9
သို့ရာတွင် အကျဉ်းအကျပ်ခံခဲ့ဘူးသောပြည်၌၊ မှိုင်းအုန်ခြင်းတည်မည်မဟုတ်။ အတိတ်ကာလ၌ ဇာဗုလုန်နယ်၊ နဿလိနယ်များကိုရှုတ်ချသော်လည်း အနာဂတ် ကာလတွင် ယောဒန်မြစ်တစ်ဘက်၊ ပင်လယ်နားတစ်ေလျှာက်၊ လူမျိုးခြားတို့နေရာခရိုင်ကိုဂုဏ်တင်တော်မူဦးမည်။ မှောင်မိုက်၌သွားလာရသောလူမျိုးသည်၊ ကြီးစွာသောအလင်းကိုမြင်ရ၍၊ သေမင်းအရိပ်တွင်ထိုင်နေရသူတို့အပေါ်၌လည်း၊ အလင်းတောက်ပလိမ့်မည်။ ကိုယ်တော်သည် လူမျိုးတော်ကိုများပြားစေ၍ ဝမ်းမြောက်ဖွယ်အကြောင်းကိုလည်းတိုးပွားစေတော်မူသဖြင့်၊ ရိတ်သိမ်းချိန်၌ ပျော်ရွှင်သကဲ့သို့လည်း‌ေကာင်း၊လက်ရဥစ္စာကို ဝေမျှသည့်အခါ ရွှင်လန်းသကဲ့သို့လည်း‌ေကာင်း၊ ရှေ့တော်တွင် ဝမ်းမြောက်ကြပါ၏။ အဘယ့်ကြောင့်ဆိုသော်၊ သူတို့ထမ်းရသောထမ်းပိုးကိုလည်း‌ေကာင်း၊ ကျောဒဏ်ခတ်သောတုတ်ကိုလည်း‌ေကာင်း၊ ညှဉ်းပန်းသူ၏ လှံတံကိုလည်း‌ေကာင်း၊ မိဒျန်လူမျိုးပေါ်တွင်အောင်ပွဲနေ့နည်းတူ၊ ချိုးဖြတ်တော်မူ၍၊ စစ်ပွဲစီးနင်းသောဖိနပ်နှင့်အသွေးစွန်းသောအဝတ်တန်ဆာရှိသမျှသည်၊ မီးလောင်စာဖြစ်ရလိမ့်မည်။ 6-7 အသို့ဆိုသော်၊ တရားစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းများဖြင့် ယခုမှစ၍ကမ္ဘာအဆက်ဆက်ဒါဝိဒ်မင်း၏ရာဇပလ္လင်တော်၊ နိုင်ငံတော်ခိုင်ခံ့တည်မြဲလျက်၊ အာဏာတော်တိုး တက်လျက်၊ ငြိမ်သက်ခြင်းမဆုံးမကုန်စေခြင်းငှာ၊ ငါတို့အဖို့သူငယ်ကိုဖွားစေ၍ သားကိုပေးသနားတော်မူသဖြင့်၊ ထိုသူငယ်သည်၊ အာဏာစက်ကို ထမ်းဆောင်လျက်၊ အမည် ကား၊ အံ့ဖွယ်သောတိုင်ပင်ရှင်၊ တန်ခိုးကြီးသောဘုရား၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းမင်းဟု ခေါ်ဝေါ်ကြလတ္တံ့။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏ စေတနာထက်သန်တော်မူခြင်း အားဖြင့် ထိုသို့ပြီးမြောက်လိမ့်သတည်း။
