6
ဩဇိမင်းကွယ်လွန်သောနှစ်တွင် အရှင်ဘုရားသည် မွန်မြတ်ကြီးမြင့်သောပလ္လင်ထက်စံတော်မူသည်ကိုငါမြင်ရသည်မှာ၊ အဝတ်တော့်အမြိတ်သည် ဘုံဗိမာန်တော် အစွန်းသို့ရောက်လျက်ရှိ၏။ တမန်စရာပတို့သည်၊ တစ်ပါးလျှင် အတောင်သုံးစုံရှိ၍တစ်စုံဖြင့်မျက်နှာကိုကွယ်ကာလျက်၊ တစ်စုံဖြင့်ခြေကိုဖုံးအုပ်လျက်၊ တစ်စုံဖြင့်ပျံဝဲလျက်၊ ရှေ့တော်တွင် ခစားကြရာ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ သန့်ရှင်း၊ သန့်ရှင်း၊ သန့်ရှင်းတော်မူ၏။ မြေတစ်ပြင်လုံးသည် ဘုန်းအာနုဘော်တော်နှင့်ပြည့်လျက်ရှိသည်ဟု၊ သံတိုင်သံပေါက် ကြွေးကြော်ကြကုန်၏။ ထိုအသံကြောင့်ဗိမာန်တော်ဝ အခြေအမြစ်လှုပ်ရှား၍၊ တစ်ဗိမာန်လုံးမီးခိုးပြည့်သဖြင့်၊ ငါက၊ မစင်ကြယ်သောနှုတ်ခမ်းရှိသည့်ပြင်၊ မစင်ကြယ်သောနှုတ်ခမ်းရှိလူမျိုးတွင် နေထိုင်လျက်၊ ဘုရင်မင်းမြတ်ဖြစ်သောဗိုလ်ခြေတို့အရှင်ထာဝရဘုရားကိုဒိဋ္ဌဖူးတွေ့ရသည်မှာ၊ ငါ၌အကျိုးနည်းလေစွ။ အမင်္ဂလာရှိသည်တကားဟုဆိုသော်၊ စာရာပတစ်ပါးသည် ပူဇော်ရာပလ္လင်ပေါ်မှ ညှပ်ယူပြီးမီးကျီးကိုကိုင်လျက်၊ ငါ့ထံပျံဝဲပြီးလျှင်၊ နှုတ်ကိုတို့၍နှုတ်ခမ်းကိုဤမီးကျီးတို့ခြင်းဖြင့်၊ သင်ဒုစရိုက်ပြစ်မှုပြေလွတ်ကင်းရှင်းပြီဟုဆိုလေ၏။ ထို့နောက်၊ မည်သူ့ကိုစေလွှတ်ရအံ့နည်း။ ငါတို့အတွက်မည်သူသွားမည်နည်းဟု၊ အရှင်ဘုရားမေးတော်မူသံကိုကြားရလျှင်၊ အကျွန်ုပ်ရှိပါ၏၊ စေလွှတ်တော်မူပါဟုငါ လျှောက်ဆိုရာ၊ သွားလော့၊ ကြားလျက်ပင်နားမလည်ရ၊ ကြည့်လျက်ပင်မသိမမြင်ရဟု ထိုလူမျိုးအားဆင့်ဆိုလော့။ 10 ဤလူမျိုးသည် မျက်စိနှင့်မြင်ခွင့်နားနှင့်ကြားခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက်၊ ချမ်းသာရရန်ပြန်လာခွင့်မရှိစေခြင်းငှာစိတ်နှလုံးကိုထိုင်းမှိုင်းစေ၍နားကိုလေးစေ သည့်ပြင်၊ မျက်စိကိုလည်းဖုံးအုပ်လော့ဟု မိန့်တော်မူသော်၊ 11 အိုအရှင်ဘုရားမည်မျှတိုင်နည်းဟုမေးလျှောက်လျှင်၊ မြို့များ၊ အိမ်များ၌ နေထိုင်သူကင်း၍ မြို့ဆိုးကုန်းဖြစ်လျက် လယ်မြေလည်း ဖုန်းဆိုးဖြစ်လျက် 12 လူတို့ကိုငါထာဝရဘုရားကွာဝေးစေ၍ နေပြည်အတွင်းက ထွက်ခွာရာများသည့်တိုင်အောင်တည်း။ 13 နေပြည်တွင် ဆယ်စုတစ်စုကျန်ကြွင်းခဲ့လျှင် ကျွမ်းလောင်ခြင်းကိုခံရဦးမည်။ ခုတ်လှဲရာသပိတ်ပင်၊ ညန်ပင်ငုတ်ကျန်သည့်နည်းတူ နေပြည်အငုတ်ကား သီးသန့်သော အဆက်အနွယ်တည်းဟုမိန့်တော်မူ၏။