40
1-2 ငါ့လူမျိုးတို့ကို နှစ်သိမ့်ချမ်းသာခြင်းရစေကြလော့။ လမိုင်းအဖြစ်စေ့ကုန်ပြီ။ ဒုစရိုက်အတွက်ဆပ်ပေးခဲ့ပြီ။ အပြစ်ရှိသမျှအတွက်၊ ငါထာဝရဘုရားလက်တော်မှ၊ နှစ်ဆ ဒဏ်ခံပြီးဖြစ်ကြောင်း၊ ယေရုရှလင်မြို့အားမေတ္တာစကားဖြင့် ကြော်ငြာကြွေးကြော်ကြလော့ဟု၊ သင်တို့ဘုရားသခင်မိန့်တော်မူ၏။
ကြွေးကြော်သူ၏စကားသံကား၊ ထာဝရဘုရားကြွတော်မူရာလမ်းကို၊ သဲတော၌ ရှင်းလင်းကြလော့။ ငါတို့ဘုရားသခင်အဖို့ လမ်းမတော်ကို၊ သဲကန္တာရ၌ ညီညွတ်စေ ကြလော့။ ချိုင့်ရှိသမျှသည် ဖို့ခြင်း၊ တောင်ကုန်းရှိသမျှသည် ဖြိုခြင်းခံလျက်၊ မောက်ရာသည် လွင်ပြင်၊ ကြမ်းရာသည်ကွင်းပြင်ဖြစ်ရသဖြင့်၊ ထာဝရဘုရားမိန့်မြွက်တော်မူသည့် အတိုင်း၊ ထင်ရှားအံ့သောဘုန်းတော်ကို လူအပေါင်းတို့ ဖူးမြင်ရကြလတ္တံ့ဟူ၍တည်း။
ကြွေးကြော်လော့ဟု ဆိုသံရှိပြန်သဖြင့်၊ မည်သို့ကြွေးကြော်ရပါမည်နည်းဟု ငါမေးသော်၊ လူအပေါင်းတို့သည်၊ မြက်သဖွယ်ဖြစ်လျက်၊ ဆိုင်ရာဘုန်းအသရေလည်း၊ မြေပေါက်ပန်းကဲ့သို့ဖြစ်၏။ ထာဝရဘုရားသည် ဝါယောဆော်သွင်းသဖြင့် မြက်ညှိုးလျက်၊ ပန်းနွမ်းလျက်ရှိတတ်၏။ အကယ်စင်စစ်၊ လူသတ္တဝါတို့သည် မြက်သဖွယ်ဖြစ်ကြသတည်း။ မြက်ညှိုးလျက်၊ ပန်းနွမ်းလျက်ရှိတတ်၏။ ငါတို့ဘုရားသခင့်နှုတ်ကပတ်တော်ကား၊ ကမ္ဘာအဆက်ဆက်တည်လတ္တံ့ဟူ၍တည်း။
ဇိအုန်မြို့အားဝမ်းမြောက်ဖွယ်သတင်းကိုကြော်ငြာရသူ၊ မြင့်သောတောင်ပေါ်သို့ တက်လော့။ ယေရုရှလင်မြို့အားကြော်ငြာရသူ၊ အသံပြင်းစွာဟစ်လော့။ သင်တို့ ဘုရားသခင်ရှိပြီတကားဟု၊ ယုဒမြို့ရွာများတွင် ကြောက်ရွံ့ခြင်းကင်းလျက် ဟစ်ခေါ်ဆင့်ဆိုလော့။ 10 အရှင်ထာဝရဘုရားသည် အပါးတော်တွင်ဆုလပ်တော်ကိုလည်း‌ေကာင်း၊ ရှေ့တော်တွင် အကျိုးဆက်တော်ကိုလည်း‌ေကာင်း၊ ဆောင်လျက်၊ တန်ခိုးတော်နှင့်ကြွလာ၍၊ လက်ရုံးတော်ဖြင့် အုပ်စိုးတော်မူရာ၊ 11 သိုးတော်စုကိုသိုးထိန်းသဖွယ်ထိန်းကျောင်း၍၊ သိုးသားငယ်များကိုချီပွေ့သည့်ပြင်၊ နို့ငင်သိုးမများကို ဖြည်းညှင်းစွာ မောင်းနှင်တော်မူလိမ့်တကား။
12 သမုဒ္ဒရာကိုလက်ဆွန်းဖြင့်ခြင်ခြင်း၊ မိုးပြင်ကိုလက်သန်းထွာဖြင့်တိုင်းခြင်း၊ မြေမုန့်ကိုတင်းဖြင့်ခြင်ခြင်းများပြုသည့်ပြင်၊ တောင်များကို ရာဆူနှင့်လည်း‌ေကာင်း၊ ကုန်းများကို ချိန် ခွင်နှင့်လည်း‌ေကာင်း၊ ချိန်စက်သောသူကားမည်သူနည်း။ 13 ထာဝရဘုရား၏ဉာဏ်တော်ကိုတိုင်းတာသူ၊ ကိုယ်တော်အား အသိပညာပေး၍တိုင်ပင်သူကား၊ မည်သူနည်း။ 14 တိုင်ပင်တော်မူဘက်အဖြစ်၊ ကိုယ်တော်အားဉာဏ်ပေး၍၊ တရားလမ်းနှင့်အသိပညာကို သွန်သင်လျက်၊ ဉာဏ်လမ်းကိုညွှန်ပြသူကားမည်သူနည်း။ 15 လူအမျိုးမျိုးကိုရေပုံးမှကျသောအစက်ကဲ့သို့လည်း‌ေကာင်း၊ ရာဆူ၌ ကပ်သောမြူကဲ့သို့လည်း‌ေကာင်း၊ မှတ်၍ ကျွန်းကြီးကျွန်းငယ်များကို အဏုမြူကဲ့သို့မြှောက်လွင့်တော်မူ၏။ 