12
ထိုကာလ၊ သင်တို့မြွက်ဆိုရမည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုအမျက်တော်ထားတော်မူသော်လည်း၊ ပြေငြိမ်း၍နှစ်သိမ့်စေတော်မူသောကြောင့်၊ ကျေးဇူးတော် ကိုချီးမွမ်းပါမည်။ ဘုရားသခင်သည်၊ ငါ၏ကယ်တင်ရာကယ်တင်ကြောင်းပေတည်း။ ယေဟောဝါ ထာဝရဘုရားသည်၊ ငါ၏စွမ်းအား၊ ငါကျူးဧဖွဲ့ဆိုရာ၊ ငါ့ကိုကယ်တင်ရာအကြောင်း ဖြစ်စေတော်မူသဖြင့်၊ ကြောက်ရွံ့ခြင်းကင်း၍ကိုးစားပါမည်ဟုမြွက်ဆိုလျက်၊ ကယ်တင်ရာစမ်းရေတွင်းမှ၊ ရွှင်လန်းစွာခပ်ယူရကြလိမ့်မည်။ ထိုကာလ သင်တို့က၊ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ နာမတော်ကိုပဌနာပြုကြလော့။ အမှုတော်များကို လူအမျိုးမျိုးတို့သိစေကြလော့။ နာမတော်မြင့်မြတ်ကြောင်းကို ဖော်ပြကြလော့။ ထာဝရဘုရားသည် တန်ခိုးပြ၍ စီရင်တော်မူသောကြောင့်၊ ကိုယ်တော့်အားသီချင်းဖွဲ့ဆိုလျက်၊ ပြည်တိုင်းနှံ့သိစေကြလော့။ အိုဇိအုန်မြို့သူတို့၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်သည်၊ သင်တို့အလယ်တွင်ကြီးမြတ်တော်မူသည်ကို ထောက်၍၊ ကျူးဧဟစ်ကြော်ကြလော့ဟုမြွက်ဆိုကြရမည်။