30
ယခုမူကား၊ ငါ့သိုးဆိတ်အုပ်ကိုအထိန်းအကျောင်းခွေးများနှင့်အတူ နေရာမရထိုက်သောအဘရှိသူတို့တည်းဟူသော၊ ငါ့ထက်ငယ်ရွယ်သူတို့သည်၊ ငါ့ကိုပြက်ရယ်ပြုကြ လေစွ။ အင်အားပျက်ပြီးသူတို့၏လက်သတ္တိကြောင့်၊ ငါ့၌မည်သည့်အကျိုးရှိသနည်း။ ထိုသူတို့သည် မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်းများကြောင့်ပိန်ကြုံ၍၊ ယမန်အခါက ဆိတ်ညံရာလဟာဖြစ်သောတော၌၊ သဲကိုကိုက်စားရကြ၏။ ချုံတွင်အရွက်ကိုခူးယူလျက်၊ အဥကိုစားရကြ၏။ သူခိုးလိုက်ကြသကဲ့သို့ဟစ်ခြင်း၊ လူ့ဘောင်မှနှင်ထုတ်ခြင်းများကိုခံရ၍၊ ကြောက်မက်ဖွယ်ရာချောက်၊ မြေတွင်း၊ ကျောက်ဂူများတွင် နေရကြ၏။ ချုံရှိရာ၌ ဟီသံပြုလျက်၊ ခရားပင်ရင်းတွင် ပူးကပ်နေရကြ၏။ လူမိုက်လူယုတ်တို့သားများဖြစ်သဖြင့်၊ နေပြည်မှရိုက်ထုတ်ခံရကြပြီ။ ယခုမူကား၊ ငါသည် သူတို့တေးဖွဲ့ရာ၊ ပုံခိုင်းရာအကြောင်းဖြစ်လေပြီ။ 10 သူတို့သည် ငါ့ကိုစက်ဆုပ်သဖြင့် ခွာနေလျက်၊ ငါ့မျက်နှာကိုတံတွေးမထွေးဘဲမနေကြ။ 11 အသို့ဆိုသော်၊ ငါ့လေးညှို့ကိုလျော့၍၊ ငါ့ကိုနှိမ့်ချတော်မူသည့်အတိုင်း၊ ထိုသူတို့သည် ငါ့ရှေ့တွင်ပါးချပ်ကြိုးကိုချွတ်ကြခဲ့ပြီ။ 12 လူညံ့စုလည်း ညာဘက်၌ထကြွလျက်၊ ခြေကိုတွန်းချ၍၊ ဖျက်ဆီးရန်ကတုတ်များကိုလှန်ကြ၏။ 13 ငါသွားရာလမ်းကိုချွတ်ယွင်းစေ၍၊ ဘေးဒုက္ခကိုတိုးပွားစေကြ၏။ သူတို့တစ်ဘက်၌မစသူမရှိချေ။ 14 ဖြိုဖျက်လျှင်၊ ဖျက်ခြင်းကျယ်သောအပေါက်ကို ဝင်သကဲ့သို့၊ ငါ့အပေါ်သို့လှိမ့်တက် တိုက်ဝင်ကြလေ၏။ 15 ဥပဒ်များသည် ငါ့အပေါ်တွင် လှည့်ရောက်၍၊ ငါ့အသရေကိုလေကဲ့သို့လိုက်လံကြသဖြင့်၊ ချမ်းသာသုခသည် မိုးတိမ်ကဲ့သို့လွင့်ပါးလေပြီ။ 16 ယခုမူကား၊ ငါ့စိတ်ကြေကွဲလျက်၊ ဒုက္ခနေ့ရက်များသည် ငါ့ကိုကိုင်ဖမ်းကြ၏။ 17 ညဉ့်အချိန်ငါ့အရိုးများထိုးကျင့်၍၊ မအိပ်မစဲကိုက်ခဲသောအနာသည်၊ 18 အားကြီးသောကြောင့်၊ ငါ့အဝတ်များမတော်မတန်ဖြစ်၍၊ အင်္ကျီလည်ခွံကဲ့သို့ စည်းပတ်လျက်ရှိ၏။ 19 ငါ့ကိုရွှံ့ထဲသို့ပစ်ချတော်မူသည်ဖြစ်၍၊ ငါသည် မြေမုန့်နှင့် ပြာသဏ္ဌာန်တူ၏။ 20 အကျွန်ုပ်ဟစ်သော်၊ ထူးတော်မမူ။ တန့်ရပ်ပါသော်လည်း၊ မျက်နှာထားတော်မူချေ၏။ 21 ကိုယ်တော်သည် အကျွန်ုပ်အပေါ်တွင်ပြောင်းလဲရက်စက်၍၊ လက်ရုံးတန်ခိုးဖြင့် ရန်ငြိုးဖွဲ့တော်မူ၏။ 22 အကျွန်ုပ်ကိုချီ၍ လေဟုန်စိတ်စေသည့်ပြင် ပြင်းပြသံဖြင့် အရည်ဖျော်တော်မူ၏။ 23 သက်ရှိသတ္တဝါခပ်သိမ်းတို့ တွေ့ဆုံရာဌာနတည်းဟူသော သေခြင်းသို့၊ အကျွန်ုပ်ကိုပြန်သွားစေတော်မူမည်ဟု၊ အကျွန်ုပ်သိပါသော်လည်း၊ 24 ပြိုပျက်လျက်ပင်လက်ဆန့်တန်းခွင့်၊ ပျက်စီးလျက်ပင် အော်ဟစ်ခွင့်ရှိသည် မဟုတ်ပါလော။ 25 ခဲယဉ်းသောနေ့ရက်တာကိုခံရသူ့အတွက် ငါငိုကြွေး၍၊ နွမ်းပါးသူ့အတွက် ငါစိတ်ညစ်ခဲ့သည်မဟုတ်တုံလော။ 26 ငါသည် အကောင်းကိုစောင့်ေမျှာ်သော်၊ အဆိုးသင့်ရောက်ခဲ့၏။ အလင်းကိုစောင့်စားသော်၊ မှောင်ကျခဲ့လေစွ။
27 မပြတ်မစဲ ငါ့သည်းအူပူလျက်၊ ဒုက္ခနေ့ရက်များသင့်ရောက်လေပြီ။ 28 နေရောင်ကို ရှောင်လျက်၊ မှိုင်ကာမှိုင်ကာသွားလာရ၏။ ပရိသတ်တွင်ရပ်၍ အော်ဟစ်ရသည်နှင့်၊ 29 ခွေးအ၏အစ်ကို၊ ကုလားအုပ်ငှက်၏အပေါင်းအဖော်ဖြစ်၏။ 30 ငါ့အသားမည်း၍ အရိုးများပူလောင်လျက်ရှိသဖြင့်၊ 31 ငါ့စောင်းသည် မြည်တမ်းသံ၊ နှဲခရာလည်းငိုကြွေးသံကိုပြုလေစွတကား။