3
1-3 အသို့ဆိုသော်၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားသခင်သည်၊ ခဲဖွယ်သောက်ဖွယ် အမှီတကဲရှိသမျှမှစ၍၊ စွမ်းရည်ကောင်းသူ၊ စစ်သူရဲ၊ တရားမင်း၊ ပရောဖက်၊ဗေဒင်တတ်၊ လူကြီး၊ ငါးဆယ်အုပ်ဗိုလ်၊ မျက်နှာကြီးသူ၊ အကြံပေးသူ၊ လက်မြောက်သူ၊ မန္တရားတတ်သူတည်းဟူသော အထောက်အပံ့အမှီတကဲတို့ကိုယေရုရှလင်မြို့နှင့် ယုဒပြည်မှနုတ်ပယ် တော်မူပြီးလျှင်၊ သက်ရွယ်ငယ်သူတို့ကို မင်းမြှောက်၍ ထင်တိုင်းအုပ်စိုးကြလိမ့်မည်။ ပြည်သူပြည်သားတို့သည်တစ်ဦးကိုတစ်ဦးအချင်းချင်းညှင်းပန်း၍ လူငယ်ကလူကြီးကိုလည်း‌ေကာင်း၊ လူယုတ်က လူမြတ်ကိုလည်း‌ေကာင်း၊ စော်ကားလိမ့်မည်။ ထိုကာလ၊ လူတစ်ဦးသည် အဘအိမ်တွင်၊ ညီအစ်ကိုချင်းကိုကိုင်ဆွဲလျက်၊ သင်၌အဝတ်ရှိသေးသည်နှင့်၊ ငါတို့အပေါ်တွင်မင်းပြု၍၊ ဤပြည်ပျက်ကိုလက်ခံပါဟုတောင်း ပန်သော်လည်း ငါမပြုစု။ အိမ်တွင်လည်းအစားမဲ့၊ အဝတ်မဲ့ဖြစ်၍ ပြည်သူပြည်သားတို့အပေါ်တွင်ငါ့ကိုမင်းမမြှောက်ရကြဟု၊ အတင်းအမာငြင်းဆိုလိမ့်မည်။ အသို့ဆိုသော် အပြောအဆိုအပြုအမူများသည် ထာဝရဘုရားနှင့်ဆန့်ကျင်ဘက်ပြု၍ ဘုန်းရှိသောစက္ခုတော်ရှေ့၊ ငြင်းပယ်ကြသောကြောင့်၊ ယေရုရှလင်မြို့ပျက်စီး လျက် ယုဒပြည်လည်းပြိုပျက်ခဲ့လေစွ။ ချင်းတို့မျက်နှာကဲကပင် သက်သေထင်ရှား၍ သောဒုံမြို့သူမြို့သားတို့ကဲ့သို့မထိန်မဝှက်၊ အပြစ်ကိုဖော်ပြဝံ့ကြ၏။ ကိုယ်ကိုအသက်အန္တရာယ်ရှာကြသောကြောင့်၊ အသက်၌မင်္ဂလာရှိလေစွတကား။ 10 ကိုယ့်အကျင့်၏အသီးကိုခံစားရမည်ဖြစ်သောကြောင့်၊ မင်္ဂလာရှိသည်ဟု ဖြောင့်မတ်သူ့ကိုရည်၍ဖော်ပြကြလော့။ 11 လူဆိုးမူကား၊ ကိုယ့်လက်မှုအလျောက် ခံစားရမည်ဖြစ်သောကြောင့်၊ ဆိုသောအမင်္ဂလာရှိလေစွ။ 12 ငါ့လူမျိုးမှာမူ အသက်အရွယ်ငယ်သူတို့ညှဉ်းပန်းကြသည့်ပြင်၊ မိန်းမတို့လည်းမင်းမူကြလေပြီ။ အချင်းလူမျိုးတော် လမ်းပြတို့သည် လမ်းလွဲစေလျက်၊ သွားအပ်သော ခရီးလမ်းကိုပင်ဖျောက်ဖျက်ကြလေပြီ။ 13 ထာဝရဘုရားသည်၊ စွဲချက်တင်အံ့သောငှာထ၍ လူအမျိုးမျိုးကို တရားစီရင်ရန်ရပ်တော်မူ၏။ 14 ထာဝရဘုရားသည်၊ လူမျိုးတော်၏မင်းများမှစသော လူကြီးတို့နှင့်တရားဆိုင်တော်မူသည်မှာ စပျစ်ဥယျာဉ်ပါမျိုစားသူကား သင်တို့တည်း။ဆင်းရဲသားတို့ထံမှလုယက် သမျှသည် သင်တို့အိမ်များ၌ရှိ၏။ 15 လူမျိုးတော်ကိုနှိပ်စက်ခြင်း၊ ဆင်းရဲသားတို့မျက်နှာကိုထောင်းထုခြင်းကား အသို့နည်းဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူ၏။
16 တစ်ဖန်ထာဝရဘုရား၏မိန့်တော်မူသည်မှာ၊ ဇိအုန်သတို့သမီးတို့သည် မာနမြင့်၍၊ လည်ကြွလျက်၊ မျက်စိလော်လည်လျက်၊ ခြေချင်းမြည်စေလျက်၊ စိတ်စိတ်လှမ်းသွား တတ်သောကြောင့်၊ 17 ငါအရှင်ထာဝရဘုရားသည်၊ ဇိအုန်သတို့သမီးတို့ကို၊ တစ်ခေါင်းလုံးအမာရွတ်ဖြစ်စေ၍ အဝတ်အချည်းစည်းထားလိမ့်မည်ဟု မိန့်တော်မူ၏။ 18 ထိုကာလ၊ အရှင်ဘုရားသည်၊ 19 ခြေချင်း၊ ထိပ်စည်း၊ လည်ဆွဲ၊ နားဆွဲ၊ လက်ကောက်၊ မျက်နှာဖုံး၊ 20 စည်းပုံ၊ ခြေကြိုး၊ ခါးစည်း၊ နံ့သာဘူး၊ လက်ဖွဲ့၊ 21-22 လက်စွပ်၊ နှာကွင်း၊ ထိုင်မသိမ်းအင်္ကျီ၊ လက်ကျပ်အင်္ကျီ၊ ပဝါ၊ လွယ်အိတ်၊ 23 ကြေးမုံ၊ ပိတ်တဘက်၊ မကိုဋ်၊ ခြုံထည်များ၏တင့်တယ်ခြင်းကို ပယ်ရှားတော်မူလျက်၊ 24 အေမွှးအကြိုင်အစား၊ အနံအစော်၊ ခါးစည်းအစား လျှော်ကြိုး၊ ဆံထုံးအစား၊ ခေါင်းတုံး၊ ကိုယ်ဝတ်အစား၊ လျှော်တေ၊ တင့်တယ်ခြင်းအစား၊ သံပူကပ်ခြင်းဖြစ်လိမ့်မည်။ 25 ယောက်ျားတို့သည် ဓားလက်နက်ဖြင့်လည်း‌ေကာင်း၊ သူရဲတို့လည်း စစ်ပွဲ၌လည်း‌ေကာင်း၊ ကျဆုံးကြသဖြင့်၊ 26 မြို့တံခါးများသည် ငိုကြွေးမြည်တမ်းရာ၊ မြို့လည်းလူဆိတ်ညံ၍၊ မြေပေါ်တွင်ထိုင်ဖွယ်ရာရောက်လတ္တံ့။