8
1-2 တစ်ဖန်ထာဝရဘုရားက၊ ကြီးကျယ်သောသင်ပုန်းကိုကိုင်ပြီးလျှင်၊ 8.1-2 အဓိပ္ပါယ်ကား၊ အလုအယက်လျင်ခြင်း၊ အသုံ့အဘမ်းများခြင်း၊မဟာရရှာလလဟာရှဗတ်အဖို့ဟု၊ အဖတ်လွယ်သောအက္ခရာဖြင့်ရေးသားလော့။ သစ္စာစောင့်သူ ပရောဟိတ်ဥရိယနှင့်ယေဗရခိ၏သားဇာခရိတို့ကို၊ သက်သေအဖြစ်ဖြင့် ငါခန့်ထားမည်ဟုငါ့အားမိန့်တော်မူပြီးနောက်၊ ပရောဖက်ကတော်နှင့်ငါသင့်မြတ်သဖြင့်၊ သန္ဓေတည်၍သားယောက်ျားကိုဖွားမြင်ရာ၊ ထာဝရဘုရားက ထိုသားကိုမဟေရရှာလလဟာရှဗတ်ဟု အမည်မှည့်လော့။ အသို့ဆိုသော် အမိအဘဟုထိုသူငယ်မခေါ်တတ်မီ ဒမာသက်မြို့၏စည်းစိမ်၊ ရှမာရိမြို့ရှိဥစ္စာများကို ရှေ့ဆောင်၍ အာရှုရိဘုရင်သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။
5-6 တစ်ဖန်ထာဝရဘုရားမိန့်တော်မူပြန်သည်ကား။ ဤလူမျိုးသည် ဖြည်းဖြည်းစီးဆင်းသောရှိလောင်ချောင်းရေကို ငြင်းပယ်၍၊ ရေဇိန်မင်းနှင့်ရေမလိသားတို့ကိုနှစ်သက် သောကြောင့်၊ အာရှုရိဘုရင်မှစ၍၊ အလုံးအရင်းတည်းဟူသော၊ သန်မြန်လျက်များပြားသည့်မြစ်ရေဘေးကို ထိုလူမျိုးအပေါ်တွင် အရှင်ဘုရားသင့်ရောက်စေတော်မူသဖြင့်၊ ရေစီး ရေချောင်းရှိသမျှနှင့်ကမ်းရှိသမျှကိုပြည့်လျှံလွှမ်းမိုးပြီးလျှင်၊ ယုဒပြည်ရောက်စီးဆင်းသွားရာ၊ လည်ပင်းတိုင်ထိလျက် မြစ်အတောင်ဖြန့်ခြင်းဖြင့်၊ သင့်ပြည်လုံးနှံ့အုပ်မိုးလိမ့်မည်၊ အချင်းဧမာနွေလဟုမိန့်တော်မူ၏။
အချင်းလူမျိုးတို့ သောင်းကျန်းကြဦး။ ပျက်ပြားရကြလတ္တံ့။ ဝေးကွာသော ပြည်သူပြည်သားအပေါင်းတို့၊နာယူကြလော့။ခါးစည်းကြဦး။ပျက်ပြားရကြလတ္တံ့။ခါးစည်းကြဦး။ ပျက်ပြားရကြလတ္တံ့။ 10 နှီးနှောတိုင်ပင်ကြဦး။ အကျိုးမဲ့ဖြစ်၍ တိုင်ပင်ချက်ကိုဖွင့်ပြသော်လည်း၊ မတည်ရ။ အကြောင်းမူကား ဘုရားသခင်သည်၊ ငါတို့နှင့်အတူရှိတော်မူသောကြောင့်တည်း။ 11 ထာဝရဘုရားသည် လက်ရုံးတော်ဖြင့် ငါ့ကိုအုပ်မိ၍၊ ဤလူမျိုး၏နည်းလမ်းသို့မလိုက်ရဟုဆုံးမတော်မူသည်မှာ၊ 12 ဖွဲ့စည်းကြံစည်ခြင်းဟု