52
အိုဇိအုန်မြို့၊ နိုးထလော့။ နိုးထ၍သင့်ခွန်အားကိုဆင်ယင်လော့။ သန့်ရှင်းသောအိုယေရုရှလင်မြို့၊ လှီးဖြတ်ခြင်းမင်္ဂလာကိုမခံခဲ့သူ၊ သန့်ရာမရောက်သူတို့သည်၊ သင့်အတွင်းသို့ နောက်တစ်ဖန်ဝင်ခွင့်မရသည်ဖြစ်၍၊ တင့်တယ်သောအဝတ်တန်ဆာကို ဝတ်ဆင်လော့။ အိုယေရုရှလင်မြို့၊ မြေမုန့်ကိုခါ၍တက်ပြီးလျှင် စံနေလော့။ အိုသုံ့ပန်းခံရသောသတို့သမီးဇိအုန်၊ သင့်လည်ကြိုးကိုချွတ်လော့။
ထာဝရဘုရားက၊ အဖိုးမဲ့ရောင်းချခံရသည့်အလျောက်၊ ကိုယ်နေကျေးကင်းလျက် ရွေးနုတ်ခံရလိမ့်မည်ဟုမိန့်တော်မူ၏။ အရှင်ထာဝရဘုရားက၊ လူမျိုးတော်သည်၊ ယမန်အိဂျစ်ပြည်သို့ဝင်နေသူအဖြစ်ရောက်ခဲ့ကြပြီ။ အာရှုရိလူတို့ကလည်း၊ အကြောင်းမဲ့ညှဉ်းပန်းကြသည်ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား၊ လူမျိုးတော်ကို အကြောင်းမဲ့သိမ်းသွား၍၊ အစိုးရသောသူတို့သည် ကြိမ်းဝါးလျက်၊ နာမတော်ကို နေ့စဉ်မပြတ်ဆဲရေးပုတ်ခတ်ကြသည်ကား၊ နေရာတော်မှာ ငါမည်သို့ပြုဘိသနည်း။ သို့ဖြစ်သောကြောင့်၊ လူမျိုးတော်သည် ငါ၏နာမတော်ကိုလည်း‌ေကာင်း၊ ဗျာဒိတ်ပေးသောအရှင်၊ ငါသာလျှင်ဖြစ်ကြောင်းကိုလည်း‌ေကာင်း၊ ထိုကာလသိကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ဝမ်းမြောက်ဖွယ်သတင်းကိုကြော်ငြာရသူ၊ ငြိမ်သက်ခြင်းအကြောင်းကိုကြားပြောရသူ၊ ချမ်းသာခြင်းသတင်းကိုကြော်ငြာရသူ၊ ကယ်တင်ခြင်းအကြောင်းကိုကြားပြောရသူ၊ သင်၏ဘုရားသခင်မင်းပြုတော်မူပြီဟု၊ ဇိအုန်မြို့အားဆင့်ဆိုရသူ၏ ခြေသည်၊ တောင်ပေါ်မှာတင့်တယ်စွတကား။ မြို့စောင့်တို့သည်အသံလွှင့်၍၊ တစ်ပြိုင်တည်းကြွေးကြော်ကြသည်တကား။ ထာဝရဘုရားသည်ဇိအုန်မြို့သို့ပြန်ကြွတော်မူသည်ကို၊ မျက်မှောက်ထင်ထင်ဖူးမြင်ခွင့်ရကြသတည်း။ အချင်းယေရုရှလင်မြို့ဆိုးကုန်းတို့ တစ်ပြိုင်တည်းရွှင်လန်းလျက်ကြွေးကြော်ကြလော့။ ထာဝရဘုရားသည်လူမျိုးတော်ကိုနှစ်သိမ့်စေလျက်၊ ယေရုရှလင်မြို့ကိုရွေးနုတ်တော်မူပြီ။ 10 ထာဝရဘုရားသည် သန့်ရှင်းသောလက်ရုံးတော်ကို လူအမျိုးမျိုးတို့ရှေ့ ဖော်ပြတော်မူပြီးဖြစ်၍၊ မြေကြီးအစွန်းအဖျားရှိသမျှပင်၊ ငါတို့ဘုရားသခင်ကယ်တင်တော်မူ ခြင်းကို ဖူးမြင်ရကြလတ္တံ့။ 11 ထွက်ကြလော့။ ထွက်ကြလော့။ မသန့်ရာကိုမထိဘဲ၊ ဤမှထွက်သွားကြလော့။ ထာဝရဘုရား၏အသုံးအဆောင်တော်များကိုပင့်ဆောင်ရသောသင်တို့၊ စင်ကြယ်သောအဖြစ်နှင့်ထိုမြို့တွင်းမှထွက်သွားကြလော့။ 12 သင်တို့သည်အလန့်တကြားပြေးလျက်မထွက်မသွားရကြ။ ထာဝရဘုရားသည်၊ သင်တို့ရှေ့ကချီကြွ၍၊ ဣသရေလလူမျိုး၏ဘုရားသခင်သည်၊ တပ်မသဖွယ်ဖြစ်တော်မူလိမ့်သတည်း။
13 ကြည့်လော့၊ ငါ့ကျွန်ရင်းသည် ကြံတိုင်းအောင်လျက်၊ မွန်မြတ်ကြီးမြင့်လွန်ကဲလိမ့်မည်။ 14 လူတို့အသွင်၊ လူ့သားတို့အဆင်းမရှိသည့်တိုင်အောင် ရုပ်ပျက်သဖြင့်၊ လူအများတို့အံ့အားသင့်ခဲ့ကြသည့်နည်းတူ၊ 15 များစွာသောလူမျိုးခြားတို့သည် အံ့ဩကြလိမ့်မည်။ ဘုရင်မင်းတို့လည်း၊ မဖော်ပြဘူးသောအရာကိုသိမြင်လျက်၊ မကြားဘူးသောအရာကိုနားလည်ရကြသောကြောင့်၊ ထိုသူ့အတွက်နှုတ်ပိတ်လျက်နေကြလိမ့်မည်။