူပါ။ ဒုစရိုက်ကိုပြုမိခဲ့လျှင် ထပ်မံမပြုပါဟုဘုရားသခင် အား ငြင်းပယ်ဝံ့သလော။ 33 သင့်အလိုအလျောက်မဟုတ်သော ဆပ်ပေးတော်မူရာကို၊ သင်ငြင်းပယ်မည်လော။ အကျွန်ုပ်မဟုတ်၊ သင်ကိုယ်တိုင်ရွေးချယ်၍၊ သိသမျှကိုပြောဆိုပါလော့။ 34 ဉာဏ်ကောင်းသူမှစ၍၊ အကျွန်ုပ်စကားကိုကြားနာသူ ပညာရှိတို့က၊ 35 ယောဘသည် အသိဉာဏ်မဲ့ပြောဆိုသည်၊ စကားများလည်း လိမ္မာကင်းသည်ဟု၊ အကျွန်ုပ်အားပြောကြလိမ့်မည်။ 36 ယောဘသည် ဒုစရိုက်သားတို့ကဲ့သို့ တုံ့ပြန်တတ်သောကြောင့်၊ စုံစမ်းခြင်းကိုအစဉ်ခံရပါစေသော။ 37 အဘယ့်ကြောင့်ဆိုသော်၊ သူသည် ကိုယ့်ပြစ်မှုအပေါ်တွင် ပုန်ကန်မှုထပ်ပွား၍၊ အကျွန်ုပ်တို့ရှေ့လက်ပမ်းပေါက်ခတ်လျက်၊ ဘုရားသခင်ကိုဆန့်ကျင်၍ စကားများစွာ ပြောသည်ဟု မြွက်ဆိုလေ၏။