58
ငါ့လူမျိုးတော်အား၊ ကိုယ့်လွန်ကျူးမှုများကိုလည်း‌ေကာင်း၊ ယာကုပ်အမျိုးသားတို့အား၊ ကိုယ့်ပြစ်မှုများကိုလည်း‌ေကာင်း၊ တံပိုးကဲ့သို့အသံလွှင့်၍မချုပ်တည်းဘဲ၊ ကြီးစွာအော်ဟစ်ဖော်ပြလော့။ သို့ရာတွင်၊ ထိုသူတို့သည် ငါ့ကိုနေ့စဉ်ရှာဖွေလျက်၊ နည်းလမ်းတော်များကိုသိလိုသောဆန္ဒရှိ၏။ တရားအတိုင်းပြုကျင့်၍၊ ကိုယ့်ဘုရားဥပဒေသကိုမစွန့်မပယ်သောလူမျိုးနည်းတူ၊ ငါ့ထံမှတရားနှင့်ယှဉ်သောဥပဒေသများကိုတောင်းလျက်၊ ငါဘုရားထံချဉ်းကပ်လိုသောဆန္ဒရှိကြသည်တကား။ အကျွန်ုပ်တို့အစာရှောင်ကြသောအခါ၊ ကိုယ်တော်ကိုသိမြင်တော်မမူခြင်း၊ ခြိုးခြံစွာပြုကြသောအခါ၊ သိမှတ်တော်မမူခြင်းကား၊ အသို့နည်းဟုဆိုရာ၌၊ သင်တို့သည်အစာရှောင်သောနေ့တွင် ကျွန်များကိုအနိုင်အထက်ခိုင်းလျက်၊ ကိုယ့်အမှုအရေးကိုသာတွေ့တတ်ကြ၏။ ဖက်ပြိုင်ရန်တွေ့လျက် အဓမ္မလက်သီးထိုးသတ်ရအံ့သောငှာ၊ အစာရှောင်တတ်ကြ၏။ ပဌနာပြုသံကိုဘဝဂ်တိုင်ကြားသိစေရန်၊ ယနေ့မှအစာရှောင်ခြင်းမပြုကြသောကြောင့်တည်း။ ငါသဘောကျသော အစာရှောင်ခြင်းနေ့၊ ခြိုးခြံစွာပြုခြင်းနေ့ကား၊ ထိုသို့ပင်လော။ ကိုင်းပင်ကဲ့သို့ဦးညွတ်လျက်၊ လျှော်တေနှင့်ပြာကိုခင်းကျင်းခြင်းကို၊ ထာဝရဘုရား လက်ခံဖွယ်အစာရှောင်ခြင်းနေ့ဟုခေါ်မည်လော။ ငါသဘောကျသောအစာရှောင်ခြင်းကား၊ မတရားသောအနှောင်အဖွဲ့များကိုဖြည်ခြင်း၊ ထမ်းပိုးကြိုးများကိုဖြုတ်ခြင်း၊ နှိပ်စက်ခံရသူတို့ကို အလွတ်ထားခြင်း၊ ထမ်းပိုး ရှိသမျှကိုချိုးဖြတ်ခြင်းဖြစ်သည်မဟုတ်လော။ မွတ်သိပ်သူ့ကိုအစာကျွေးခြင်း၊ နေရာမဲ့ဆင်းရဲသူ့ကိုကိုယ့်အိမ်သို့ဆောင်သွင်းခြင်း၊ တွေ့ကြုံသောအဝတ်မဲ့သူကိုခြုံလွှမ်းခြင်း၊ ညာတကာတို့မှမလွှဲမရှောင်ခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့ပြုလျှင် သင့်အလင်းသည် အရုဏ်ကဲ့သို့ပေါ်ထွက်၍၊ ကျန်းမာခြင်းလည်း အလျင်အမြန်ရောက်လိမ့်မည်။ သင့်ဖြောင့်မတ်ခြင်းအကြောင်းသည်၊ ရှေ့ကချီကြွ၍ ငါဘုရားသခင်ဘုန်းတော်လည်း၊ တပ်မသဖွယ်ဖြစ်လိမ့်မည်။ သင်ခေါ်သောအခါ၊ ငါထာဝရဘုရားထူးလိမ့်မည်။ အော်ဟစ်သောအခါ ငါရှိသည်ဟုမိန့်ဆိုလိမ့်မည်။ နေပြည့်အလယ်တွင်ထမ်းပိုးတင်ခြင်း၊ လက်ညှိုးထိုးခြင်း၊ မကောင်းပြောဆိုခြင်းများကိုပယ်ရှားလျှင်လည်း‌ေကာင်း၊ 10 မွတ်သိပ်သူ့အား၊ သင့်အသက်မွေးစာကိုပေးကမ်း၍ သူဆင်းရဲအား၊ ရောင့်ရဲစေလျှင်လည်း‌ေကာင်း၊ မှောင်ကျရာတွင်သင့်အလင်းသည်အာရုဏ်တက်လျက်၊ သင့်အမိုက်တိုက်လည်း မွန်းတည့်သဖွယ်ဖြစ်သည့်ပြင်၊ 11 ငါထာဝရဘုရားသည် သင့်ကိုအစဉ်လမ်းပြခြင်း၊ ရေခေါင်သောကာလ၊ အာရုံပြေခြင်း၊ အရိုးသန်မာစေခြင်းများကိုပြုသဖြင့်၊ ရေသွင်းသောဥယျာဉ်ကဲ့သို့လည်း‌ေကာင်း၊ မကုန်မခန်းနိုင်သောစမ်းရေကဲ့သို့လည်း‌ေကာင်း သင်ဖြစ်လိမ့်မည်။ 12 သင့်အမျိုးအနွယ်သည်၊ ရှေးကာလလူအစဉ်အဆက်မြို့ဆိုးကုန်းအမြစ်အခြေပေါ်တွင်၊ ပြုစုတည်ဆောက်သဖြင့် မြို့ရိုးပေါက်ဖာသူ နေထိုင်ရာလမ်းများပြုပြင်သူဟု သမုတ်ခြင်းကို၊ သင်ခံရလိမ့်မည်။ 13 သင်သည်ငါသီးသန့်ထားသောဥပုသ်နေ့တွင် ကိုယ့်အမှုအရေးကိုမဆောင်ရွက်ဘဲ၊ ခြေလှမ်းဖယ်လျက်၊ ဥပုသ်နေ့ကိုမွေ့လျော်ရာအကြောင်းဟူ၍လည်း‌ေကာင်း၊ ငါထာဝရဘုရား သီးသန့်ထားသောနေ့ကိုလေးမြတ်ဖွယ်အကြောင်းဟူ၍လည်း‌ေကာင်း၊ ဝန်ခံသည်နှင့် ကိုယ့်အလေ့အလာ၊ အပြောအဆို၊ အမှုအရေးများကို မပြုမကျင့်ဘဲ၊ ရိုသေလေးမြတ်လျှင်၊ 14 ငါထာဝရဘုရား၌ မွေ့လျော်ခွင့်ရလိမ့်မည်။ ငါလည်းနှုတ်မြွက်သောဗျာဒိတ်နှင့်အညီ၊ နေပြည်ရှိမြင့်မြတ်ရာအရပ်များ၌စီးနင်းခွင့်၊ သင့်အဘယာကုပ်၏ပိုင်ရာကို သုံးဆောင်ခွင့်ပေးလိမ့်မည်။