22
ရူပါရုံချိုင့်ကိုရည်သောဗျာဒိတ်ချက်ဟူမူကား။ အချင်းမြို့သူမြို့သားအပေါင်းတို့၊ အိမ်မိုးပေါ်သို့တက်ရသည်မှာမည်သို့နည်း။ ကြွေးကြော်ခြင်းနှင့် ပြည့်လျက်၊ အုတ်အုတ်သဲသဲပြုလျက် ရွှင်လန်းသောရွှေမြို့တော်၊ သင်၌သေလတ္တံ့သူတို့သည်၊ ဓားဘေးကြောင့်သေကြမည်မဟုတ်။ စစ်ပွဲတွင်ကျဆုံးမည်မဟုတ်ချေ။ သင်၏စစ်ဗိုလ်အပေါင်းတို့သည်တစ်ပြိုင်နက်ပြေးကြရာ၊ လေးကိုချလျက်ချည်နှောင်ခံရကြလိမ့်မည်။ အဝေးသို့ထွက်ပြေးစဉ်၊ ဖမ်းမိသမျှသူတို့သည်၊ တစ်စုတည်းချုပ်နှောင် ခံရကြလိမ့်မည်။ ထို့ကြောင့်၊ ငါ့ကိုမကြည့်ပါနှင့်။ သည်းစွာငိုပါရစေ။ ငါ့အမျိုးသတို့သမီးတို့ပျက်စီးသည်ကိုထောက်၍ စိတ်ပြေဖွယ်မပြောကြပါနှင့်ဟုဆိုလေ၏။ အသို့ဆိုသော်၊ အုတ်အုတ်သဲသဲပြုခြင်း၊ နင်းနယ်ခြင်း၊ ရှုပ်ထွေးခြင်း၊ မြို့ရိုးကိုဖြိုဖျက်ခြင်း၊ တောင်ထိပ်တိုင်အောင်ဟစ်သံရောက်ခြင်းများဆိုင်ရာနေ့ရက်ကို ရူပါရုံချိုင့်တွင် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်စီရင်တော်မူ၏။ ဧလံမြင်းသည်၊ ရထားသည်တို့သည် မြှားကျည်တောက်ကိုဆောင်လျက်၊ ကိရရဲမက်တို့လည်း ဒိုင်းလွှားကိုထုတ်ပြသည့်ပြင်၊ စစ်ရထားများသည်၊ သင်၏အမြတ်ဆုံးချိုင့်လုံးပြည့်လျက်၊ မြင်းသည်တို့လည်း၊ မြို့တံခါးရင်ဆိုင်တပ်စွဲကြလိမ့်မည်။ ယုဒပြည်အကွယ်အကာကိုဖွင့်လှစ်သည့်နေ့၌၊ လေဗနုန်တောခေါ်နန်းတော်ရှိလက်နက်စုံကိုရှုကြည့်ခြင်း၊ ဒါဝိဒ်မြို့ရိုးအပေါက်များသည်ကို သိမှတ်ခြင်း၊ အောက်ကန်ရေကိုဆည်တင်ခြင်း၊ 10 မြို့ရိုးခိုင်ခံ့စေရန် ယေရုရှလင်တိုက်များကိုစာရင်းကောက်လျက် ဖြိုဖျက်ခြင်း၊ 11 ကန်ဟောင်းရေအဖို့ မြို့ရိုးနှစ်ထပ်ကြားတွင်၊ ကန်တူးဖော်ခြင်းများကိုသာပြုလျက်၊ စီရင်တော်မူသောအရှင်ကိုမမြော်၊ ရှေးကာလက ပြဋ္ဌာန်းတော်မူသော အရှင်ကို မထောက်ကြချေ။ 12 ထိုကာလ၊ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပယ်ခြင်း၊ လျှော်တေဝတ်ခြင်းများကို၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်အလိုတော်ရှိတော်မူသော်လည်း၊ 13 သင်တို့က၊ နက်ဖြန်သေရမည်ဖြစ်၍၊ စားသောက်လျက် နေကြကုန်အံ့ဟု ဆိုကြသည်နှင့်အညီ၊ ဝမ်းမြောက်ရွှင်လန်းခြင်း၊ သိုးနွားကိုစီရင်၍ အသားနှင့်စပျစ်ရည်စားသောက်ခြင်းများကိုပြုကျင့်ကြပြီတကား။ 14 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ငါ့နားတွင်အထင်အရှားဖော်ပြတော်မူသည်မှာ၊ ဤဒုစရိုက်အတွက်သင်တို့မသေမချင်း၊ ဖြေရှင်းခွင့်မုချရမည်မဟုတ်ဟုဗိုလ်ခြေ တို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူ၏။
15 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူပြန်သည်ကား။ လက်သုံးတော်ချုပ် ရှေဗနထံသွား၍ ဆင့်ဆိုရမည်မှာ၊ 16 မြင့်မြတ်သောအရပ်တွင် သင်္ချၖိုင်းကိုထွင်း၍၊ ကျောက်တောင်အတွင်းသိပ်ထားရာကို ဆစ်သောသင်သည်၊ ဤပြည်၌မည်သည့်အရာ၊ မည်သူ့ကိုပိုင်ဆိုင်၍၊ ဤတွင် ထွင်းဆစ်ဝံ့သနည်း။ 17 အိုစွမ်းအားကြီးသူ၊ ထာဝရဘုရားသည် သင့်ကိုပြင်းစွာထုတ်ပစ်တော်မူလိမ့်မည်။ မုချဖမ်းဆီးကိုင်ငင်ပြီးလျှင်။ 18 ဗလီလုံးကဲ့သို့ကျယ်ဝန်းသောပြည်တိုင်အောင်၊ တလိမ့်လိမ့်လှိမ့်တော်မူမည်။ ကိုယ့်သခင်ဆွေတော်၊ မျိုးတော်ကို အရှက်ခွဲသောသင်သည်၊ ထိုအရပ်၌ပင် အသရေဆောင်ရထားများပါလျက်၊ သေရလိမ့်မည်။ 19 ငါသည် သင့်ရာထူးကိုနုတ်လျက်၊ နေရာမှချမည့်ကာလ၌၊ 20 ဟိလခိသားငါ့ကျွန်ဧလျာကိမ်ကိုခေါ်၍၊ သင့်၀တ်လုံနှင့်ဆင်ေစလျက်၊ 21 သင့်ခါးစည်းဖြင့်ပတ်ပြီးလျှင်၊ အစိုးရသောအခွင့်ကို သူ့လက်သို့လွှဲအပ်သဖြင့်၊ ထိုသူသည် ယေရုရှလင်မြို့သူမြို့သားမှစ၍ ယုဒအမျိုးသားတို့အပေါ်တွင် အဘအဖြစ် သို့ရောက်လတ္တံ့။ 22 ဒါဝိဒ်၏ နန်းစဉ်သော့ကိုလည်း၊ သူ့ပခုံးတွင်ငါတင်သဖြင့် မည်သူမျှမပိတ်နိုင်အောင်ဖွင့်ထားခွင့်၊ မဖွင့်နိုင်အောင် ပိတ်ထားခွင့်ရှိလိမ့်မည်။ 23 ခိုင်ခံ့သောနေရာ၌ ကြက်ဆူးသဖွယ် ငါစိုက်သွင်းရာ၊ အဘ၏အိမ်၌ အသရေဆောင်ပလ္လင်သဖွယ်ဖြစ်သည့်ပြင်၊ 24 အင်တုံမှစ၍ အိုး၊ အသေးအဖွဲ၊ အသုံးအဆောင်တည်းဟူသော၊ အမျိုးအနွယ်၊ ဆွေမျိုးသားချင်းအပေါင်းတို့ကို၊ သူ့အပေါ်တွင်ဆွဲတင်ကြလိမ့်မည်။ 25 ထိုကာလ ငါထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ခိုင်ခံ့သောနေရာ၌ စိုက်သွင်းပြီး ကြက်ဆူးသည်၊ ဖြတ်ခြင်းကိုခံ၍ လျောကျသဖြင့်၊ ဆွဲထားသောဝန်လည်းပြုတ် ကျလိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်တော်မူချက်ကိုဆင့်ဆိုရန် မိန့်တော်မူသတည်း။