ယောဟန်၏ဩဝါဒကျမ်း
ပဌမစောင်
1
1-2 ထင်ရှားပြီးသောအသက်တော်၊ ခမည်းတော်အပါးတွင်တည်လျက် ငါတို့အားထင်ရှားပြီး ထာဝရအသက်တော်ကိုငါတို့မြင်ရလျက် သင်တို့အားသက်သေခံ၍ ကြားပြောသည့်အတိုင်း အသက်တော်တည်းဟူသော နှုတ်ကပတ်တော်နှင့်စပ်လျဉ်း၍ အစအဦးကပင်တည်ရာ ကိုယ်တိုင်တို့ကြားရလျက်၊ ဒိဋ္ဌမြင်ခဲ့ရာ၊ သိမြင်၍ကိုယ့်လက်နှင့်စမ်းသပ်ခဲ့ရာအရေး၊ ငါတို့နှင့်အတူ သင်တို့လည်းဆက်ဆံခွင့်ရကြအံ့သောငှာ ထိုသို့သိမြင်ကြားနာခဲ့ရာအရေးကိုပင် သင်တို့အားကြားပြောကြသတည်း။ ငါတို့သည်ခမည်းတော်နှင့်လည်းေကာင်း၊ သားတော်ယေရှုခရစ်နှင့်လည်းေကာင်း၊ ဆက်ဆံခွင့်ရကြပြီဖြစ်၍ အပြည့်အစုံဝမ်းမြောက်ရအံ့သောငှါ ဤအကြောင်းအရာများကို ငါတို့ရေးလိုက်၏။
ကိုယ်တော့်ထံမှ ငါတို့နာယူ၍ သင်တို့အားပြန်ကြားရသောဗျာဒိတ်တော်မှာ ဘုရားသခင်သည်အလင်းဖြစ်လျက် ကိုယ်တော်၌ မှောင်မိုက်အလျှင်းမရှိကြောင်းတည်း။ ငါတို့သည် ကိုယ်တော်နှင့်ဆက်ဆံခွင့်ရသည်ဟုဆိုလျက် မှောင်မိုက်၌သွားလာလျှင် အဟုတ်အမှန်မကျင့်ကြံဘဲ မုသာသုံးကြ၏။ အလင်း၌ ကိုယ်တော်တည်နေတော်မူသည့်နည်းတူ အလင်း၌သွားလာလျှင်မူကား အချင်းချင်းဆက်ဆံခွင့်ရကြလျက် သားတော်ယေရှု၏အသွေးတော်သည် အပြစ်အမျိုးမျိုးနှင့် ငါတို့ကိုစင်ကြယ်စေ၏။ အပြစ်မရှိဟုငါတို့ဆိုလျှင် ဟုတ်မှန်ခြင်းကင်းလျက် ကိုယ်ကိုလှည့်စားကြ၏။ အပြစ်ဝန်ချကြလျှင်မူကား ကိုယ်တော်သည်သစ္စာစောင့်၍ ဖြောင့်မတ်တော်မူသဖြင့် ထိုအပြစ်များကိုဖြေလွတ်လျက် ဒုစရိုက်အမျိုးမျိုးနှင့် စင်ကြယ်စေတော်မူမည်။ 10 ပြစ်မှားဘူးသည်မဟုတ်ဟုငါတို့ဆိုလျှင် မုသာသုံးတော်မူသည်ဟုဆိုရာရောက်လျက် တရားတော်သည် ငါတို့၌ မတည်ချေ။