12
ထိုအခါ၊ ယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ သင်တို့သည် လူမျိုးထူးဖြစ်လျက်၊ သင်တို့နှင့်တကွ၊ ဉာဏ်ပညာပါ၊ တိမ်ကောလိမ့်တကား။ ငါလည်းသင်တို့ကဲ့သို့ ဉာဏ်ရှိ၍၊ သင်တို့ထက်ငါယုတ်ညံ့သည်မဟုတ်။ ထိုသို့သောအကြောင်းအရာများကိုမသိဘဲမည်သူရှိသနည်း။ ဘုရားသခင်အားခေါ်၍၊ ထူးတော်မူခြင်းကိုခံရသောငါသည်၊ အဆွေခင်ပွန်းတို့ပြက်ရယ်ပြုရာဖြစ်ခဲ့လေပြီ။ စုံလင်ဖြောင့်မတ်သူသည်၊ ပြက်ရယ်ဖွယ်ဖြစ်လေစွတကား။ ချမ်းသာရသူတို့သည်၊ ပျက်စီးခံရသူကို၊ မထီမဲ့မြင်ပြုလျက်၊ ခြေချော်သူတို့ကိုလည်း ထိုသို့ပြုလွယ်ကြ၏။ ဓားပြတို့တဲများသည်လုံခြုံ၏။ ကိုယ့်ဘုရားကိုဆောင်ကိုင်လျက်၊ ဘုရားသခင်စိတ်တော်ကိုဆွသူတို့လည်း၊ စိတ်ချစွာနေရကြ၏။
သင်မေးမြန်းလျှင်၊ သားယဉ်သားရဲနှင့် လေသတ္တဝါတို့ပင်၊ သွန်သင်ကြားပြောကြလိမ့်မည်။ လျှောက်ထားလျှင်၊ မြေကြီးမှစ၍ ရေသတ္တဝါများလည်း၊ သွန်သင်ဖော်ပြကြလတ္တံ့။ 9-10 လူအပေါင်းတို့၏ဝိညာဉ်များမှစ၍၊ သဇီဝသတ္တဝါခပ်သိမ်းတို့အသက်ဝိညာဉ်ကို၊ ကိုင်ထားတော်မူသော ထာဝရဘုရားသည်၊ ထိုသို့စီရင်တော်မူကြောင်းကို၊ မသိဘဲ မည်သည့်သတ္တဝါရှိသနည်း။ 11 ခံတွင်းဖြင့်အစာအဟာရကိုမြည်းစမ်းသည့်နည်းတူ၊ နားဖြင့်လည်းအပြောအဆိုကိုစစ်ဆေးတတ်သည်မဟုတ်လော။ 12 ထိုသို့အိုမင်းသူတို့သည်၊ ဉာဏ်ပညာရှိလျက်၊ အသက်ရှည်၍လည်းဉာဏ်ပဋိဘာန်ရ၏။
13 ကိုယ်တော်၌ကား၊ ဉာဏ်ပညာ၊ တန်ခိုးတော်ရှိ၍၊ အကြံအစည်၊ ဉာဏ်ပဋိဘာန်ကိုလည်းပိုင်တော်မူ၏။ 14 တည်ထောင်ခွင့်မရနိုင်အောင် ဖြိုဖျက်တော်မူ၏။ လွတ်ခွင့်မရနိုင်အောင်လည်း၊ လူကိုချုပ်နှောင်တော်မူ၏။ 15 ရေကိုဆီးတားတော်မူသော်၊ မိုးခေါင်၏။ လွှတ်တော်မူသော်၊ မြေကြီးကိုလွှမ်းမိုးလျက်ဖျက်ဆီးတတ်၏။ 16 ကိုယ်တော်၌တန်ခိုးတော်၊ အေမျှာ်အမြင်ပညာတော်ရှိ၍၊ မှောက်မှားသူနှင့်မှောက်မှားစေသူတို့ကို ပိုင်တော်မူ၏။ 17 မင်းတိုင်ပင်တို့ကို လုယက်သိမ်းသွား၍၊ တရားမင်းတို့ကိုလည်းရူးသွပ်စေတော်မူ၏။ 18 ရှင်ဘုရင်များချုပ်နှောင်သူတို့ကိုလွှတ်ပြီးလျှင်၊ ၎င်းဘုရင်တို့ကိုခါးကြိုးချည်တော်မူ၏။ 19 ပရောဟိတ်တို့ကိုလည်း လုယက်သိမ်းသွား၍၊ သက်တော်ရှည်တို့ကိုမှောက်လှန်တော်မူ၏။ 20 သစ္စာစောင့်အမတ်တို့နှုတ်သတ္တိကိုပယ်၍ လူကြီးတို့၏ အသိဉာဏ်ကိုနုတ်ပစ်တော်မူ၏။ 21 မှူးမတ်များကိုအရှက်ကြီးခွဲ၍၊ အကြီးအမှူးတို့ခါးစည်းများကို လျော့ဟာစေတော်မူ၏။ 22 မှောင်မိုက်ထဲ၌ နက်နဲရာများကို ထုတ်ဖော်၍၊ သေခြင်းအရိပ်ကိုလည်း ထင်လင်းစေတော်မူ၏။ 23 လူမျိုးတို့အား၊ တိုးပွားခြင်း၊ ဖျက်ဆီးခြင်းကိုလည်းေကာင်း၊ နှံ့ပြားခြင်း၊ ဆောင်သွားခြင်းကိုလည်းေကာင်း၊ ပြုတော်မူ၏။ 24 ပြည်သူပြည်သားများအပေါ်တွင် အုပ်ချုပ်သူတို့၏ ဉာဏ်ကိုနုတ်ယူ၍၊ လမ်းမရှိသောတောအရပ်၌ လှည့်လည်စေတော်မူ၏။ 25 အလင်းမဲ့မှောင်မိုက်၌ စမ်းယမ်းလျက်၊ ယစ်မူးသောသူကဲ့သို့ ယိမ်းယိုင်လျက်သွားစေတော်မူ၏။