5
ယေရှုကိုခရစ်တော်ဖြစ်သည်ဟုယုံကြည်သူတိုင်း ဘုရားသခင်အားဖြင့်ဖွားရသူဖြစ်၏။ ဖွားတော်မူရသော သားတော်ကိုချစ်သူတိုင်းလည်း ဖွားရသောသားချင်းကိုချစ်တတ်၏။ ဘုရားသခင်ကိုချစ်လျက် ပညတ်တော်များအတိုင်းပြုကျင့်ကြသည်အားဖြင့် ဘုရားသခင်၏သားသမီးတို့ကိုချစ်သည်ဟု ငါတို့သိရကြ၏။ 3-4 ဘုရားသခင်အားချစ်ခြင်းမေတ္တာကား ပညတ်တော်များကိုစောင့်ရှောက်ခြင်းတည်း။ ဘုရားသခင်အားဖြင့်ဖွားရသမျှသည် ဤလောကကိုအောင်မြင်ရသောကြောင့် ထိုပညတ်တော်များဝန်မလေးချေ။ ဤလောကကိုနိုင်ခဲ့သောအောင်မြင်ရာမှာ ငါတို့ယုံကြည်ခြင်းတည်း။ ဤလောကကိုအောင်မြင်သောသူသည် မည်သူနည်း။ ယေရှုကို ဘုရားသခင့်သားတော်ဖြစ်သည်ဟု ယုံကြည်သူမဟုတ်လော။ ရေသွေးအစုံဖြင့်ကြွလာသောအရှင်ကား ယေရှုခရစ်တည်း။ ရေနှင့်သာမဟုတ်၊ ရေနှင့်လည်းေကာင်း၊ သွေးနှင့်လည်းေကာင်းကြွလာတော်မူ၏။ သမ္မာအနှစ်ဖြစ်သောဝိညာဉ်တော်သည် သက်သေခံတော်မူရာ၊ ဝိညာဉ်တော်၊ ရေတော်၊ အသွေးတော် သုံးပါးတို့သည် တစ်ညီတစ်ညွတ်သက်သေခံလျက်ရှိ၏။ လူ့သက်သေကို ငါတို့နာယူကြလျှင် ဘုရားသခင့်သက်သေတော်သည် သာ၍ခိုင်မာ၏။ အသို့ဆိုသော် ဘုရားသခင်ခံတော်မူသောသက်သေသည် သားတော်နှင့်စပ်၍တည်း။ 10 ဘုရားသခင့်သားတော်ကိုယုံကြည်သူသည် ထိုသက်သေတော်ကို ကိုယ်၌ရရှိ၏။ ဘုရားသခင်ကိုမယုံကြည်သူမူကား သားတော်နှင့်စပ်၍ ခံတော်မူသောသက်သေကိုမယုံသောကြောင့် မုသာသုံးတော်မူသည်ဟု ဆိုရာရောက်၏။ 11 ဆိုခဲ့သောသက်သေတော်မှာ ဘုရားသခင်သည်ငါတို့အား ထာဝရအသက်ကိုသနားတော်မူလျက် သားတော်၌ထိုအသက်တည်ရှိကြောင်းတည်း။ 12 သားတော်ကိုရရှိသူသည် ထိုအသက်ကိုရရှိ၏။ ဘုရားသခင်သားတော်ကိုမရမရှိသူမူကား ထိုအသက်ကို မရမရှိချေ။
13 ဘုရားသခင့်သားတော်၏ နာမတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ရရှိကြောင်းသိကြစေရန် ဤအကြောင်းအရာများကိုငါရေးလိုက်၏။ 14 ရှေ့တော်တွင်ငါတို့ရရှိသောရဲရင့်ခြင်းမှာ အလိုတော်နှင့်အညီ ငါတို့တောင်းလျှောက်လေရာရာ၌ နားညောင်းတော်မူကြောင်းတည်း။ 15 ငါတို့တောင်းလျှောက်သမျှ နားညောင်းတော်မူသည်ဟုသိရသည်မှာ တောင်းလျှောက်သည့်ဆုများကို ရရှိပြီဟု သိရကြ၏။ 16 မည်သူမဆိုညီအစ်ကိုချင်းသည် သေဒဏ်မထိုက်သောအပြစ်ပြုမိသည်ကိုသိမြင်လျှင် တောင်းလျှောက်စေ။ သေဒဏ်မထိုက်သူတို့ကို အသက်ရစေတော်မူလိမ့်မည်။ သေဒဏ်ထိုက်သောအပြစ်ရှိ၏။ ထိုအပြစ်နှင့်စပ်၍ တောင်းလျှောက်ရမည်ငါမဆို။ 17 ဒုစရိုက်ဟူသမျှ အပြစ်မှန်သော်လည်း သေဒဏ်မထိုက်သောအပြစ်ရှိ၏။
18 ဘုရားသခင်အားဖြင့်ဖွားရသူမည်သူမဆို မပြစ်မှားဘဲ ဘုရားသခင်ဖြစ်ပွားစေတော်မူသောအရှင် စောင့်ထိန်းတော်မူသဖြင့် မာရ်နတ်ထိခိုက်ခွင့်မရကြောင်း ငါတို့သိကြ၏။ 19 ငါတို့သည် ဘုရားသခင့်ဘက်တော်သားဖြစ်ကြောင်းကိုလည်းေကာင်း၊ တစ်လောကလုံးသည် မာရ်နတ်၏လက်တွင်း၌ ရှိနေကြောင်းကိုလည်းေကာင်း ငါတို့သိကြ၏။ 20 ဘုရားသခင့်သားတော်သည် ကြွလာတော်မူ၍ ဟုတ်မှန်တော်မူသောအရှင်နှင့် ကျွမ်းဝင်ရသောဉာဏ်ကို ငါတို့အားသနားတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည် သားတော်ယေရှုခရစ်၌တည်ရာ ဟုတ်မှန်တော်မူသောအရှင်၌ တည်ကြ၏။ ကိုယ်တော်ကား ဟုတ်မှန်သောဘုရားသခင် ထာဝရအသက်တော်တည်း။ 21 သူငယ်တို့၊ ရုပ်ပွားများမှ ကိုယ်ကိုစောင့်ထိန်းကြလော့။