ဤလူမျိုးခေါ်ဝေါ်သောအရာရာကိုသင်တို့မခေါ်ရ။ ချင်းတို့ကြောက်ရွံ့ရာကို၊ ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိကြလင့်။ 13 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားကိုသီးသန့်၍ ကြောက်မက်ထိတ်လန့်ဖွယ်မှတ်ကြလော့။ 14 သို့ပြုလျှင်ကိုယ်တော်သည်၊ သင်တို့ခိုလှုံရာဖြစ်လေအံ့။ ဣသရေလလူမျိုးနှစ်မျိုးတွင်မူကား၊ တိုက်လဲရာကျောက်၊ ထိလဲရာကျောက်ဖြစ်သည့်ပြင်၊ ယေရုရှလင်မြို့သူ မြို့သားတို့၌၊ ထောင်ကိုင်းနှင့်ညွတ်ကွင်းသဖွယ်ဖြစ်တော်မူလျက်၊ 15 အများတို့သည် တိုက်လဲ၍ကျိုးပဲ့ခြင်း၊ ကျော့ညိ၍ ဖမ်းမိခြင်းသို့ရောက်ကြလတ္တံ့ဟုမိန့်တော်မူ၏။
16 သက်သေခံတော်မူချက်ကိုပတ်စည်း၍ ပညတ်တရားကိုလည်း အကျွန်ုပ်၏တပည့်တို့အတွင်းတံဆိပ်ခတ်ပိတ်တော်မူပါ။ 17 ယာကုပ်အမျိုးသားတို့မှ မျက်နှာလွှဲတော်မူသော ထာဝရဘုရားကို၊ ငါစောင့်စားေမျှာ်လင့်ပါလိမ့်မည်။ 18 ငါမှစ၍ ထာဝရဘုရားပေးသနားတော်မူသောသားတို့သည်၊ ဇိအုန်တော်ပေါ်တွင် ကိန်းဝပ်တော်မူသောဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံမှ ဣသရေလလူမျိုးတို့ရှေ့၊ သက်သေနိမိတ်လက္ခဏာများဖြစ်ကြသတည်း။
19 လေသံနှင့်ရွတ်တတ်သောကဝေနှင့်မှော်ဆရာတို့ထံမေးမြန်းကြလော့။ လူမျိုးတိုင်းကိုယ့်နတ်များထံမေးမြန်းခြင်း၊ ရှင်သူတို့အတွက် သေသူတို့ထံမေးမြန်းခြင်းမပြုအပ် သလောဟု၊ သင်တို့အားတိုက်တွန်းကြပါက၊ 20 ပညတ်တရားတော်နှင့်သက်သေခံတော်မူချက်ကိုမှီကပ်ကြလော့။ ထိုဗျာဒိတ်တော်နှင့်မညီကြလျှင်၊ နေအရုဏ်ကိုမတွေ့ရကြ။ 21 ကျဉ်းကျပ်မွတ်သိပ်ခြင်းကိုခံလျက်၊ သွားလာရသောကြောင့်၊ မွတ်သိပ်သဖြင့်အမျက်ထွက်၍၊ ကိုယ့်ဘုရင်၊ ကိုယ့်ဘုရားကိုပုတ်ခတ်ပြောဆိုလျက်၊ 22 အထက်သို့မော့၍ဖြစ်စေ၊ မြေသို့ငုံ့၍ဖြစ်စေ၊ ကြည့်လျှင်ပင်ပန်း၍ မှိုင်းအုန်ခြင်းနှင့်အကျဉ်းအကျပ်မှောင်ကိုသာတွေ့သဖြင့်၊ မှောင်ထဲသို့နှင်ထုတ်ခြင်းကိုခံရကြလိမ့် သတည်း။