16 လေဗနုန်တောင်ရှိတိရစ္ဆာန်များသည် မီးရှို့ရာသက္ကာအဖို့မလုံလောက်။ တောလည်းထင်းအဖို့မလုံလာက်ချေ။ 17 မျက်မှောက်တော်တွင် လူအမျိုးမျိုးတို့သည် အသေးအနုပ်ဖြစ်သည့်အလျောက် လဟာသက်သက်ကဲ့သို့မှတ်တော်မူ၏။ 18 သို့ဖြစ်လျှင် ဘုရားသခင်ကိုမည်သူနှင့်ပုံပြကြမည်နည်း။ အဘယ်ပုံသဏ္ဌာန်နှင့်နှိုင်းရကြမည်နည်း။ 19 ရုပ်ပွားဆင်းတုကိုကား ပန်းတည်းသွန်းခြင်း၊ ပန်းတိမ်ရွှေမွမ်းမံခြင်း၊ ငွေကြိုးဖွဲ့ခြင်းများဖြင့် ပြုလေ့ရှိ၏။ 20 မပူဇော်နိုင်သောဆင်းရဲသားများမှာမူ ဆွေးမြေ့ခဲသောသစ်တုံးကိုရွေးချယ်ပြီးမှ ရုပ်တုကိုခိုင်ခံ့စွာတည်လုပ်စေခြင်းငှာ ကျွမ်းကျင်သူပန်းပုတစ်ယောက်ကိုရှာတတ်သည် တကား။ 21 သင်တို့မသိကြသလော။ ကြားလည်းမကြားကြသလော။ ရှေးကာလကပင်မထင်ရှားခဲ့သလော။ မြေကြီးတည်သည်ကစ၍နားမလည်ကြသလော။ 22 နှံကောင်သဖွယ်လူတို့ထိုင်ရာမြေပထဝီအထက်၊ မိုးပိတာန်ပေါ်စံနေတော်မူထသော၊ ပိတ်ချောကဲ့သို့ မိုးကောင်းကင်ကိုကြက်၍၊ နေရာတဲရှင်ကဲ့သို့ ဖြန့်တော်မူသော အရှင်ပေတည်း။ 23 ထိုအရှင်ပင် မင်းများကိုအသေးအနုပ်ကဲ့သို့လည်း‌ေကာင်း၊ မြေကြီးပေါ်ရှိတရားမင်းတို့ကို လဟာကဲ့သို့လည်း‌ေကာင်း၊ ဖြစ်စေတော်မူသည့်အလျောက်၊ 24 စိုက်ပျိုးခွင့်၊ ကြဲပက်ခွင့်၊ မြေ၌ အငုတ်အမြစ်စွဲခွင့်မရကြမီပင်၊ ဝါယောတော်ဖြင့်ညှိုးနွမ်းခြင်း၊ ဖွဲကဲ့သို့လေပြင်းတိုက်သွားခြင်းများကို၊ ၎င်းတို့ခံရကြရှာလေစွ။ 25 သို့ဖြစ်လျှင် ငါ့ကိုမည်သူနှင့်ထပ်တူ ပုံပြကြမည်နည်းဟု သန့်ရှင်းသောအရှင်မေးတော်မူ၏။ 26 အထက်သို့မော်ကြည့်ကြလော့။ မြင်ရသမျှကိုဖန်ဆင်းတော်မူသောအရှင်ကား၊ မည်သူနည်း။ ခွန်အားကြီးလျက် တန်ခိုးနှင့်ပြည့်စုံတော်မူသည့်အလျောက်၊ အလုံးအရင်းကို အရေအတွက်အားဖြင့်ထုတ်ဖော်တော်မူ၍၊ တစ်လုံးမျှမမှိန်ရအောင်အသီးအသီးကို အမည်ဖြင့်ခေါ်တော်မူသောအရှင်ပေတည်း။
27 အိုယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ ငါ့သွားလမ်းသည် ထာဝရဘုရားထံကွယ်ဝှက်သည်ဟူ၍ လည်း‌ေကာင်း၊ ငါ့တရားအမှုလည်းငါ့ဘုရားသခင်ထံကွယ်ပပြီဟူ၍လည်း‌ေကာင်း၊ အဘယ့် ကြောင့်ပြောဆိုသနည်း။ 28 သင်မသိသလော။ ကြားလည်းမကြားသလော။ ေယဟောဝါသည်ထာဝရဘုရားသခင်ဖြစ် သည့်အလျောက်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင်ပေတည်း။ ကိုယ်တော်သည် ပင်ပန်းမောဟိုက်ရာ ရောက်တော်မူသည်မဟုတ်။ ဉာဏ်တော်ကိုလည်းစူးစမ်း၍မသိနိုင်ကြ။ 29 ပင်ပန်းသူ့ကိုအားပေး၍ စွမ်းရည်မဲ့သူကိုလည်း ခွန်အားတိုးတက်စေတော်မူ၏။ 30 ပျိုရွယ်သူတို့ပင်ပန်းမောဟိုက်၍ လုလင်တို့လဲကျကြသော်လည်း။ 31 ထာဝရဘုရားကိုစောင့်စားသူတို့ကား၊ အားတိုးသဖြင့်ရွှေလင်းတကဲ့သို့ ပျံတက်ခွင့်၊ မပင်မပန်းလျင်မြန်ခွင့်၊ မမောမဟိုက်သွားလာခွင့်ရကြလိမ့်သတည်း။