36
ဟေဇကိမင်းနန်းစံဆယ့်လေးနှစ်တွင်၊ အာရှုရိဘုရင်သနာခရိပ်မင်းသည်၊ ယုဒပြည်ရှိ ခံတပ်မြို့များကိုချီတက်လုပ်ကြံရာ၊ ယေရုရှလင်မြို့၊ ဟေဇကိမင်းထံသို့ လာခိရှမြို့မှ၊ ရာဗရှာခဘွဲ့ခံဗိုလ်မင်းကို များစွာအလုံးအရင်းနှင့်တကွ၊ ချီတက်စေသည့်အတိုင်း၊ ခဝါသည့်မြေကွက်ရှိလမ်းမအနီး၊ အထက်ရေကန်ပြွန်ဝနားတွင်စွဲရပ်ပြီးလျှင်၊ ဟိလခိသား၊ လက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့် ရှေဗန၊ အာသပ်သား၊ အတွင်းဝန်ယောအာတို့ဆီးကြိုကြသော်၊ ရာဗရှာခက၊ ဟေဇကိမင်းထံသင်တို့ပြန်ကြားရမည့်၊ ဧကရာဇ်မင်းဖြစ်သော အာရှုရိဘုရင်၏အမှာတော်ကား၊ သင်ကိုးစားရာကိုးစားကြောင်းမှာ၊ မည်သို့နည်း။ နှုတ်ထွက်စကားများသည် စစ်တိုက်နိုင်ရန် အကြံနှင့်စွမ်းရည်သတ္တိမှန်သလောဟုငါမေးသည်။ ငါ့ကိုခြားနားသည်မှာ မည်သူ၌ ကိုးစားသနည်း။ ကျိုးပျက်လွယ်သောကျူတုတ်သဖွယ်၊ အိဂျစ်ပြည်ကိုကိုးစားပါသည်တကား။ ထိုကျူတုတ်သည်၊ တံကဲပြုသူတို့၏ လက်ကိုစူးရှတတ်သည့်နည်းတူ၊ ကိုးစားသူတို့အား အိဂျစ်ဘုရင်ဖာရောမင်းပြုလေ့ရှိ၏။ ငါတို့ဘုရားသခင်ထာဝရဘုရားအားကိုးစားကြသည်ဟု ဆိုပြန်မူက၊ ထိုဘုရား၏ မြင့်ရာဌာနနှင့်ပူဇော်ရာပလ္လင်များကို၊ ဟေဇကိမင်းပယ်ရှားပြီးလျှင်၊ ဤပူဇော်ရာပလ္လင်တော်ရှေ့တွင်သာရှိခိုးကြရမည်ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အားအမိန့်ထုတ်ဆင့်ပြီမဟုတ်လော။ သို့ဖြစ်၍ ကျွန်ုပ်သခင်အာရှုရိဘုရင်နှင့်လောင်းကြေးစပ်ပါလော့။ သင်၌မြင်းစီးသူရဲလုံလောက်လျှင်၊ မြင်းနှစ်ထောင်ပေးပါမည်။ အိဂျစ်ပြည်မှစစ်ရထား၊ မြင်းစီးသူရဲများရလိမ့်မည်ဟု ကိုးစားလျက်၊ ကျွန်ုပ်သခင်၏ကျေးကျွန်သင်းပင်းအနက်၊ အနိမ့်ဆုံးမြို့ဝန်ကိုပင် မျက်နှာမပေးဘဲမည်သို့နေဝံ့သနည်း။ 10 ထာဝရဘုရားထံအခွင့်မတော်ရဘဲ ဤပြည်ကိုဖျက်ဆီးရန်ယခုကျွန်ုပ်ချီလာသလော။ ထိုပြည်ကိုချီတက်ဖျက်ဆီးလော့ဟု ကျွန်ုပ်အားထာဝရဘုရားမိန့်ဆိုတော်မူကြောင်း ပြန်ကြားလော့ဟူ၍ဆိုရာ၊ 11 ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က၊ ကျွန်တော်မျိုးတို့နားလည်သောအာရံဘာသာစကားဖြင့် ပြန်ကြားပါလော့၊ မြို့ရိုးပေါ်ရှိလူတို့ရှေ့၊ ယုဒဘာသာစကားမသုံးပါနှင့်ဟု၊ ရာဗရှာခအားလျှောက်ကြသော်၊ 12 ရာဗရှာခက၊ သင်နှင့်သင့်သခင်ကိုသာ၊ ဤသို့ပြောစေရန် ငါ့သခင်စေတော်မူသလော၊ သင်တို့နှင့်တကွ၊ ကိုယ့်ကျင်ကြီးကျင်ငယ်ကိုသောက်စားရသော၊ မြို့ရိုးပေါ်တွင် ထိုင်နေသူတို့ရှိရာသို့ စေတော်မူသည်မဟုတ်လောဟု ဆိုပြီးလျှင်၊ 13 ရပ်လျက်ယုဒဘာသာစကားဖြင့်ကျယ်စွာကြွေးကြော်သည်မှာ၊ ဧကရာဇ်မင်းဖြစ်သောအာရှုရိဘုရင့်အမိန့်တော်ကိုနာခံကြလော့။ 14 အမိန့်တော်ကား လွတ်ရာလွတ်ကြောင်းကိုမတတ်နိုင်သည့်အတွက်၊ ဟေဇကိမင်းလှည့်ဖြားသည်ကိုနားမယောင်ကြနှင့်။ 15 ထာဝရဘုရားသည် ငါတို့ကိုလွတ်မြောက်စေတော်မူမည်။ အာရှုရိဘုရင့်လက်တွင်းသို့ဤမြို့မရောက်ရဟူသော စကားကြောင့်၊ ထာဝရဘုရားကိုမကိုးစားကြနှင့်။ 16-17 ဟေဇကိမင်းစကားကိုနားမထောင်ကြနှင့်။ အာရှုရိဘုရင်မိန့်တော်မူသည်ကား သင်တို့ရှိရာငါလာရောက်၍၊ သင်တို့နေပြည်နှင့်တူသော၊ စပါးဆန်ရေနှင့်လည်း‌ေကာင်း၊ ခဲဖွယ်၊ စပျစ်ခြံများနှင့်လည်း‌ေကာင်း၊ ကြွယ်ဝသောပြည်သို့ငါမပို့မချင်း၊ အသီးအသီးကိုယ့်ဆိုင်ရာစပျစ်သီး၊ သဖန်းသီးများကိုစား၍၊ ကိုယ့်တွင်းရေကိုသောက်ခွင့်ရကြလျက်၊ ငါ့ဘက်သို့သို့ဝင်ပြီး လျှင်၊ မင်္ဂလာဆုကိုခံကြလော့။ 18 ငါတို့ကိုထာဝရဘုရားလွတ်မြောက်စေတော်မူမည်ဟူ၍ ဟေဇကိမင်းသွေးဆောင်သည်ကိုနားမယောင်ကြနှင့်။ လူမျိုးခြားတို့ဘုရားများသည် ကိုယ့်ပြည်ကို အာရှုရိ ဘုရင့်လက်တွင်းမှလွတ်မြောက်စေဖူးသလော။ 19 ဟာမတ်မြို့၊ အာပဒ်မြို့ဘုရားများနှင့် သေဖရဝိန်မြို့ဘုရားများကား အဘယ်မှာနည်း။ ငါ့လက်တွင်းမှ ရှမာရိမြို့ကို၊ ဆိုင်ရာဘုရားလွတ်မြောက်စေဖူးသလော။ 20 ယေရုရှလင်မြို့ကိုငါ့လက်တွင်းမှ ထာဝရဘုရားလွတ်မြောက်နိုင်စေရန်၊ ထိုတိုင်းပြည်များရှင့်ဘုရားတို့အနက် ကိုယ့်ပြည်ကိုမည်သည့်ဘုရား လွတ်မြောက်စေဖူး သနည်းဟု ထုတ်ဆင့်ကြွေးကြော်ရာ၊ 21 ထိုသူတို့သည် မတုံ့မပြန်ကြနှင့်ဟူသော ဘုရင့်အမိန့်တော်ကိုနာခံရသည့်အတိုင်း ခွန်းတုံ့မပြန်၊ ဆိတ်ဆိတ်နေကြ၏။ 22 ဟိလခိသား၊ လက်သုံးတော်ချုပ်ဧလျာကိမ်၊ သံတော်ဆင့်ရှေဗန၊ အာသပ်သား၊ အတွင်းဝန်ယောအာတို့မူကား၊ ကိုယ့်အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံဝင်၍၊ ရာဗရှခ စကားကိုပြန်ကြားတင်လျှောက်ကြ၏။