29
ထို့နောက်၊ ယောဘသည် ပုံဆောင်ချက်ကို ဆက်လက်မြွက်ဆိုသည်ကား၊ 2-3 ငါ့ကိုဘုရားသခင်စောင့်ထိန်းတော်မူ၍၊ ဦးခေါင်းပေါ်တွင်မီးခွက်တော်ထွန်းတောက်သော အလင်းကြောင့်၊ မှောင်မိုက်မှာငါေလျှာက်သွားနိုင်သောရှေးကာလလရက်များ၌၊ ငါဖြစ်ဖူး သကဲ့သို့ဖြစ်ပြန်ပါစေသော။ 4-6 ဘုရားသခင်နှင့်အကျွမ်းဝင်ခွင့်သည်၊ ငါ့တဲပေါ်တွင် ကိန်းဝပ်လျက်၊ ငါအရွယ်ကောင်းသည့်ကာလ၊ သားသမီးတို့ ခြံရံလျက်၊ ငါနှင့်အတူ အနန္တတန်ခိုးရှင်ရှိတော်မူသေး သောကာလ၊ ကျောက်တောင်မှ၊ ငါရှိရာသို့ ဆီအဖြာဖြာစီးထွက်လျက်၊ ငါ့ခြေမြုပ်အောင် နို့ဓမ်းကိုနင်းရသောကာလ၌ ဖြစ်ဖူးသကဲ့သို့ ဖြစ်ပြန်ပါစေသော၊ ရွှေမြို့တော် တံခါးသို့သွားရောက်၍၊ လမ်းဆုံတွင် ငါ့ထိုင်ရာကိုပြင်ဆင်သောအခါ၊ ငါ့ကိုမြင်သော်၊ လူပျိုတို့ဆုတ်ခွာလျက်၊ လူအိုတို့ထရပ်နေကြသည့်ပြင်၊ အရာရှိတို့မပြောမဆို၊ နှုတ်ကိုလက်ပိတ်လျက်၊ 10 အာခေါင်၌ လျှာကပ်သဖြင့်၊ မှူးမတ်တို့စကားသံငြိမ်းရလေ၏။ 11-12 ဟစ်ခေါ်ရသော ဆင်းရဲသူနှင့်၊ ကိုးရာမဲ့ဖသက်ဆိုးတို့ကို၊ ငါကယ်လွှတ်လေ့ရှိသည့်အတိုင်း၊ နားကြားလျှင်ကြားချင်း၊ ငါ့ကိုကောင်းကြီးပေး၍၊ မျက်စိမြင်လျှင်မြင်ချင်း သက်သေခံကြ၏။ 13 ပျက်စီးလုသူပြုသော ဩဘာသည်၊ ငါ့အပေါ်တွင် တည်လျက်၊ မုဆိုးမလည်း၊ စိတ်ရွှင်လန်း၍ ကြွေးကြော်ခွင့်ရှိချေ၏။ 14 ငါသည် ဖြောင့်မတ်ခြင်းကို ဝတ်ဆင်ခြုံရုံ၍၊ တရားစောင့်ခြင်းလည်း၊ ဝတ်လုံဗောင်းထုပ်သဖွယ်ဖြစ်၏။ 15 ငါသည် ကန်းသူ၌ မျက်စိ၊ ချို့တဲ့သူ၌ ခြေသဖွယ်ဖြစ်၏။ 16 နွမ်းပါးသူတို့၌ အဖဖြစ်လျက်၊ မသိမကျွမ်းသူ့အမှုကို ငါစီစစ်သဖြင့်၊ 17 မတရားသူ့အစွယ်ကိုချိုးဖြတ်၍၊ ကိုက်စားသူ့ကို ပစပ်မှပင်နုတ်ယူလေ၏။ 18 ငါကလည်း၊ ကိုယ့်သိုက်မြုံ၌ သေခွင့်ရလျက်၊ သဲလုံးနှင့်အမျှ အသက်တာတိုးပွားဦးမည်။ 19 ငါ့အမြစ်သည် ရေကိုသုံးသောက်ခွင့်၊ အခက်အလက်လည်းနှင်းပေါက်တည်နေခွင့်ခံစားသည့်အလျောက်၊ 20 ငါ၏ဘုန်းအသရေ ပွင့်လန်း၍၊ စွဲကိုင်သောလေးဟောင်းနွမ်းခြင်းမရှိဟုအောက်မေ့သည်နှင့်အညီ၊ ငါအကြံပေးရာကို တိတ်ဆိတ်စွာဆိုင်းလင့်၍၊ 21 လူတို့နားထောင်ကြ၏။ 22 ငါ့စကားသည် သူတို့အပေါ်သို့စိမ့်ကျ၍၊ ငါပြောဆိုပြီးနောက် မတုံ့ပြန်ကြချေ။ 23 မိုးဦးကျ၍မိုးရွာခြင်းကိုစောင့်စားသကဲ့သို့၊ ငါ့စကားကိုပစပ်ဟလျက်၊ စောင့်စားလျက်နေကြ၏။ 24 သူတို့ယုံကြည်စိတ်ချခြင်းကင်းသောအခါ၊ ငါပြုံးရယ်၍၊ ငါ့မျက်နှာကြည်လင်ခြင်းကို သူတို့မချွတ်မယွင်းနိုင်ကြ။ 25 အကြီးအကဲအဖြစ်ဖြင့် ထိုင်နေလျက်၊ သူတို့လိုက်အပ်သောနည်းလမ်းကို ငါရွေးချယ်၍၊ ဗိုလ်ထုအလုံးအရင်း၌ ရှင်ဘုရင်ကဲ့သို့လည်းေကာင်း၊ မြည်တမ်းသူတို့ကို နှစ်သိမ့်စေသူ ကဲ့သို့လည်းေကာင်း၊ ငါတည်နေခွင့်ရသတည်း။