21
သမုဒ္ဒရာတစ်ေလျှာက်ရှိသဲကန္တာရကိုရည်သောဗျာဒိတ်ချက်ဟူမူကား။ တောင်မျက်နှာမှ လေမုန်တိုင်း ဆင်တိုက်သကဲ့သို့၊ ကြောက်မက်ဖွယ်အရပ်သဲတောကြီးမှ ချီလာ သည်တကား။ ကြမ်းကြုတ်သောရူပါရုံကို ငါမြင်ရသည်မှာ၊ တရားပျက်သူတို့သည် တရားဖျက်လေပြီ။ ဖျက်ဆီးတတ်သူတို့သည် ဖျက်ဆီးလေပြီ။ ဧလံပြည်သားတို့ ချီတက်ကြလော့။ မေဒိပြည်သားတို့ ဝိုင်းရံကြလော့။ ထိုပြည်ကြောင့်ညည်းတွားခြင်းရှိသမျှကိုငါငြိမ်းစေမည်။ ထို့ကြောင့် ငါသည် ပြင်းစွာ ခါးအောင့်၍ မီးဖွားသောမိန်းမကဲ့သို့ ဒုက္ခဝေဒနာကိုခံစားရသည့်ပြင်၊ မကြားနိုင်အောင်လိမ်တွန့်ခြင်း၊ မမြင်နိုင်အောင်တုန်လှုပ်ခြင်းများကို ခံရ၏။ ငါ့စိတ်နှလုံးနောက်လျက်၊ ကြောက်မက်ဖွယ်ဘေးကြောင့် ငါလန့်လျက်၊ ငါမြတ်နိုးသောညဉ့်ချမ်းအချိန်ပင်ထိတ်လန့်ဖွယ်ဖြစ်လေပြီ။ သူတို့သည် စားပွဲပြင်ခြင်း၊ ကော်ဇောခင်းခြင်း၊ စားပွဲထိုင်ခြင်းများကိုပြုကြသည်တကား။ အိုဗိုလ်မင်းတို့၊ နိုးထ၍ဒိုင်းလွှားများကိုဆီလူးကြလော့။ 6-7 အသို့ဆိုသော် အရှင်ဘုရားက၊ သွား၍ကင်းထားလော့။ သူသည်နှစ်စီးစီချီလာသောမြင်းတပ်၊ မြည်းတပ်၊ ကုလားအုပ်တပ်များကိုမြင်လျှင်၊ သေချာစွာနားထောင်၍သိမြင် သမျှကိုကြားပြောစေလော့ဟု ငါ့အားမိန့်တော်မူ၏။ ကင်းစောင့်က၊ အရှင်ဘုရား၊ ကျွန်တော်သည် ရဲတိုက်ပေါ်တွင် နေ့အခါနေထိုင်လျက်၊ ညဉ့်တိုင်းလည်းစောင့်လျက်ရပ်နေပါ၏။ ယခုမှာ ရဲမြင်းတစ်တပ်၊ နှစ်စီးစီချီလာသည်တကားဟု၊ ခြင်္သေ့သံကဲ့သို့ကြွေးကြော်၏။ တစ်ဖန်သူက၊ ဗာဗုလုန်မြို့ပြိုပြီ၊ ပြိုပြီ။ ဆိုင်ရာဘုရားရုပ်ရှိသမျှကို မြေတိုင်အောင်ဖျက်လှဲလေပြီဟုကြားပြော၏။ 10 အိုတလင်းရှိစပါး၊ နင်းနယ်ခံရသူငါ့လူမျိုးချင်းတို့၊ ဣသရေလလူမျိုး၏ဘုရားသခင်ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံမှ ကြားရသမျှကို၊ သင်တို့အားငါပြန်ကြားလေပြီ။
11 ဒုမာပြည်ကိုရည်သော ဗျာဒိတ်ချက်ဟူမူကား၊ အိုမြို့စောင့်၊ ညဉ့်အချိန်မည်မျှနည်း။ အိုမြို့စောင့်၊ ညဉ့်အချိန်မည်သို့နည်းဟု၊ စိရတောင်ပေါ်မှဟစ်သံသည် ငါ့ထံသို့ ရောက်လာရာ၊ 12 မြို့စောင့်က၊ နံနက်ရောက်လိမ့်မည်။ ညဉ့်လည်းရောက်ဦးမည်။ မေးမြန်းလိုလျှင်၊ ပြန်လာ၍ မေးမြန်းကြဦးဟု ဆိုလေ၏။
13 သဲကန္တာရကိုရည်သောဗျာဒိတ်ချက်ဟူမူကား၊ အိုခရီးသည် ဒေဒန်လူစုတို့၊ သင်တို့သည် ကန္တာရသဲတော၌ပင် တည်းခိုရကြလိမ့်မည်။ 14 အိုတေမပြည်သားတို့၊ ရေငတ်သူတို့အားရေနှင့်လည်း‌ေကာင်း၊ ပြေးသူတို့အားခဲဖွယ်နှင့်လည်း‌ေကာင်း၊ ကြိုဆိုကြလော့။ 15 သူတို့သည် ဓားဘေးမှစ၍ အိမ်လွတ်ဓား၊ တင်သောလေး၊ ပြင်းထန်သောစစ်ရေးများကြောင့်ရှောင်ပြေးကြ၏။ 16 ငါ့အားအရှင်ဘုရားက၊ သူရင်းငှားတို့၏နှစ်တာအလျောက်တစ်နှစ်အတွင်းတွင်၊ ဣသရေလူမျိုး၏ဘုရားသခင်ငါထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊ ကေဒါလူမျိုးတို့ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊ 17 ချင်းတို့အမျိုးသားသူရဲတည်းဟူသော လေးသမားအကြွင်းအကျန်တို့သည် နည်းပါးကြလိမ့်မည်ဟု၊ ဗျာဒိတ်ပေးတော်မူ၏။