2
1-2 ငါ့သူငယ်တို့၊ သင်တို့မပြစ်မှားကြစေရန် ဤအကြောင်းအရာများကို သင်တို့ထံငါရေးလိုက်၏။ မည်သူမဆိုပြစ်မှားမိလျှင် ငါတို့အပြစ်များမက တစ်လောကလုံး၏အပြစ်ပြေရာပြေကြောင်းဖြစ်သည့် ဖြောင့်မတ်တော်မူသောယေရှုခရစ်သည် ခမည်းတော့်အပါးတွင် ငါတို့အမှုဆောင်အဖြစ်တည်တော်မူ၏။ ငါတို့သည် ပညတ်တော်များကိုစောင့်ရှောက်လျှင် ကိုယ်တော်နှင့် ကျွမ်းဝင်ကြောင်းသိရကြ၏။ ပညတ်တော်များကိုမစောင့်ရှောက်ဘဲ ကျွမ်းဝင်သည်ဟုဆိုသူသည် ဟုတ်မှန်ခြင်းကင်းလျက် မုသာသုံး၏။ တရားတော်ကိုစောင့်ရှောက်သူ၌မူကား ဘုရားသခင်အား ချစ်ခြင်းမေတ္တာမုချစုံလင်ပြီ။ ထိုသို့သောအားဖြင့်လည်း ငါတို့သည်ကိုယ်တော်၌တည်နေကြောင်းသိရကြ၏။ ကိုယ်တော်၌တည်နေသည်ဟုဆိုသူသည် ကိုယ်တော်ကျင့်ကြံတော်မူသည့်နည်းတူ ကျင့်ကြံသင့်၏။
ချစ်သူတို့၊ ပညတ်သစ်ကိုမဟုတ်၊ အစအဦးကသင်တို့ရရှိရင်းပညတ်တော်ဟောင်းကို ငါရေးလိုက်၏။ ထိုပညတ်တော်ဟောင်းကား သင်တို့ကြားနာခဲ့ရာတရားတော်တည်း။ တစ်နည်းကား မှောင်မိုက်သည်ပျောက်လွင့်ဆဲဖြစ်လျက် အလင်းတော်စစ်ထွန်းလင်းပြီးဖြစ်၍ ကိုယ်တော်၌လည်းေကာင်း၊ သင်တို့၌လည်းေကာင်း၊ ဟုတ်မှန်တိုင်း ပညတ်တော်သစ်ကိုငါရေးလိုက်သည်မှာ၊ အလင်း၌ရှိသည်ဟုဆိုလျက် ညီအစ်ကိုချင်းမုန်းသူသည် ယခုတိုင်အောင်မှောင်မိုက်၌ရှိနေ၏။ 10 ညီအစ်ကိုချင်းချစ်သူသည် တိုက်လဲရန်အကြောင်းကင်းလျက် အလင်း၌တည်နေ၏။ 11 ညီအစ်ကိုချင်းမုန်းသူမူကား မှောင်မိုက်၌နေထိုင်သွားလာလျက် မှောင်မိုက်ကြောင့် မျက်စိကွယ်သည့်အလျောက် မည်သည့်အရပ်သို့သွားသည်ကိုမသိချေ။
12 အချင်းသူငယ်တို့၊ နာမတော့်အတွက်ကြောင့် သင်တို့အပြစ်ပြေလွတ်ပြီးဖြစ်၍ သင်တို့ထံငါရေးလိုက်၏။ 13 အချင်းအဘတို့၊ အစအဦးကတည်တော်မူသော အရှင်နှင့်ကျွမ်းဝင်ကြသောကြောင့် သင်တို့ထံငါရေးလိုက်၏။ အချင်းပျိုရွယ်သူတို့၊ မာရ်နတ်ကိုအောင်ကြပြီးဖြစ်သောကြောင့် သင်တို့ထံငါရေးလိုက်၏။ အချင်းသူငယ်တို့၊ သင်တို့ထံငါရေးခဲ့သည်မှာ အဘခမည်းတော်နှင့်ကျွမ်းဝင်ကြသောကြောင့်တည်း။ 14 အချင်းအဘတို့၊ သင်တို့ထံငါရေးခဲ့သည်မှာ အစအဦးကတည်တော်မူသောအရှင်နှင့် ကျွမ်းဝင်ကြသောကြောင့်တည်း။ အချင်းပျိုရွယ်သူတို့၊ သင်တို့ထံငါရေးခဲ့သည်မှာ ဘုရားသခင်တရားတော်သည် သင်တို့၌တည်လျက် သင်တို့ခွန်အားရှိ၍ မာရ်နတ်ကိုအောင်ကြသောကြောင့်တည်း။ 15 ဤလောကကိုလည်းေကာင်း၊ လောကရှိအရာများကိုလည်းေကာင်း မနှစ်သက်ကြနှင့်။ ဤလောကကိုနှစ်သက်သူသည် အဘခမည်းတော်ကိုနှစ်သက်သူမဟုတ်။ 