56
ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ကယ်တင်တော်မူခြင်းရောက်ချိန်၊ အောင်မြင်တော်မူခြင်း ထင်ရှားချိန်တိုင်လုပြီးဖြစ်၍၊ တရားစောင့်လျက်ဖြောင့်မတ်စွာပြုကျင့်ကြလော့။ ဥပုသ်နေ့ကိုမဖျက်ဘဲစောင့်ခြင်း၊ ဒုစရိုက်မပြုမိစေရန် လက်ကိုချုပ်တည်းခြင်းပြုကျင့်သောသူ၊ စွဲမြဲသော လူ့သားသည် မင်္ဂလာရှိ၏။ ငါထာဝရဘုရားကိုမှီဝဲသောလူမျိုးခြားကား၊ ထာဝရဘုရားသည် ငါ့ကို လူမျိုးတော်နှင့်ခွဲခြားစေလိမ့်မည်ဟူ၍လည်း‌ေကာင်း၊ မိန်းမစိုးကလည်း၊ ငါသည် သွေ့ခြောက်သောအပင် ဖြစ်သည်ဟူ၍လည်း‌ေကာင်း မဆိုရ။ ငါ၏ဥပုသ်နေ့ကိုစောင့်လျက်၊ နှစ်သက်တော်မူရာများကို ရွေးချယ်၍၊ ပဋိညာဉ်တော်ကိုစွဲမြဲသော မိန်းမစိုးတို့နှင့်စပ်လျဉ်း၍ ငါထာဝရဘုရားဗျာဒိတ်တော်ရှိသည်မှာ၊ သားသမီးထက်မြတ်သောသညာကမ္ဗည်းကို၊ ငါ့ဗိမာန်၊ ငါ့တံတိုင်းအတွင်းတွင်၊ ထိုသူတို့အားပေး၍၊ မပြတ်မစဲနိုင်သောနိယမအမည်ဖြင့် မှည့်လိမ့်မည်။ ငါထာဝရဘုရား၏ကျွန်အဖြစ်ဖြင့်၊ နာမတော်ကိုကြည်ညိုလျက်၊ အမှုတော်ကို ဆောင်ရွက်ခွင့်ရစေရန်၊ ငါ၌မှီဝဲ၍၊ ဥပုသ်နေ့ကိုမဖျက်ဘဲစောင့်လျက်၊ ပဋိညာဉ်တော်ကို စွဲမြဲသောလူမျိုးခြားရှိသမျှတို့ကိုလည်း၊ သန့်ရှင်းသောငါ့တောင်တော်သို့ ခေါ်ဆောင်သည့်ပြင်၊ ငါ့ဗိမာန်တော်ကို လူအမျိုးမျိုးတို့ဆုတောင်းပဌနာပြုရာဗိမာန်ဟုသမုတ်အံ့သည်နှင့်အညီ၊ ထိုဗိမာန်တော်တွင် ရွှင်လန်းခွင့်ပေးလျက်၊ သူတို့မီးရှို့ရာသက္ကာမှစ၍ ယဇ်အမျိုးမျိုးကို၊ ငါ့ပလ္လင်တော်ပေါ်တွင် လက်ခံလိမ့်မည်။ နှင်ထုတ်ခံရသောဣသရေလအမျိုးသားတို့ကိုစုရုံးသောအခါ၊ စုရုံးပြီးလူမျိုးတော်ပြင်၊ အခြားလူတို့ပါ၊ စုရုံးဦးမည်ဟူ၍၊ ငါအရှင်ထာဝရဘုရားဗျာဒိတ်ရှိသည်ဟုမိန့်တော်မူ၏။
တောပိတ်ပေါင်းရှိသားရဲမှစ၍ သစ်တောသားရဲအပေါင်းတို့၊ မျိုစားရန်ဝင်လာကြလော့။ 10 မြို့စောင့်ရှိသမျှတို့သည် မျက်စိကွယ်၍၊ အသိပညာကင်းကြ၏။ ရှိသမျှတို့သည် အအိပ်ခုံမင်သဖြင့်၊ ဝပ်လျားယောင်ယမ်းလျက်၊ အ၍မဟောင်တတ်သောခွေးများဖြစ်ကြ၏။ 11 အစားကြူး၍ တင်းမတိမ်နိုင်သောခွေးများဖြစ်သည်နှင့် ဉာဏ်ကင်းသောသိုးကျောင်းများပါတကား။ ရှိသမျှသောအသီးအသီးတို့သည်၊ ကိုယ့်ကျိုးကိုရှာ၍၊ ကိုယ့်လမ်းသို့ လွဲသွားကြ၏။ 12 သူတို့က၊ လာကြ၊ စပျစ်ရည်ကိုငါယူခဲ့မည်။ သေရည်သေရက်ကိုသောက်ကြူးကြစို့။ နက်ဖြန်နေ့လည်းယနေ့ကဲ့သို့မနှိုင်းယှဉ်နိုင်သောပွဲနေ့ကြီးဖြစ်လိမ့်မည်ဟုဆိုတတ်ကြ၏။