ယာကုပ်အမျိုးသို့ အရှင်ဘုရားစေသောဗျာဒိတ်တော်သည်၊ ဣသရေလလူမျိုးအပေါ်တွင်သက်ရောက်သဖြင့်၊ 9-10 အုတ်တိုက်များပြိုသော်လည်း၊ ကျောက်ဆစ်ဖြင့်တည်ဆောက်ခြင်း။ ပိုးစာသားကျသော်လည်း၊ သစ်ကတိုးသားလဲလှယ်ခြင်း၊ ပြုဦးမည်ဟု မာနမြင့်လျက်ထောင်လွှားသော ရှမာရိမြို့တော်၊ ဧဖရိမ်ပြည်နေထိုင်သူအပေါင်းတို့သည် သိရကြလိမ့်မည်။ 11 ထာဝရဘုရားသည် ရေဇိန်မင်း၏ရန်ဘက်တို့ကိုပေါ်ထွန်းစေ၍။ ဣသရေလလူမျိုး၏ရန်သူတို့ကိုနှိုးဆော်တော်မူသဖြင့်၊ 12 ရှေ့ကရှုရိလူမျိုး၊ နောက်ကဖိလိတ္တိလူမျိုးတို့သည် ခံတွင်းဟလျက်၊ ဣသရေလလူမျိုးကိုမျိုစားကြလိမ့်မည်။ ထိုမျှဖြစ်သော်လည်း၊ အမျက်တော်မပြေ၊ လက်ရုံးတော် မရုတ်သေးလေစွတကား။
13 သို့ရာတွင် လူမျိုးတော်သည် ဒဏ်ခတ်တော်မူသောအရှင့်ထံမပြန်။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကိုမရှာချေ။ 14 ထို့ကြောင့် ထာဝရဘုရားသည် ဣသရေလလူမျိုးမှ ဦးခေါင်းနှင့်အမြီးကိုလည်း‌ေကာင်း၊ စွန်ပလွံလက်နှင့်ကိုင်းပင်ကိုလည်း‌ေကာင်း၊ နေ့ချင်းခုတ်ဖြတ်တော်မူလိမ့်မည်။ 15 ဦးခေါင်းကား လူကြီးနှင့်မျက်နှာကြီးတို့တည်း။ အမြီးကား မုသာသွန်သင်သောပရောဖက်တို့တည်း။ 16 လမ်းပြတို့သည် လူမျိုးတော်ကိုလွဲစေသဖြင့်၊ လိုက်လျှောက်သူတို့ဆုံးပါးကြပြီ။ 17 ရှိသမျှတို့သည် လူသရော်လူပျက်၊ လူဆိုးလူသွမ်းများဖြစ်သည့်ပြင်၊ ယုတ်မာစွာနှုတ်ထွက်တတ်သောကြောင့်၊ အရှင်ဘုရားသည်ထိုသူတို့လက်ရွေးတို့ကိုနှစ်သက်တော် မမူ။ ဖသက်ဆိုးနှင့် မုဆိုးမတို့ကိုလည်း၊ သနားတော်မမူ။ ထိုမျှဖြစ်သော်လည်း၊ အမျက်တော်မပြေ၊ လက်ရုံးတော်မရုတ်သေးလေစွတကား။
18 အသို့ဆိုသော် ဆိုးသွမ်းခြင်းသည် မီးကဲ့သို့လောင်၍၊ ဆူးချုံ၊ ရှားစောင်းတောကိုကျွမ်းလောင်လျက်၊ တောပိတ်ပေါင်းကိုလည်း မီးစွဲသဖြင့်၊ အခိုးလူလူတက်လေ၏။ 19 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားအမျက်တော်ရှိန်ကြောင့်၊ တစ်ပြည်လုံးကျွမ်းသည့်ပြင်၊ ပြည်သူပြည်သားတို့လည်း မီးစာဖြစ်လျက်၊ အချင်းချင်းမညှာတာဘဲ၊ 20-21 လက်ျာကခုတ်ယူခြင်း၊ လက်ဝဲကခဲမျိုခြင်းပြုကြသော်လည်းမဝ၊ ငတ်မွတ်ခြင်းရှိသေးလျက်၊ မနာရှေအနွယ်သည် ဧဖရိမ့်အနွယ်ကိုလည်း‌ေကာင်း၊ ဧဖရိမ့်အနွယ်သည် မနာရှေ့ အနွယ်ကိုလည်း‌ေကာင်း၊ ထိုနှစ်နွယ်လုံးပင် ယုဒလူမျိုးကိုလည်း‌ေကာင်း၊ ကိုယ့်လက်ရုံးသားသဖွယ်၊ အချင်းချင်းစားမျိုကြရ၏။ ထိုမျှဖြစ်သော်လည်း၊ အမျက်တော်မပြေ၊ လက်ရုံးတော်မရုပ်သေးလေစွတကား။