16 အသို့ဆိုသော် ဤလောက၌ဖြစ်တတ်သမျှတည်းဟူသော ရုပ်ခန္ဓာ့တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ စည်းစိမ်ဝင့်ဝါခြင်းများသည် အဘခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။ 17 ဤလောကမှစ၍ ဆိုင်ရာတပ်မက်ခြင်းသည် ပျောက်လွင့်ဆဲဖြစ်၏။ ဘုရားသခင့်အလိုတော်ကို ဆောင်ရွက်သူမူကား ကာလအစဉ်တည်နေ၏။
18 အချင်းသူငယ်တို့၊ အန္တိမကာလတိုင်ရောက်ပြီ။ ခရစ်တော်၏ရန်ဘက်တော် ပေါ်လာမည်ဟု သင်တို့ကြားဘူးသည့်အတိုင်း ယခုပင်အများပေါ်လာကြပြီးဖြစ်၍ အန္တိမကာလရောက်ကြောင်းငါတို့သိရကြ၏။ 19 ထိုသူတို့သည် ငါတို့ဘောင်မှထွက်သွားကြသော်လည်း ငါတို့နှင့်စပ်ဆိုင်သူများမဟုတ်။ ငါတို့နှင့်စပ်ဆိုင်ခဲ့လျှင် အတူတကွမုချနေကြလေပြီ။ ချင်းတို့ရှိသမျှသည် ငါတို့နှင့်မစပ်ဆိုင်ကြောင်း ထင်ရှားစေခြင်းငှါ ထွက်သွားကြ၏။ 20 သင်တို့ရှိသမျှမှာမူ သန့်ရှင်းတော်မူသောအရှင့်ထံမှဘိသိက်ခံရသည့်အလျောက် အသိပညာရကြပြီ။ 21 သမ္မာတရားကိုမသိကြသောကြောင့် ငါရေးလိုက်သည်မဟုတ်။ သမ္မာတရားကိုလည်းေကာင်း၊ မည်သည့်မုသာမျှ သမ္မာတရားနှင့်မစပ်ဆိုင်သည်ကိုလည်းေကာင်း၊ သင်တို့သိကြသောကြောင့်ရေးလိုက်၏။ 22 မုသာသုံးသူမှာ မည်သူနည်း။ ယေရှုကိုခရစ်တော်မဟုတ်ဟု ငြင်းဆိုသူဖြစ်၏။ ခမည်းတော်နှင့်သားတော်ကိုငြင်းဆိုသူကား ခရစ်တော်၏ ရန်ဘက်တော်တည်း။ 23 သားတော်ကိုငြင်းဆိုသူ၌ ခမည်းတော်မရှိ။ သားတော်ကိုဝန်ခံသူ၌မူကား ခမည်းတော်ရှိ၏။ 24 အစအဦးကကြားနာခဲ့သောအရာသည် သင်တို့၌တည်စေကြလော့။ အစအဦးကကြားနာခဲ့သော အရာတည်လျှင် သင်တို့သည် သားတော်၌လည်းေကာင်း၊ ခမည်းတော်၌လည်းေကာင်း တည်ကြလိမ့်မည်။ 25 ငါတို့အား ထားတော်မူသောကတိကား ထာဝရအသက်တည်း။ 26 သင်တို့အားလှည့်ဖြားလိုသူတို့နှင့်စပ်၍ ဤအကြောင်းအရာများကို ငါရေးလိုက်သော်လည်း၊ 27 သင်တို့၌ ကိုယ်တော့်ထံမှခံရသောဘိသိက်တော်တည်ရှိသဖြင့် မည်သူသွန်သင်ရန်မျှမလို။ မုသာကင်း၍ ဟုတ်မှန်သောဘိသိက်တော်သည် အရာရာကိုသွန်သင်သည့်ပြင် သွန်သင်တော်မူခဲ့သည့်အတိုင်း သင်တို့တည်နေကြပြီ။ 28 သို့ဖြစ်၍ သူငယ်တို့၊ ကိုယ်တော်၌တည်နေကြဦး။ သို့မှထင်ရှားတော်မူသည့်ကာလ ငါတို့သည် အပါးတော်တွင်ရှက်ကြောက်၍ မတွန့်ဆုတ်ဘဲ ရဲရင့်ခွင့်ရကြလိမ့်မည်။ 29 ကိုယ်တော်ဖြောင့်မတ်တော်မူကြောင်း သိကြသည်နှင့်အညီ ဖြောင့်မတ်စွာပြုကျင့်သူတိုင်းလည်း ကိုယ်တော်အားဖြင့် ဖွားရကြောင်းသိကြလော့။